အခန်း (၅) - လက်ညှိုးတစ်ချက်ဖြင့် သူတော်စင်ဘုရင်ကို နှိမ်နင်းခြင်း၊ စောင့်ရှောက်သူ၏ တုန်လှုပ်မှု
"ချူမိသားစုရဲ့ နတ်ဘုရားသားတော်... ငါ့တပည့်ကို အခုချက်ချင်း လွှတ်စမ်း"
မျှော်လင့်ထားသည့်အတိုင်းပင် ရောက်ရှိလာသည်နှင့် တပြိုင်နက် လင်ရွှီဘိုးဘေးကြီးသည် အဆုံးစွန်ထိ ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။
သူ၏ အေးစက်လှသော နှာခေါင်းရှုံ့သံမှာ မိုးခြိမ်းသံအလား ပေါက်ကွဲထွက်သွားပြီး တစ်ခဏချင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး၌ လျှပ်စီးများ လက်သွားကာ အဆုံးမရှိသော တိမ်တိုက်မည်းကြီးများမှာလည်း ထိုအသံကြောင့်ပင် လိပ်တက်သွားတော့သည်။
သူသည် သန့်စင်နယ်မြေ၏ လျှို့ဝှက်နယ်မြေအတွင်း၌ ကျင့်ကြံနေခြင်းဖြစ်ပြီး ယနေ့တွင်မှ သူ၏တပည့်ဖြစ်သူ မုန့်ဟန်၏ အကူအညီတောင်းသံကြောင့် နိုးထလာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ ထွက်လာချိန်တွင် မြင်တွေ့လိုက်ရသည်မှာ သွေးချောင်းစီးနေသည့် မြင်ကွင်းပင် ဖြစ်သည်။
သူတော်စင်အဆင့်ရှိသော ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များအားလုံးနီးပါး သေဆုံးကုန်ကြပြီ လက်ရှိ လင်ရွှီနယ် မြေသခင်နှင့် သူ၏သမီးဖြစ်သူတို့လည်း ကျဆုံးကုန်ကြပြီ။
ကျယ်ပြောလှသော သန့်စင်ရာနယ်မြေ ခန်းမဆောင်ကြီးအတွင်းဝယ် သူ၏တပည့် မုန့်ဟန်မှလွဲ၍ အသက်ရှင်ကျန်ရစ်သူဟူ၍ တစ်ယောက်မျှ မရှိတော့ပေ။
ဤအမှု၏ တရားခံမှာမူ...
ဘိုးဘေးကြီး၏ အကြည့်မှာ ချောက်ကမ္ဘာကြီးအလား နက်ရှိုင်းလှပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လျက် ချူယွမ်ကို အကြည့်ဖြင့် ပိတ်ဆို့ကာ ဖိအားပေးလိုက်တော့သည်။
သူသည် သူတော်စင်ဘုရင် တစ်ပါးပင် ဖြစ်သည်။
ကွာစီ ဧကရာဇ် အဆင့်၏ အောက်တွင် အမြင့်ဆုံးသော အဆင့်၌ ရှိနေသူဖြစ်ပြီး ဧကရာဇ်နယ်ပယ်အတွင်းသို့ ခြေလှမ်းဝက်မျှ လှမ်းရန်သာ လိုတော့ကာ 'မသေမျိုးဧကရာဇ်ခန္ဓာ' ကိုပင် စုစည်းနိုင်တော့မည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးမှာ... ချူမိသားစုကို အနည်းငယ်မျှ ကြောက်ရွံ့မှု ရှိသော်လည်း …
ချူမိသားစု၏ မျိုးဆက်သစ်လူငယ်လေးတစ်ဦးကို ရင်ဆိုင်ရာတွင်မူ သူသည် လက်ရှိ ချူမိသားစု ၏ နတ်ဘုရားသားတော် ဖြစ်နေပါစေဦးတော့ ဘိုးဘေးကြီး ကုချန်အနေဖြင့် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။
သူ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ ချူယွမ်ကို တိတ်တဆိတ် စောင့်ရှောက်ပေးနေသော လျှို့ဝှက်စောင့်ရှောက်သူသာ ဖြစ်သည်။
သတင်းများအရ ထိုစောင့်ရှောက်သူ၏ ကျင့်စဉ်မှာ သူနှင့် အဆင့်တူ သို့မဟုတ် သူ့ထက်ပင် မြင့်မားနိုင်သည်ဟု ဆိုကြသည်။
"ဆရာကြီး..."
