အခန်း (၄၇) - လက်ညှိုးတစ်ချောင်းဖြင့် မိစ္ဆာအရှင် ဟွမ်းခုန်းကို နှိမ်နင်းခြင်းနှင့် ကြီးမားသော ရလဒ်များ
"ဒါက"
"တကယ်ကို ကြောက်စရာကောင်းလိုက်တာ။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေရင်တောင် ဒီတိုက်ခိုက်မှုရဲ့ စွမ်းအားကို ငါ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး…ငါသာ အထိခံလိုက်ရရင် ဖုန်မှုန့်အဖြစ် ပြောင်းသွားမှာပဲ"
"ယွမ်ဧကရာဇ်တော့ အန္တရာယ်ရှိနေပြီ"
ဧကရာဇ်အများအပြားမှာ သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြပြီး ရှန်မိသားစုဆီသို့ သွားနေသော သူတို့၏ ခြေလှမ်းများကို တစ်ဦးပြီးတစ်ဦး ရပ်တန့်လိုက်ကြသည်။
ဒါက နောက်စရာ မဟုတ်ပေ။
ဒီလို လောကကို တုန်ခါစေတဲ့ မိစ္ဆာကြီးတစ်ကောင်ကို သွားရောက် ရင်ဆိုင်ဖို့ ဆိုတာက သူတို့ကိုယ်သူတို့ သေတွင်းထဲ ဆင်းတာနဲ့ အတူတူပင် ဖြစ်သည်။
တစ်ဖက်တွင်မူ ရှန်မိသားစု၏ နယ်မြေအတွင်း၌ မိစ္ဆာအရှင် ဟွမ်းခုန်း၏ လောကတုန်ဟည်းစေသော တိုက်ခိုက်မှုမှာ ပေါက်ကွဲထွက်သွားပြီး ရှန်မိသားစုတစ်ခုလုံးကို ချက်ချင်းပင် ပျက်စီးလုနီးပါး ဖြစ်သွားစေသည်။
ရေတွက်၍မရနိုင်သော တောင်တန်းများမှာ မြေပြန့်အဖြစ် ပြောင်းလဲသွားပြီး၊ မြေကမ္ဘာပေါ်တွင်လည်း မိုင်ပေါင်း သန်းချီ ရှည်လျားသော ကြောက်မက်ဖွယ်ရာ ချောက်ကွဲကြီးများမှာ အနက်ဆုံးသော တွင်းနက်ကြီးများအလား ပေါ်ပေါက်လာတော့သည်။
ဤကဲ့သို့သော ဖျက်ဆီးနိုင်စွမ်းမှာ အစွန်းကုန် ကြောက်ရွံ့စရာကောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။
ထို့အပြင် မိစ္ဆာအရှင် ဟွမ်းခုန်း၏ စွမ်းအားတွင် အလွန်ပြင်းထန်သော ပုပ်သိုးဆွေးမြည့်စေသည့် စွမ်းအားများ ပါဝင်နေသဖြင့် ထိုစွမ်းအားနှင့် ထိတွေ့သမျှ အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဘာမှမရှိတော့သည်အထိ တိုက်စားခြင်း ခံလိုက်ရသည်။
တကယ်လို့ ဒန်းယန်ဧကရာဇ်နဲ့ ကျိုရန်ဧကရာဇ်တို့သာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် ဒီတိုက်ခိုက်မှု တစ်ချက်တည်းနဲ့တင် သူတို့ကို အကြိမ်ပေါင်း ရာနဲ့ချီ သေစေနိုင်မှာ ဖြစ်ပြီး ခုခံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပင် ဖြစ်သည်။
"ဒါက မင်းရဲ့ စွမ်းအားလား…ရယ်စရာပဲ"
သို့သော်လည်း မကြာမီမှာပင် ချူယွမ်၏ အသံမှာ အလွန်အမင်း တည်ငြိမ်စွာဖြင့် ထွက်ပေါ်လာပြန်သည်။
သူက လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော ဖုန်မှုန့်များမှာ ပျောက်ကွယ်သွားတော့သည်။
