အခန်း (၃၉) - ရှန်မိသားစု၏ တည်ခင်းဧည့်ခံပွဲနှင့် ထိတ်လန့်တုန်လှုပ်နေသော ရှန်ယွဲ့ချင်း
"ဒါတွေအားလုံးဟာ မိစ္ဆာအရှင်ပေးသနားတဲ့ အခွင့်အရေးကြောင့်ပါ"
မိစ္ဆာအရှင် ဟွမ်းခုန်း၏ အသံကို စိတ်ထဲတွင် ကြားလိုက်ရသောအခါ ရှန်ယောင်က အေးစက်စွာ တုံ့ပြန်လိုက်သည်။ သူမ၏ မျက်နှာထက်တွင်လည်း မည်သည့် ခံစားချက်မှ မရှိပေ။
"ဟဲဟဲ"
မိစ္ဆာအရှင် ဟွမ်းခုန်းက လှောင်ရယ်လိုက်ပြီး သူ၏ ဝိညာဉ်အမြင်ဖြင့် အဝေးသို့ လှမ်းကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် ပြောလိုက်သည်-
"မင်းရဲ့ ညီမလေးဆီက ဝိညာဉ်အနှစ်သာရမှာ ငါ ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခုကို ခံစားနေရတယ်"
"သူမဟာ အထက်လောကက ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဝင်စားခြင်း ဖြစ်နိုင်တယ်။ တကယ်လို့ မင်းသာ သူမရဲ့ ဝိညာဉ်အနှစ်သာရကို ဝါးမျိုနိုင်မယ့် အခွင့်အရေးကို ရှာနိုင်မယ်ဆိုရင် မင်းရဲ့ အစွမ်းဟာ ကောင်းကင်နဲ့ မြေကြီးကို တုန်ခါသွားစေလောက်အောင် မြင့်တက်လာလိမ့်မယ်"
"အခုချက်ချင်း လုပ်ဆောင်ဖို့တော့ မသင့်သေးဘူး"
ထိုစကားကို ကြားသောအခါ သူမ၏ ညီမအရင်း၏ ဝိညာဉ်ကို ဝါးမျိုရမည် ဖြစ်သော်လည်း ရှန်ယောင်၏ အကြည့်မှာ အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိဘဲ အေးစက်နေဆဲပင် ဖြစ်သည်။
"ကျွန်မညီမလေးက ကိုးပေါက် ခန္ဓာကို ပိုင်ဆိုင်ထားတာ။ နောက်သုံးရက်နေရင် ဖခင်က သူမအတွက် ကြီးမားတဲ့ တည်ခင်းဧည့်ခံပွဲ လုပ်ပေးပြီး အင်အားစုအသီးသီးကို ဖိတ်ကြားလိမ့်မယ်"
"တကယ်လို့ သူမဟာ အဲ့ဒီမတိုင်ခင်မှာ ပျောက်ဆုံးသွားမယ်ဆိုရင် ခက်ကုန်လိမ့်မယ်"
"အခမ်းအနား ပြီးသွားတဲ့အခါမှ သူမကို ဝါးမျိုဖို့ အချိန်ရှာတာ မနှောင်းသေးပါဘူး။ အဲ့ဒီအချိန်ကျရင်တော့... သူမဟာ အချိန်မတိုင်ခင် သေဆုံးသွားသယောင် လှည့်ကွက်တစ်ခုတောင် ဖန်တီးလို့ရတယ်"
ပြောနေရင်းနှင့် ရှန်ယောင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး သူမ၏ အတွေးများမှာ မိစ္ဆာတစ်ကောင်ကဲ့သို့ တရစပ် စီးဆင်းနေတော့သည်။
၎င်းကို ကြားသောအခါ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာအရှင် ဟွမ်းခုန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ အေးစက်စွာ ပြောလိုက်သည်-
"မဆိုးဘူး မင်းက ငါတို့ မိစ္ဆာတွေရဲ့ လုပ်ရပ်မျိုးနဲ့ တကယ်တူလာပြီပဲ"
"ဒါဆိုရင်တော့ ငါတို့ သုံးရက်လောက် ငြိမ်ငြိမ်လေး စောင့်ကြတာပေါ့။ ဒီရက်ပိုင်းအတွင်းမှာ ဘာပြဿနာမှ မတက်ဖို့ပဲ ငါ မျှော်လင့်ပါတယ်"
မိစ္ဆာအရှင် ဟွမ်းခုန်း၏ အက်ကွဲသောအသံမှာ ပဲ့တင်ထပ်သွားပြီးနောက် သူသည် အိပ်စက်သွားသည့်အလား ဘာအသံမှ ထပ်မထွက်တော့ပေ။
ထိုအချိန်မှာပင်။
မသေမျိုးဘုရင် လင်လုံ၏ တတိယအကြိမ်မြောက် ဝင်စားခြင်း ဖြစ်သူ။
ယခုအခါ ရှန်မိသားစု၏ ဒုတိယမြောက် သမီးလေး ဖြစ်လာပြီး မွေးဖွားပြီးဆယ်ရက်သာ ရှိသေးသော ရှန်ယွဲ့ချင်း သည် ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
လျူယွင်ရှီး ဘဝတုန်းက သူမ သေဆုံးခဲ့ရသည့် အမှတ်တရများမှာလည်း ယခုအချိန်တွင် သူမ၏ စိတ်ထဲ၌ တရစပ် ပေါ်လာတော့သည်။
၎င်းက သူမ၏ နှလုံးသားထဲတွင် အလွန်ဆိုးရွားသော နိမိတ်တစ်ခုကို ခံစားလိုက်ရသလိုပင် ဖြစ်နေသည်။
...