လင်ရွှီဘိုးဘေးကြီး တိုက်ခိုက်တော့မည်ကို မြင်သောအခါ မုန့်ဟန်မှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး အလောတကြီး ပြောလိုက်သည်။
"ဆရာကြီး…ဒီချူယွမ်က ကျွန်တော်တို့ရဲ့ အရှင်သခင်ကို သတ်ခဲ့ရုံတင်မကဘဲ သန့်စင်နယ်မြေရဲ့ ထိပ်တန်းလူကြီးတွေကိုပါ သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့တာပါ”
“သူ့ရဲ့ နှလုံးသားက မိစ္ဆာတွေ ဝါးမြိုတာ ခံလိုက်ရပြီး စစ်မှန်တဲ့ မိစ္ဆာ ဖြစ်နေပြီလို့ ကျွန်တော်မျိုး သံသယရှိပါတယ်….ဒါကြောင့် ဆရာကြီးအနေနဲ့ သတ်ဖြတ်ပေးဖို့ တောင်းပန်ပါတယ်"
"ဒီနေ့ ချူယွမ် လုပ်ခဲ့တဲ့ အပြုအမူတွေဟာ ထိုက်ချန်းလောကရဲ့ တရားမျှတမှုအတွက် လက်ခံနိုင်စရာ မရှိပါဘူး… ဆရာကြီးအနေနဲ့ သူ့ကို ဒီနေရာမှာတင် ကွပ်မျက်လိုက်ရင်တောင် ချူမိသားစုက ဘာမှ ပြောရဲမှာ မဟုတ်ပါဘူး"
မုန့်ဟန်က တတွတ်တွတ် ပြောဆိုကာ ချူယွမ်၏ ခေါင်းပေါ်သို့ 'မိစ္ဆာ' ဟူသော အမည်ဆိုးကို တပ်လိုက်တော့သည်။
သူသည် ဘိုးဘေးကြီးအား ချူမိသားစုအပေါ် စိုးရိမ်မှုများကို ဘေးဖယ်ထားစေပြီး ဤ 'မိစ္ဆာ’ ကို သတ်ဖြတ်ရန် တိုက်တွန်းနေခြင်းပင်။
မထင်မှတ်ထားသည်မှာ ထိုစကားများကို ကြားပြီးနောက် ဘိုးဘေးကြီးသည် ဟင်းလင်းပြင်ကြီး၏ တစ်နေရာသို့ သတိကြီးစွာ ကြည့်လိုက်ပြီး လက်နှစ်ဖက်ကို စုကာ ပြောလိုက်သည်။
"ချူမိသားစုရဲ့ စောင့်ရှောက်သူ… မင်းတို့ရဲ့ နတ်ဘုရားသားတော်ဟာ ဒီနေ့ ငါ့ရဲ့ လင်ရွှီသန့်စင်ရာနယ်မြေမှာ မောက်မာစွာနဲ့ အစွမ်းထက်သူ များစွာကို သတ်ဖြတ်ခဲ့တယ်… ဒီနေ့ မင်းအနေနဲ့ ရှေ့ကို ထွက်လာပြီး ငါ့ကို ရှင်းလင်းချက်တစ်ခု ပေးဖို့ မလိုဘူးလား"
"ဒါမှမဟုတ်ရင်... ဒီချူယွမ်ဟာ မင်းတို့မိသားစုရဲ့ နတ်ဘုရားသားတော် ဖြစ်နေရင်တောင်.. သူ့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာဝိညာဉ်ကို မဖျက်ဆီးမချင်း သူ့ကို ငါ ဒီမှာပဲ ဖမ်းထားရလိမ့်မယ်"
ဤအချိန်တွင် ဘိုးဘေးကြီး၏ အသံမှာ ပိုမိုအေးစက်လာသည်။
အဘယ်ကြောင့်ဆိုသော် သူ စကားပြောပြီးသော်လည်း ဟင်းလင်းပြင်ကြီးအတွင်းမှ မည်သည့် အသံမျှ ထွက်မလာသောကြောင့် ဖြစ်သည်။
ထိုလျှို့ဝှက်စောင့်ရှောက်သူမှာ သူ၏ မေးခွန်းကို အနည်းငယ်မျှ အလေးမထားသကဲ့သို့ မျက်နှာပင် ပြမလာခဲ့ပေ။