ချူယွမ်သည် ဟင်းလင်းပြင်ပေါ်တွင် ရပ်နေပြီး ထိုကြောက်စရာကောင်းသော တိုက်ခိုက်မှုကို တိုက်ရိုက် ရင်ဆိုင်ခဲ့ရသော်လည်း သူသည် လုံးဝ ထိခိုက်ဒဏ်ရာ ရခြင်း မရှိပေ။
သူသည် သူ၏နောက်ကွယ်မှ လော့အာနှင့် ပိုင်စုတို့ကိုပါ ကာကွယ်ပေးထားနိုင်ပြီး သူတို့မှာလည်း တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ပေ။
လေထဲတွင် လွင့်နေသော သူ၏ အနက်ရောင် ဝတ်ရုံနှင့်အတူ သူသည် ထိတ်လန့်နေသော မိစ္ဆာအရှင် ဟွမ်းခုန်းကို တည်ငြိမ်စွာ ကြည့်ရင်း အေးအေးဆေးဆေး ပြောလိုက်သည် …
"အထက်လောကက မိစ္ဆာအရှင် ဟုတ်လား… ငါ ဧကရာဇ်က မင်းကို... စစ်မှန်တဲ့ မိစ္ဆာလမ်းစဉ်ရဲ့ စွမ်းအားဆိုတာ ဘာလဲဆိုတာ သင်ပေးရမှာပေါ့"
စကားအဆုံးတွင် ချူယွမ်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူက စိတ်အာရုံဖြင့် ထာဝရဘေးဒုက္ခ မိစ္ဆာခန္ဓာကိုယ်ပေါ်ရှိ တံဆိပ်ခတ်နှိပ်မှုကို ခေတ္တမျှ ဖြေလျှော့လိုက်သည်။
ထိုအရာက သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆုံးမရှိသော ကြမ်းတမ်းလှသည့် ထာဝရဘေးဒုက္ခ စွမ်းအားများကို ယခုအချိန်တွင် အပြည့်အဝ ပေါက်ကွဲထွက်လာစေတော့သည်။
ဝုန်း…
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာအရှင် ဟွမ်းခုန်း၏ အရှိန်အဝါကို လုံးဝ ကျော်လွန်သွားသော ကြောက်မက်ဖွယ်ရာ မိစ္ဆာအရှိန်အဝါမှာ ချူယွမ်၏ ခန္ဓာကိုယ်မှ တိုးထွက်လာသည်။
မြေလှန်မတတ် မြည်ဟည်းသံများနှင့်အတူ ကောင်းကင်တွင် ဖုံးလွှမ်းနေသော အနက်ရောင် မြူခိုးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
၎င်းတို့သည် အဆုံးမရှိသော ကမ္ဘာဦး မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားတော့သည်။
ဂျိန်း…
ကောင်းကင်ယံတွင် ဘေးဒုက္ခ တိမ်တိုက်များ စုရုံးလာပြီး လျှပ်စီးများမှာ ရူးသွပ်စွာ လက်လက်ထနေတော့သည်။
ဤအမြင့်မြတ်ဆုံး စွမ်းအားများ လွတ်မြောက်လာခြင်းကြောင့် ထိုက်ချန်လောက၏ ကောင်းကင်ဘုံလမ်းစဉ်မှာ သတိပြုမိသွားပုံရသည်။
ချူယွမ် ဧကရာဇ်ဖြစ်လာစဉ်ကကဲ့သို့ပင် ၎င်းသည် ချူယွမ်ကို ဤနေရာမှာတင် ဖျက်ဆီးပစ်ရန်နှင့် သူ၏ အမှတ်အသား အားလုံးကို ဖယ်ရှားပစ်ရန်အတွက် ဘေးဒုက္ခ လျှပ်စီးများကို စေလွှတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ချူယွမ်မှာ အရင်ကကဲ့သို့ မဟုတ်တော့ပေ။
ဝုန်း…
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆုံးမရှိသော မိစ္ဆာအရှိန်အဝါများမှာ ဆူပွက်လာပြီး ကောင်းကင်ယံကို ဆေးကြောပစ်ရန်အတွက် ကောင်းကင်မြစ်ကြီးတစ်ခု အရှိန်အဟုန်နှင့် စီးဆင်းလာသကဲ့သို့ ရှိနေသည်။