သုံးရက် ကြာပြီးနောက်။
ကိုးပေါက် ထူးချွန်ခန္ဓာ မွေးဖွားခြင်းကို ဂုဏ်ပြုသည့် ကြီးကျယ်ခမ်းနားသော တည်ခင်းဧည့်ခံပွဲမှာ နောက်ဆုံးတွင် စတင်ခဲ့ပြီ ဖြစ်သည်။
ကျယ်ပြောလှသော ရှန်မိသားစု ဝင်းကြီးတစ်ခုလုံးမှာ မီးအိမ်များ၊ အလံများဖြင့် ဝေဝေဆာဆာ အလှဆင်ထားပြီး အလွန်ပင် စည်ကားသိုက်မြိုက်နေသည်။
အင်အားစု အသီးသီးမှာ ဖိတ်စာများ ရရှိထားကြပြီး ရောက်ရှိလာကြကာ ရှန်မိသားစု၏ ဒုတိယမြောက် သမီးလေး မွေးဖွားခြင်းအတွက် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်နေကြသည်။
"ဧည့်သည်တော်တို့ အဝေးကနေ ကြွရောက်လာကြတာကို ကျေးဇူးတင်ပါတယ်"
ရှန်မိသားစု၏ အကြီးအကဲ ရှန်ဝူယွင် သည် အဓိကနေရာတွင် ထိုင်နေပြီး ဝမ်းသာအားရဖြင့် လူတိုင်းကို နေရာယူရန် လက်ညှိုးညွှန်ပြနေသည်။
သူသည် အသက်ပေါင်း သောင်းချီ နေထိုင်ခဲ့ရသော်လည်း သူ၏ ကျင့်ကြံမှုမှာ တစ်ပိုင်းတစ်စ ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီး သက်တမ်းမှာလည်း နှစ်ပေါင်း နှစ်သန်းခန့် ရှိသဖြင့် အိုမင်းရင့်ရော်သည့် အရိပ်အယောင်များ လုံးဝ မရှိပေ။
"ရှန်မျိုးနွယ်ခေါင်းဆောင်ကြီး ဂုဏ်ယူပါတယ် ကိုးပေါက် ထူးချွန်ခန္ဓာဆိုတာ ဒဏ္ဍာရီလာ မသေမျိုးခန္ဓာစစ်စစ်ပဲ။ ကျွန်တော့်ရဲ့ နှစ်ပေါင်းသောင်းချီ သက်တမ်းအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ လျူမိသားစုရဲ့ နတ်ဘုရားသမီးတော်မှာပဲ အဲ့ဒီလိုခန္ဓာရှိတယ်လို့ ကြားဖူးတာ။ အခု ရှန်မိသားစုမှာ ဒီလိုပါရမီရှင် မွေးဖွားလာတာဟာ တကယ့်ကို ကောင်းချီးတစ်ရပ်ပါပဲ"
ဝတ်ရုံဖြူဝတ်ထားသော လူလတ်ပိုင်းတစ်ဦးမှာ လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာထက်တွင် မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။
သူသည်လည်း တစ်ပိုင်းတစ်စ ဧကရာဇ်အဆင့်ရှိသော ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်။
သူ၏ ဂိုဏ်းအတွင်း၌ မရေမတွက်နိုင်သော ပါရမီရှင်များ ရှိသော်လည်း ဤကိုးပေါက် ထူးကဲခန္ဓာကို ပိုင်ဆိုင်သည့် ပါရမီရှင်နှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားနေဆဲပင် ဖြစ်သည်။
"ဟားဟား ကျွန်တော့်သမီး ရှန်ယွဲ့ချင်းမှာလည်း မွေးရာပါ ဧကရာဇ်ကြီးဖြစ်လာမယ့် အရည်အချင်းတွေ ပါလာတယ် သူမဟာ လျူမိသားစုက နတ်ဘုရားသမီးတော်ထက် အနည်းငယ်မျှ နိမ့်ကျမှာ မဟုတ်ဘူး"
"နောင်တစ်ချိန်မှာ သူမဟာ မသေမျိုးအဆင့်ကို ဧကန်အမှန် တက်လှမ်းနိုင်လိမ့်မယ်။ ကျွန်တော့်ရဲ့ ရှန်မိသားစုဟာ ကြီးပွားချမ်းသာဖို့ ကံပါလာပြီ"