"မင်းက တိတ်ဆိတ်နေတယ်ဆိုတော့... ချူယွမ်ကို ငါ ဖမ်းထားတာကို သဘောတူတယ်လို့ ယူဆလိုက်မယ်နော်"
အတန်ကြာပြီးနောက် ဘိုးဘေးကြီးက ထပ်မံပြောဆိုလိုက်သည်။
သို့သော် သူ၏ စကားမဆုံးမီမှာပင် ချူယွမ်က အေးစက်စွာ ရယ်မောလျက် ပြောလိုက်သည်။
"မင်းက အကြီးအကဲ လေဝူကို ရှာနေတာလား။ စိတ်မကောင်းပါဘူး ငါ့ရဲ့ အမိန့်မရှိဘဲ အကြီးအကဲ လေဝူကတော့ ပေါ်လာမှာမဟုတ်ဘူး…ဒါမှမဟုတ် ရန်သူဟာ ငါ့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာမှပဲ ပေါ်လာလိမ့်မယ်"
"အခုတော့... မင်းလို လင်ရွှီ ရဲ့ ဘိုးဘေးကြီး တစ်ယောက်တည်းနဲ့ကတော့... ဟက်..."
ထိုသို့ပြောရင်း ချူယွမ်သည် ကောင်းကင်ယံရှိ ဘိုးဘေးကြီးကို ကြည့်ကာ ခေါင်းကို ခါယမ်းလျက် မထီမဲ့မြင် ပြုလိုက်ကာ…
မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ သူ၏ စောင့်ရှောက်သူ 'လေဝူ' မှာ ကွာစီ ဧကရာဇ် အဆင့်၏ နှောင်းပိုင်းတွင် ရှိနေသော ကြောက်မက်ဖွယ် အစွမ်းထက် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
အတိတ်ကာလက သူသည် ထိုက်ချန်းလောကတွင် 'ဒေါသလျှပ်စီးဧကရာဇ်' အဖြစ် ကျော်ကြားခဲ့သူ ဖြစ်သည်။
သူ၏ အမြင့်ဆုံးသော စွမ်းဆောင်မှုမှာ စစ်မှန်သော ဧကရာဇ်ကြီး တစ်ပါးတိုက်ခိုက်မှုက်ို ငါးချက်တိုင်အောင် ခံနိုင်ခဲ့ပြီး လွတ်မြောက်ခဲ့ခြင်းပင် ဖြစ်သည်။
သူ၏ အမည်မှာ ထိုက်ချန်းလောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
နောက်ပိုင်းတွင် ထိုဒေါသလျှပ်စီးဧကရာဇ်သည် ချူမိသားစု၏ လက်အောက်သို့ ဝင်ရောက်ခဲ့ပြီး နှစ်ပေါင်းသောင်းချီ၍ အမှုထမ်းခဲ့သည်။
ယနေ့တွင်မူ ချူယွမ်၏ လျှို့ဝှက်စောင့်ရှောက်သူ ဖြစ်လာခဲ့ခြင်းပင်။
အကယ်၍ ထိုဒေါသလျှပ်စီးဧကရာဇ်သာ ရှေ့သို့ ထွက်လာမည်ဆိုပါက လင်ရွှီသန့်စင်ရာနယ်မြေ ပျက်စီးမည့်အရှိန်မှာ ပို၍ပင် မြန်ဆန်သွားပေလိမ့်မည်။
ချူမိသားစုက ကမ္ဘာကို ပြသထားသော အစွမ်းမှာ ရေခဲတောင်၏ အဖျားပိုင်းမျှသာ ရှိသေးသည်။
ထို့ကြောင့် ဤလင်ရွှီဘိုးဘေးကြီးက သူ့ကို ဖမ်းထားမည်ဟု ပြောရဲသည့် သတ္တိမှာ မည်သည့်နေရာမှ ရလာသနည်းဆိုသည်ကို ချူယွမ် တကယ်ပင် မသိတော့ပေ။
သူတော်စင်ဘုရင် အဆင့်မျှနှင့်လား ၎င်းမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပြက်လုံးပင် ဖြစ်သည်။
ချူယွမ် မထီမဲ့ မြင်နှင့်…
“ခင်ဗျားက အဆင့်မမီသေးဘူး”
ဟမ့်….