ချူယွမ်သည် ကောင်းကင်ယံကို ဖြတ်ကျော် လျှောက်လှမ်းလာပြီး ထာဝရဘေးဒုက္ခ စွမ်းအားများကြောင့် ဖြစ်ပေါ်လာသော အဆုံးမရှိသည့် နာကျင်မှုများကို သူ၏ ခန္ဓာကိုယ်ဖြင့် ခံယူထားသည်။
သူ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။
"ချုပ်ငြိမ်းစမ်း"
လက်ညှိုးတစ်ချောင်းတည်းနှင့်ပင် ကမ္ဘာဦး အမှောင်ထုများ ပေါက်ကွဲထွက်လာပြီး လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
အရာအားလုံးမှာ ဘာမှမရှိတော့သည်အထိ ပျက်စီးသွားရသည်။
ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော ဘေးဒုက္ခ တိမ်တိုက်များမှာလည်း ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။
ဤကြောက်စရာကောင်းသော စွမ်းအားကို မြင်လိုက်ရသောအခါ ကောင်းကင်ဘုံတာအို သည် သူ၏ ဒေါသများကို ချက်ချင်းပင် ငြိမ်သက်သွားစေပြီး လျှပ်စီးတစ်မျှင်ပင် ထပ်မံ စေလွှတ်ခြင်း မရှိတော့ပေ။
၎င်းသည် ကြောက်ရွံ့မှုများကြောင့် ဆုတ်ခွာသွားပုံရပြီး ဤကြောက်စရာကောင်းလှသော မိစ္ဆာကြီး ချူယွမ်ကို ရန်မစလိုတော့ပုံရသည်။
"မင်း"
ယခုအချိန်တွင် ထို မိစ္ဆာအရှိန်အဝါ၏ ဖိအားအောက်တွင် မိစ္ဆာအရှင် ဟွမ်းခုန်းမှာ လက်မတစ်ဆစ်ပင် မလှုပ်နိုင်တော့ပေ။
သူသည် သူ၏ မျက်ခွံကိုပင် ခက်ခဲစွာ မြှောက်နေရပြီး သူ၏ ဝိညာဉ်နှင့် အတွေးစများမှာလည်း လည်ပတ်နိုင်ခြင်း မရှိတော့ပေ။
စကားတစ်လုံး ပြောနိုင်ရန်အတွက် သူ၏ အင်အားအားလုံးကို ကုန်ဆုံးအောင် အသုံးပြုနေရသကဲ့သို့ ရှိနေသည်။
သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု၊ အံ့အားသင့်မှု… မျှော်လင့်ချက်မဲ့မှုနှင့် မယုံကြည်နိုင်မှုတို့မှာ ပြည့်နှက်နေသည်။
အမျိုးမျိုးသော ရှုပ်ထွေးလှသည့် ခံစားချက်များ ရောပြွန်းနေသဖြင့် မိစ္ဆာအရှင် ဟွမ်းခုန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရင်နေပြီး ပြိုလဲလုနီးပါး ဖြစ်နေသည်။
ဒါဟာ သွေးမျိုးဆက် ထဲကနေ ဆင်းသက်လာတဲ့ ဖိအားပဲ ဖြစ်သည်။
ဒါဟာ သာမန်လူသား တစ်ယောက်က လောကပေါင်းစုံရဲ့ အမြင့်မြတ်ဆုံး ကောင်းကင်ဘုံ ဧကရာဇ်ကို ရင်ဆိုင်နေရသလိုမျိုးဖြစ်ပြီး၊ ခုခံဖို့အတွက် ရဲရင့်မှုနဲ့ စိတ်ဓာတ် အနည်းငယ်မျှတောင် စုစည်းလို့ မရတဲ့ အခြေအနေမျိုး ဖြစ်သည်။
ဤမြင်ကွင်းကို ရှန်ဝူယွင်နှင့် အခြားသူများ မြင်လိုက်ရသောအခါ သူတို့မှာ အစွန်းကုန် ထိတ်လန့်သွားကြတော့သည်။