ရှန်ဝူယွင်က ကျေနပ်အားရစွာဖြင့် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ဘက်သို့ လှမ်းပြောလိုက်သည်-
"ယွဲ့ချင်း ဒီပုဂ္ဂိုလ်ကြီးတွေကို လာပြီး နှုတ်ဆက်လိုက်ဦးလေ"
"ဟုတ်ကဲ့ပါ ဖခင်"
ထိုစကားကို ကြားသောအခါ ကြည်လင်ပြတ်သားသော ကလေးမလေးတစ်ဦး၏ အသံမှာ ထွက်ပေါ်လာသည်။
ခြေသံများနှင့်အတူ အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ရှိသော မိန်းကလေးငယ်တစ်ဦးမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
(အပေါ်မှာတင် မွေးလာတာ ဆယ်ရက် ဘယ်လို အသက်အသက်ကြီးသွားလဲ မမေးနဲ ဆက်ဖတ်)
သူမသည် နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ငယ်ရွယ်သော်လည်း အလွန်ပင် ကျော့ရှင်းလှပနေသည်။ သူမ၏ မျက်နှာမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှပြီး အသားအရေမှာလည်း နူးညံ့ဖြူစင်နေကာ ဆံပင်နက်နက်ရှည်ရှည်များမှာ သူမ၏ ပခုံးပေါ်တွင် ရေတံခွန်အလား ကျဆင်းနေသည်။
မိန်းကလေးငယ်က ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် မွှေးပျံ့လှသော မသေမျိုးရနံ့တစ်ခုမှာ ထွက်ပေါ်လာပြီး လူတိုင်းကို စွဲမက်သွားစေသည်။
"ယွဲ့ချင်းက လူကြီးမင်းတို့အားလုံးကို ဂုဏ်ပြုနှုတ်ဆက်ပါတယ်"
ရှန်ယွဲ့ချင်းသည် လူအုပ်ကြီးကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
သူမသည် မွေးဖွားပြီး လဝက်ခန့်သာ ရှိသေးသော ကလေးတစ်ဦးနှင့် လုံးဝမတူဘဲ လှုပ်ရှားမှုတိုင်းတွင် မသေမျိုးအရှိန်အဝါများ ကိန်းဝပ်နေပုံရသည်။
"မွေးဖွားတာ လဝက်ပဲ ရှိသေးတာလား ရှန်မိသားစုရဲ့ ဒုတိယသမီးလေးက မွေးပြီး တစ်လတောင် မပြည့်သေးတာကို အခုလို ပုံစံမျိုး ဖြစ်နေပြီ… ပြီးတော့ သူမမှာ ကျင့်ကြံမှု အနည်းငယ်တောင် ရှိနေပြီလား"
"ကိုးပေါက် ထူးချွန် ခန္ဓာဆိုတာ တကယ့်ကို အံ့သြစရာကောင်းပြီး အတိုင်းအဆမရှိတဲ့ အရာပဲ လူကို ပြောစရာ စကားမရှိအောင် ဖြစ်စေတာပဲ"
"လျူယွင်ရှီးက ဘာကြောင့် နှစ်ပေါင်းတစ်ရာအတွင်းမှာတင် တစ်ပိုင်းတစ်စ သူတော်စင်အဆင့်ကို ရောက်ခဲ့တာလဲဆိုတာ အခုတော့ နားလည်သွားပြီ ဒါဟာ သူမမှာ အခုလို ပါရမီရှိလို့ ဖြစ်မှာပဲ"
ရှန်ယွဲ့ချင်း၏ ၇/၈နှစ်အသွင်အပြင်ကို မြင်လိုက်ရသောအခါ ရှိနေသမျှ ကျွမ်းကျင်သူများမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး အချင်းချင်း တီးတိုး ပြောဆိုနေကြတော့သည်။
သာမန်လူသားများဆိုလျှင် အသက် လေးနှစ်၊ ငါးနှစ်ခန့် ရောက်မှသာ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ စတင် လျှောက်လှမ်းနိုင်ကြခြင်း ဖြစ်သည်။
ဒါပေမဲ့ ဒီကိုးပေါက် ထူးချွန်ခန္ဓာ ပိုင်ရှင်ကတော့။