"မင်းလို လူငယ်လေးက တကယ့်ကို သတ္တိရှိတာပဲ"
ဘိုးဘေးကြီး၏ မျက်နှာမှာ ထိုစကားကြောင့် ပျက်ယွင်းသွားပြီး သူ၏ ခန္ဓာကိုယ်မှ အတိုင်းအဆမရှိသော နတ်ဘုရားအလင်းတန်းများ ပန်းထွက်လာတော့သည်။
"ဝုန်း"
ထိုခဏ၌ သူ၏ နောက်ကွယ်ရှိ လောကကြီးမှာ စတင် လည်ပတ်လာသကဲ့သို့ ဖြစ်လာကာ အားကောင်းလှသော လောကအင်အားစုများ ကျဆင်းလာတော့သည်။
"မင်းနောက်ကွယ်က ချူမိသားစုကို ငါ လေးစားပေမဲ့... မင်းက ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ဆင်းချင်နေမှတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့"
ဘိုးဘေးကြီးက အေးစက်စွာ ပြောလိုက်ပြီး သူ၏ အသံမှာ ကောင်းကင်ဘုံ ကိုးထပ်မှ မိုးခြိမ်းသံများအလား ဟိန်းထွက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး၌ နတ်ဘုရားအလင်းများ ပွင့်ထွက်လာကာ အရပ်မျက်နှာအနှံ့သို့ မုန်တိုင်းအလား တိုက်ခတ်သွားတော့သည်။
မိုင်ပေါင်းသောင်းချီသော ပတ်ဝန်းကျင်အတွင်းရှိ သစ်ပင်ပန်းမန်အားလုံးမှာလည်း ကျိုးပျက်ကုန်ကြသည်။
"ဂျိမ်း"
ကောင်းကင်ယံအထက်တွင် နေမင်းကိုပင် ကွယ်နိုင်လောက်သော ကြီးမားလှသော တံဆိပ်တုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုတံဆိပ်တုံးကြီးအတွင်း၌ နိယာမတရားများမှာ ရောယှက်နေပြီး မရေမတွက်နိုင်သော နတ်ဘုရားအံ့ဖွယ်များကို ဖော်ဆောင်နေတော့သည်။
"ဒါ... ဒါက လင်ရွှီကောင်းကင်တံဆိပ်လား"
သန့်စင်ရာနယ်မြေ၏ အတွင်းစည်းတပည့်တစ်ဦးမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော တံဆိပ်တုံးကြီးကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ကွာစီ ဧကရာဇ် အဆင့်ရှိသော အတတ်ပညာ၊ လင်ရွှီကောင်းကင်တံဆိပ်… ၎င်းမှာ လင်ရွှီသန့်စင်ရာနယ်မြေ၏ အဓိက ကာကွယ်ရေး အတတ်ပညာများထဲမှ တစ်ခု ဖြစ်သည်။
၎င်း၏ အထွတ်အထိပ် အစွမ်းကို ထုတ်ဖော်လိုက်ပါက ကောင်းကင်ယံပြင်ပရှိ ကြယ်များကိုပင် ချေမှုန်းနိုင်ကာ မိုင်ပေါင်းသန်းချီသော တောင်တန်းများကို ဖျက်ဆီးပစ်နိုင်သည်။