ယွမ်ဧကရာဇ်သည် မိစ္ဆာလမ်းစဉ်၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြဘဲ ထိုမျှအထိ မြင့်မားသော အဆင့်ကို ရောက်ရှိနေလိမ့်မည်ဟုလည်း မယူဆခဲ့ကြပေ။
မိစ္ဆာအရှင် ဟွမ်းခုန်းကဲ့သို့ သန်မာသောသူပင်လျှင် သူ၏ အကြည့်တစ်ချက်တည်းနှင့်ပင် နှိမ်နင်းခြင်း ခံထားရပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။
ရှန်ဝူယွင်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်နေပြီး မိုက်မဲစွာ ဘာမှမလုပ်ရဲတော့ပေ။
မိစ္ဆာအရှင် ဟွမ်းခုန်း၏ လက်ထဲမှ သူတို့ ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့ရင်တောင်မှ၊ အခုလို ယွမ်ဧကရာဇ်ရဲ့ နက်ရှိုင်းလှတဲ့ လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့... သူတို့အတွက် သေလမ်းပဲ ရှိတော့မှာ ဖြစ်သည်။
"နေ... နေပါဦး"
"အရှင်... မိစ္ဆာဘိုးဘေးကြီး... ကျွန်တော်မျိုး... အညံ့ခံဖို့... ဆန္ဒရှိပါတယ်"
မိစ္ဆာအရှင် ဟွမ်းခုန်းသည် နောက်ဆုံးတွင် ချူယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်း အစစ်အမှန်ကို သိရှိသွားပုံရသည်။
ထိုဖိအားအောက်တွင် သူက ခက်ခဲစွာ ပြောလိုက်ပြီး အသက်ချမ်းသာရာရရန် တောင်းပန်သည့်အနေဖြင့် ချူယွမ်ကို မိစ္ဆာဘိုးဘေးကြီး ဟု ခေါ်ဆိုလိုက်သည်။
သို့သော်လည်း ချူယွမ်က သူ့ကို အခွင့်အရေး ပေးပါမည်လော။
စကားလုံးများ ဆုံးသည်နှင့် "သေစမ်း"
ဝုန်း…
သူ၏ လက်ညှိုးကို နောက်ထပ် တစ်ချက် ညွှန်လိုက်သည်နှင့် မိစ္ဆာအရှင် ဟွမ်းခုန်း၏ တစ်ကိုယ်လုံးမှာ တိုက်ရိုက် ပြိုကွဲပျက်စီးသွားပြီး လေထဲတွင် လွင့်မျောနေသော အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားတော့သည်။
မိစ္ဆာအရှင် ဟွမ်းခုန်းကို သတ်ဖြတ်ပြီးနောက် သူပိုင်ဆိုင်သော အခွင့်အလမ်း သုံးခုကို လုယူနိုင်ခဲ့ကြောင်းနှင့် ရှေးဟောင်း ဧကရာဇ် မျက်လုံးမှာ မသေမျိုးဘုရင်အဆင့် နတ်ဘုရားမျက်လုံးအဖြစ် ပြောင်းလဲသွားကြောင်း စနစ်၏ အသံမှာ ထွက်ပေါ်လာသည်။
ချူယွမ်သည်လည်း ဤအချိန်တွင် ထာဝရဘေးဒုက္ခ မိစ္ဆာခန္ဓာကိုယ် အခြေအနေမှ ပြန်လည် ထွက်ခွာလိုက်သည်။
သူ၏ အကြည့်များတွင် နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်နေသည်။
မသေမျိုးဘုရင်အဆင့် ရှေးဟောင်း ဧကရာဇ် မျက်လုံးကို ပိုင်ဆိုင်ထားသဖြင့် သူ၏ အကြည့်တစ်ချက်စီတိုင်းမှာ ကောင်းကင်ယံနှင့် စကြဝဠာကို ထိုးဖောက်နိုင်သော စွမ်းအားများ ရှိနေပုံရသည်။