မွေးဖွားပြီး လဝက်အတွင်းမှာတင် အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ရှိသော ကလေးတစ်ဦး၏ အသွင်အပြင်ကို ရရှိနေပြီ ဖြစ်သည်။
သူမသည် မိခင်ဝမ်းအတွင်းကတည်းက စတင် ကျင့်ကြံလာခဲ့ခြင်းဖြစ်ပြီး တစ်လပင် မပြည့်သေးခင်မှာတင် လူသားအဆင့်၉ဆင့်၏ ဒုတိယမြောက်အဆင့်ဖြစ်သော "ဝိညာဉ်ပင်လယ်အဆင့်" သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူမသည် ပထမဆုံးအဆင့်ဖြစ်သော "ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်" ကိုပင် ကျော်ဖြတ်ကာ ဝိညာဉ်ပင်လယ်အဆင့်သို့ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်သည်။
ဤကဲ့သို့သော ပါရမီမျိုးမှာ မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းလှသည်။
တကယ်လို့ သူတို့မျက်စိနဲ့ တပ်အပ် မမြင်ရဘူးဆိုရင် ဘယ်သူက ယုံရဲပါ့မလဲ။
"မဆိုးဘူး သူမရဲ့ ပါရမီက တကယ့်ကို အံ့သြစရာကောင်းတယ်"
ရှန်ယောင်၏ စိတ်ထဲမှ မိစ္ဆာအရှင် ဟွမ်းခုန်း၏ အသံမှာ ထွက်ပေါ်လာပြီး အံ့အားသင့်နေပုံရသည်-
"ဒီကလေးရဲ့ အရင်ဘဝက သာမန်တော့ မဟုတ်နိုင်ဘူး။ သူမဟာ တစ်ပိုင်းတစ်စ မသေမျိုးဘုရင်အဆင့်မှာ ရှိခဲ့တဲ့သူ ဖြစ်နိုင်တယ် ကိုးပေါက် ခန္ဓာဆိုတာ အထက်လောကမှာတောင်မှ တကယ့်ကို ကြောက်စရာကောင်းတဲ့ မသေမျိုးခန္ဓာပဲ"
"မင်း သူမရဲ့ ဝိညာဉ်ကို ဝါးမျိုပြီးသွားရင် ငါက သူမရဲ့ ခန္ဓာကိုယ်ကို ဝင်ရောက် စီးနင်းလို့ရမယ် ဒါဆိုရင် ငါက ခန္ဓာကိုယ်တစ်ခုကို ခေတ္တ အသုံးပြုပြီး ဒီလောကထဲမှာ လှုပ်ရှားလို့ ရလိမ့်မယ်"
၎င်းကို ကြားသောအခါ ရှန်ယောင်၏ အကြည့်မှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
သူမသည် အဝေးသို့ လှမ်းကြည့်လိုက်သော်လည်း သူမ၏ အကြည့်မှာ ကောင်းကင်ယံထက်က တစ်စုံတစ်ခုဆီသို့ ရောက်သွားသောအခါ သူမ၏ မျက်ဝန်းများမှာ ရုတ်ခြည်း ပြူးကျယ်သွားတော့သည်။
သူမ၏ နှလုံးခုန်သံမှာလည်း အလွန်အမင်း မြန်ဆန်လာသည်။
သူမသည် လက်ကို တင်းတင်းဆုပ်ထားသဖြင့် သူမ၏ လက်သည်းများမှာ အသားထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေသည်ကိုပင် သတိမထားမိတော့ပေ။
သူမ၏ မျက်နှာမှာလည်း ရက်စက်လှသော အမူအရာအဖြစ် ပြောင်းလဲသွားသည်။
ဘုန်း…
ကျယ်ပြောလှသော ရှန်မိသားစုဝင်းကြီး၏ အပေါ်ယံတွင် နတ်ဘုရားလှေကြီးတစ်စင်း ဆင်းသက်လာသည့် ဟိန်းဟောက်သံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ဧည့်သည်တော် အများအပြားမှာ ရောက်ရှိလာသူကို မြင်လိုက်ရသောအခါ အသက်ပင် ရှုရပ်သွားကြပြီး သူတို့၏ နှလုံးသားထဲတွင် အလွန်အမင်း ထိတ်လန့်မှုနှင့် ဖိအားများကို ခံစားလိုက်ရသည်။