"ဘိုးဘေးကြီး တကယ် ဒေါသထွက်နေပြီ ဒါပေမဲ့ ချူမိသားစုရဲ့ နတ်ဘုရားသားတော်သာ ဒီတိုက်ကွက်အောက်မှာ သေသွားရင် ငါတို့ သန့်စင်နယ်မြေက ဘယ်လိုလုပ်မလဲ"
အကြီးအကဲတစ်ဦးမှာ မျက်ခုံးများ လှုပ်ခတ်သွားကာ စိုးရိမ်လာတော့သည်။
ဤကဲ့သို့သော အတတ်ပညာ ထွက်ပေါ်လာပါက သာမန် သူတော်စင်ဘုရင်များပင် ရင်မဆိုင်နိုင်ဘဲ ကွာစီ ဧကရာဇ် များပင် ဝေးဝေးက ရှောင်ရပေမည်။
ချူယွမ်ကဲ့သို့ လူငယ်လေးအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။
အကယ်၍ သူ၏ နောက်ကွယ်မှ စောင့်ရှောက်သူသာ ရှေ့သို့ ထွက်မလာပါက သူသည် သေချာပေါက် အဆုံးစီရင်ခံရပေလိမ့်မည်။
ထိုခဏ၌ သန့်စင်ရာနယ်မြေရှိ လူများမှာ ဝမ်းသာတစ်လှည့်၊ စိုးရိမ်တစ်လှည့် ဖြစ်နေကြသည်။
"ဝုန်း"
ထိုကြီးမားလှသော ကောင်းကင်တံဆိပ်တုံးကြီးပေါ်တွင် ဟင်းလင်းပြင် မြူခိုးများမှာ အဆုံးမရှိ စီးဆင်းနေပြီး ရှေးဟောင်း မန္တန်စာလုံးများမှာလည်း တောက်ပနေတော့သည်။
မန္တန်စာလုံး တိုင်းတွင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေ၏။
ဘိုးဘေးကြီးသည် ထိုတံဆိပ်တုံးကြီးကို ချူယွမ်ဆီသို့ တိုက်ရိုက် ဖိနှိပ်ချလိုက်တော့သည်။
"ချူယွမ်…ကောင်လေး ငါ့ရဲ့ လင်ရွှီကောင်းကင်တံဆိပ်အောက်မှာ ဘယ်သူမှ အသက်ရှင်လျက် မလွတ်မြောက်ဖူးဘူး"
"ဒီအတွက်ကြောင့် ငါ့ရဲ့ လင်ရွှီသန့်စင်နယ်မြေ ပျက်စီးသွားမယ်ဆိုရင်တောင်... ဒီနေ့ မင်းကို ဒီမှာပဲ မြေမြှုပ်ပစ်မယ်"
ဘိုးဘေးကြီး၏ စကားလုံးများမှာ ချောက်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာမှ လာသကဲ့သို့ အေးစက်လှသည်။
သူသည် ချူယွမ်ကို သတ်ရန် ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားခဲ့ပြီ ဖြစ်သည်။
ချူမိသားစုက နောက်ပိုင်းတွင် လက်စားခြေပါက သူသည် သန့်စင်နယ်မြေကို ဖျက်သိမ်းကာ ချူမိသားစု၏ လက်တုံ့ပြန်မှုမှ ထွက်ပြေးရန် စီစဉ်ထားပြီး ဖြစ်သည်။
"ဟက်..."