ဒီတစ်ကြိမ်မှာ မိစ္ဆာအရှင် ဟွမ်းခုန်းကို သတ်လိုက်လို့ ဗီလိန် အမှတ်တွေ မရရှိခဲ့ပေမယ့် ရရှိလိုက်တဲ့ အရာတွေကတော့ တကယ့်ကို ကြောက်စရာကောင်းလှသည်။
မသေမျိုးဘုရင်အဆင့် ရှေးဟောင်း ဧကရာဇ် မျက်လုံး၏ စွမ်းအား ပြောင်းလဲမှုကို ခံစားပြီးနောက် ချူယွမ်သည် ကျန်ရှိသော ရလဒ် နှစ်ခုကို ချက်ချင်း ကြည့်လိုက်သည်။
အမြင့်မြတ်ဆုံး မိစ္ဆာနယ်မြေ ဆိုသည်မှာ မသေမျိုးဘုရင်အဆင့် နတ်ဘုရား အတတ်ပညာ ဖြစ်ပြီး မိစ္ဆာနယ်မြေတစ်ခုကို ဖန်တီးကာ ထိုနယ်မြေအတွင်းရှိ အရာအားလုံးကို တကယ့် အရှင်သခင်အဖြစ် ထိန်းချုပ်နိုင်စွမ်း ရှိခြင်း ဖြစ်သည်။
ထိုနယ်မြေအတွင်းရှိ အခြေခံ အုတ်မြစ်များနှင့် နိယာမ အားလုံးကို မိမိစိတ်ကြိုက် ပြောင်းလဲနိုင်ပြီး အရာအားလုံးကို နှိမ်နင်းနိုင်စွမ်း ရှိသည်။
ဧကရာဇ် မိစ္ဆာ လောကဖျက် မှတ်တမ်း (အပိုင်းအစ) ဆိုသည်မှာ မိစ္ဆာမျိုးနွယ်၏ အမြင့်မြတ်ဆုံးသော အရာဝတ္ထု ဖြစ်သည်။
၎င်းအတွင်း၌ အလွန် ကြောက်စရာကောင်းသော လောကဖျက်ဆီးသူ ခြောက်ဦးကို ချိပ်ပိတ်ထားသည်ဟု ဆိုစမှတ် ရှိသည်။
တစ်ဦးစီတိုင်းသည် မသေမျိုး ဧကရာဇ်ကိုပင် ကျော်လွန်သော တည်ရှိမှုများ ဖြစ်ကြသည်။
အပိုင်းအစများ ပိုမို စုဆောင်းနိုင်ပါက ထိုလောကဖျက်ဆီးသူများထဲမှ တစ်ဦးကို ဆင့်ခေါ်နိုင်မည် ဖြစ်ပြီး ၎င်းတို့သည် ချူယွမ်ကို ထာဝရ သစ္စာခံကြမည် ဖြစ်သည်။
အမြင့်မြတ်ဆုံး မိစ္ဆာနယ်မြေ။
နိယာမတွေကို တွန့်လိမ်စေပြီး နယ်မြေအတွင်းမှာ တကယ့် အရှင်သခင် ဖြစ်လာခြင်း။
ဒီမသေမျိုးဘုရင် နတ်ဘုရား အတတ်ပညာဟာ တကယ့်ကို လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။
တကယ်လို့ မိစ္ဆာအရှင် ဟွမ်းခုန်းသာ အစကတည်းက ဒီအတတ်ပညာကို အသုံးပြုခဲ့မယ်ဆိုရင် ချူယွမ်တို့ အဖွဲ့ကလွဲလို့ ရှန်မိသားစု တစ်ခုလုံးဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ကွယ်သွားမှာ သေချာသည်။
နောက်တစ်ခုဖြစ်သော ဧကရာဇ် မိစ္ဆာ လောကဖျက် မှတ်တမ်း သည်လည်း လောကဖျက်ဆီးသူများဟု ခေါ်သော ပုဂ္ဂိုလ်များကို ဆင့်ခေါ်နိုင်သည့် အရာ ဖြစ်နေသည်။
တကယ်လို့ အပိုင်းအစတွေ ပိုစုမိပြီး လောကဖျက်ဆီးသူ တစ်ယောက်ကို အောင်မြင်စွာ ဆင့်ခေါ်နိုင်မယ်ဆိုရင်။
အဲ့ဒီအခါကျရင် ချူယွမ်ဟာ အထက်ဘုံလောကရဲ့ မသေမျိုး ဧကရာဇ်ကိုတောင် ကျော်လွန်တဲ့ ကြောက်စရာကောင်းတဲ့ ကျွမ်းကျင်သူ တစ်ယောက်ရဲ့ သစ္စာခံမှုကို ရရှိမှာ ဖြစ်သည်။
ဒီထိုက်ချန်လောကတင် မကဘဲ အထက်လောက တစ်ခုလုံးကိုတောင် စိတ်ကြိုက် လှည့်ပတ်နိုင်မှာ ဖြစ်သည်။
((ချူယွမ်က အောက်လောကရဲ့ ဧကရာဇ်ပဲရှိသေးတာပါ ))