ဒါက ချူမိသားစုရဲ့... ကောင်းကင်ဖြတ်ကျော်လှေပဲ။
ကြီးမားလှသော လှေကြီးမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ရှန်မိသားစုပေါ်သို့ ကျရောက်နေသော နေရောင်ခြည်အားလုံးကို ပိတ်ဆို့လိုက်သဖြင့် နေရာတစ်ခုလုံးမှာ ချက်ချင်း မှောင်အတိ ကျသွားတော့သည်။
"ယွမ် ဧကရာဇ် ကြွရောက်လာပြီ။ မင်းတို့အားလုံး ဘာလို့... ဒူးမထောက်ကြတာလဲ"
အစောင့်အရှောက် လေဝူ သည် ကောင်းကင်ယံတွင် ပေါ်လာသည်။
သူ၏ အသံမှာ ပြင်းထန်သော ပင်လယ်လှိုင်းလုံးကြီးများအလား ကျယ်လောင်လှပြီး ပတ်ဝန်းကျင် မိုင်ပေါင်းသောင်းချီအထိ ပဲ့တင်ထပ်သွားသည်။
အင်အားစု အသီးသီးမှ ကျွမ်းကျင်သူများမှာ ၎င်းကို ကြားသောအခါ စိတ်ဓာတ်များ တုန်လှုပ်သွားကြသည်။
"ဟွန့် ချူမိသားစုရဲ့ ယွမ် ဧကရာဇ်က တကယ့်ကို မောက်မာလှချည်လား"
လျူမိသားစုမှ ရောက်ရှိလာသူများမှာ နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်ကြသည်။
ယွမ် ဧကရာဇ် သူတို့ လျူမိသားစုရဲ့ နတ်ဘုရားသမီးတော်ကို သတ်ခဲ့တဲ့ ဒီလူသတ်သမား။
အခုဆိုရင် သူက ထျန်းချွဲမြို့တော်သခင်ကိုတောင် စိန်ခေါ်ပြီး ထျန်းချွဲမြို့နဲ့ အသေအလဲ တိုက်မယ်လို့ ကြေညာထားသေးတယ်။
လျူမိသားစု ကျွမ်းကျင်သူတွေရဲ့ အမြင်မှာတော့ ချူမိသားစုဟာ သူတို့ကိုယ်သူတို့ သေတွင်းထဲ တိုးနေတာပဲ ဖြစ်သည်။
ထိုက်ချန်းလောကမှာ ဘယ်သူမှ ကောင်းကင်ဘုံကို ယှဉ်လို့ မရဘူး။
ရှေးဟောင်း မသေမျိုးမိသားစု ဖြစ်နေရင်တောင်မှ ခြွင်းချက် မဟုတ်ဘူး။
ဒါကြောင့်လည်း ချူမိသားစုက ထျန်းချွဲမြို့နဲ့ ရန်ဘက်ဖြစ်ပြီလို့ ကြေညာပြီး နောက်တစ်နေ့မှာတင် လျူမိသားစုက ထျန်းချွဲမြို့တော်သခင်ဘက်ကနေ ရပ်တည်ပြီး ချူမိသားစုကို အတူတကွ ချေမှုန်းမယ်လို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ အခုအချိန်မှာ။
ရောက်ရှိနေသူတွေထဲမှာ အကြောက်ဆုံးနဲ့ အလန့်ဆုံးသူဟာ ဘယ်ကျွမ်းကျင်သူမှ မဟုတ်ဘူး။
ဒါဟာ ဒီနေ့ရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရှန်ယွဲ့ချင်းပဲ ဖြစ်သည်။
ချူယွမ်ရဲ့ အမှတ်အသားဖြစ်တဲ့ ကောင်းကင်ဖြတ်ကျော်လှေကို မြင်လိုက်ရတဲ့အချိန်မှာပဲ သူမရဲ့ ခြေထောက်လေးတွေဟာ ကြောက်လန့်လွန်းလို့ ပျော့ခွေသွားပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေတော့သည်။
သူမ တစ်ခါမှ မထင်ထားခဲ့ဘူး။
သူမရဲ့ အရင်ဘဝတုန်းက သူမကို သတ်ခဲ့တဲ့ လူသတ်သမားနဲ့ ဒီလောက် မြန်မြန် ပြန်တွေ့ရလိမ့်မယ်လို့။
ချူယွမ်…
လျူယွင်ရှီး ဘဝတုန်းက သူမကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ ဒီလူဟာ အခု သူမရှေ့မှာ တစ်ဖန် ပြန်ပေါ်လာပြန်ပြီ။