ဘိုးဘေးကြီး၏ စကားအဆုံးတွင် ချူယွမ်၏ နှုတ်ခမ်းထောင့်၌ အထင်သေးသည့် အပြုံးတစ်ခု ပေါ်လာသည်။
"ခင်ဗျား တစ်ယောက်တည်းနဲ့လား"
သူ၏ စကားအဆုံးတွင် ချူယွမ်သည် သူ၏ လက်ညှိုးကို အဝေးသို့ ညွှန်ပြကာ ဖိနှိပ်ချလိုက်တော့သည်။
"ဝုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင် စိတ်ကူးထက် ကျော်လွန်သော ကမ္ဘာတုန်ဟိန်းစေမည့် အစွမ်းကြီးတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသော 'လင်ရွှီကောင်းကင်တံဆိပ်' မှာ ချက်ချင်းပင် နှိမ်နင်းခြင်း ခံလိုက်ရပြီး အမှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။
"ဝေါ့"
ဘိုးဘေးကြီး ကိုယ်တိုင်လည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်ချခြင်း ခံလိုက်ရသည်။
သူသည် အလွန် သနားစရာကောင်းသော အခြေအနေနှင့် မြေကြီးထဲသို့ ကျရောက်သွားပြီး သွေးများစွာကို အန်ထုတ်လိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးရောင်လွှမ်းနေသော လူတစ်ယောက်အလား ဖြစ်သွားတော့သည်။ တကယ့်ကို ကြည့်မကောင်းလှသော မြင်ကွင်းပင်။
"ဟူး..."
ကောင်းကင်ယံ ဟင်းလင်းပြင်၏ တစ်နေရာမှ အသက်ပြင်းပြင်း ရှူလိုက်သံ ထွက်ပေါ်လာသည်။
၎င်းမှာ ချူယွမ်ကို ကယ်ရန် အဆင့်သင့်ဆောင့် နေပေ မယ့် လက်ညှိုးတစ်ချက်တည်းနှင့် ဘိုးဘေးကြီးကို နှိမ်နင်းလိုက်သည်ကို မြင်လိုက်ရသော စောင့်ရှောက်သူ 'လေဝူ' ပင် ဖြစ်သည်။
သူကိုယ်တိုင်လည်း အလွန်အမင်း တုန်လှုပ်သွားရသည်။
ကွာစီ ဧကရာဇ် ၎င်းမှာ အနည်းဆုံး ကွာစီ ဧကရာဇ် အဆင့်ရှိသော အစွမ်းပင် ဖြစ်သည်။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် ကွာစီ ဧကရာဇ် ဖြစ်နေသည်လား။
သခင်လေးမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ။
ယခုအချိန်တွင် ချူယွမ်ကို ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာသော လေဝူပင်လျှင် ပြောမပြတတ်အောင် အံ့အားသင့်နေရသည်။
သခင်လေးတွင် ကြီးမားလှသော လျှို့ဝှက်ချက်များ ရှိနေကြောင်း သူ သိသော်လည်း ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
အတိတ်က သခင်လေး၏ ကျင့်စဉ်မှာ လူသားအဆင့်၆ မှာသာ ရှိခဲ့သည် မဟုတ်ပါလော။
ယခု လင်ရွှီသန့်စင်နယ်မြေကို ရန်ပြုချိန်တွင်မှ ကွာစီ ဧကရာဇ် အစွမ်းကို ထုတ်ပြလိုက်ခြင်းပင်။
သခင်လေး သည်
ကွာစီ ဧကရာဇ်အဆင့်စဦး၌သာ ရှိသေးသော်လည်း အသက်နှစ်ဆယ်ကျော်အရွယ်နှင့် ဤအဆင့်သို့ ရောက်ရှိနေခြင်းမှာ အံ့သြစရာပင်။
သူကိုယ်တိုင်မှာမူ ကွာစီ ဧကရာဇ် အဆင့်သို့ ရောက်ရန် နှစ်ပေါင်း ခုနစ်သောင်းတိုင်အောင် ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။
သခင်လေးနှင့် နှိုင်းယှဉ်လိုက်ပါက သူ၏ နှစ်ပေါင်း ခုနစ်သောင်း ကျင့်စဉ်မှာ ခွေးကျွေးလိုက်ရသကဲ့သို့ပင် အသုံးမဝင်လှတော့ပေ။
သူတို့နှစ်ဦးမှာ လုံးဝကို နှိုင်းယှဉ်၍ မရနိုင်တော့ပါချေ။