အခန်း (၃၇) - ဖန်ထျန်းကျွယ်ကို နှိမ်နင်းခြင်း၊ အရှေ့ဧကရာဇ်၏ ဒေါသ
အို့….သတ်ဖြတ်လိုစိတ် ဟမ့်…
"မောက်မာလှချည်လား ဒီနေ့ပဲ... ငါ မင်းကို အရင်ဆုံး သင်ခန်းစာ ပေးရမယ်"
ချူယွမ်၏ မျက်နှာထားမှာ ဆီးနှင်းများအလား အေးစက်နေသည်။
ဖန်ထျန်းကျွယ် ရှိရာအရပ်နှင့် အလွန်အမင်း ဝေးကွာနေသော်လည်း…သူ၏ ညာဘက်လက်ဝါးကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ကို ဖြတ်၍ သူ၏အရှေ့ဘက်သို့ ရိုက်ချလိုက်တော့သည်…
ဘုန်း…
ရုတ်တရက်ဆိုသလို… ယန်နတ်ဘုရားမျိုးနွယ်စု နေထိုင်ရာ နယ်မြေ၏ ကောင်းကင်ယံထက်တွင်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြောက်မက်ဖွယ် လက်ဝါးရာကြီးတစ်ခုမှာ ချက်ချင်း ပေါ်ပေါက်လာပြီး၊ မည်သူမျှ မမျှော်လင့်ထားခင်မှာပင် အောက်ဘက်ရှိ မြေပြင်သို့ ရုတ်ခြည်း ကျဆင်းလာကာ ဖိနှိပ်ချေမှုန်းပစ်လိုက်တော့သည်…
ဝုန်း…
မိုင်ပေါင်း ကုဋေကုဋာရှိသော ကောင်းကင်နှင့် မြေကြီးမှာ ထိုဒဏ်ကြောင့် တုန်ခါသွားရသည်…
ဤလက်ဝါးအောက်တွင်၊ ယန်နတ်ဘုရားမျိုးနွယ်စုမှ ကျွမ်းကျင်သူ မည်မျှအထိ နှိမ်နင်းခြင်း ခံလိုက်ရကာ နေရာမှာတင် သေဆုံးသွားသည်ကို မည်သူမျှ မသိနိုင်ပေ..
ဖန်ထျန်းကျွယ် သည်လည်း ထိုဒဏ်ကို ခံလိုက်ရပြီး သွေးများ အဆက်မပြတ် အန်ထုတ်ကာ တောင်တန်းကြီးများအောက်တွင် တိုက်ရိုက် ဖိခြေခံလိုက်ရသည်။
အဆုံးမဲ့သော ချော်ရည်များ ပေါက်ကွဲထွက်လာကာ နယ်မြေအတော်များများမှာ ပြိုကျပျက်စီးကုန်တော့သည်…
"ယွမ် ဧကရာဇ်"
"ဒီအရှက်ခွဲမှုကို ငါ လက်စားမချေနိုင်ရင်..ငါ ဖန်ထျန်းကျွယ်ဟာ လူ မဟုတ်တော့ဘူးလို့ ကျိန်ဆိုတယ်"
ဟိန်းဟောက်သံမှာ ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားသည်။
ဤယန်နတ်ဘုရားမျိုးနွယ်စု၏ သူတော်စင်သည် ဧကရာဇ်အဆင့်သို့ စတင်ဝင်ရောက်ကာစမှာပင် အခုလို အရှက်ခွဲမှုကို ခံလိုက်ရသဖြင့်၊ သူ၏ နှလုံးသားထဲရှိ အာဃာတမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
အလွန်ဝေးကွာသော နေရာ၌၊ ချူယွမ်သည် သူ၏ လက်ဝါးကို အေးအေးဆေးဆေး ပြန်ရုပ်သိမ်းလိုက်သည်။
ယန်နတ်ဘုရားမျိုးနွယ်စု၌ ခုနက ဖြစ်ပျက်ခဲ့သမျှမှာ သူ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ၊ အရေးမပါသော ကိစ္စအသေးအမွှားလေးတစ်ခုအလားပင်။
"ထျန်းချွဲမြို့တော်သခင် ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း ပြောပြပါ၊ ဘာကြောင့် ကျွန်တော့်ရဲ့ ချူမိသားစုက ပါရမီရှင်တွေ၊ ပြီးတော့ ချူမိသားစုရဲ့ နတ်ဘုရားသားတော် အရှင်မင်းသားတောင်မှ ကောင်းကင်တာအိုရဲ့ ကံတရားကောင်းချီးကို မရရှိတာလဲ"
ဤအချိန်တွင် ဇဝေဇဝါဖြစ်နေသော ချူမိသားစု ပါရမီရှင်တစ်ဦးမှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။
သူတို့သည် အခက်အခဲမျိုးစုံကို ကျော်ဖြတ်ကာ ဤနဂါးပုန်းစာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း၊ အခုတော့ ဘာဆုလာဘ်မှ မရရှိခဲ့ပေ။ သူတို့ ဘယ်လိုလုပ် စိတ်ကျေနပ်နိုင်ပါမည်နည်း…
"ဒါဟာ ကောင်းကင်တာအိုရဲ့ အလိုတော်ပဲ"
"ငါ မြို့တော်သခင်က ကောင်းကင်တာအိုကို ကိုယ်စားပြုရုံပဲ…ကောင်းကင်တာအို လုပ်ဆောင်သမျှကို အပြည့်အဝ ဝင်ရောက်စွက်ဖက်လို့ မရဘူး"
"ဖြစ်နိုင်တာကတော့ မင်းတို့ ချူမိသားစုကို ဒီနေ့မှာ ကောင်းကင်တာအိုက ပြင်ပက မိစ္ဆာတွေအဖြစ် သတ်မှတ်ပြီး စွန့်ပစ်လိုက်တာ ဖြစ်လိမ့်မယ်..."
ထိုစကားကို ပြောသောအခါ ထျန်းချွဲမြို့တော်သခင်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း၊ သူ၏ လေသံမှာ အနည်းငယ် လှောင်ပြောင်သည့် အငွေ့အသက်များ ပါဝင်နေသည်…
"ဘာ"
"ပြင်ပက မိစ္ဆာတွေ ဟုတ်လား”
၎င်းကို ကြားလိုက်ရသောအခါ ချူမိသားစု ပါရမီရှင် အများအပြားမှာ မျက်နှာပျက်သွားကြပြီး၊ ဒေါသများဖြင့် ပြည့်နှက်သွားကြကာ ထျန်းချွဲမြို့တော်သခင်သည် အဓိပ္ပာယ်မရှိသော စကားများဖြင့် အမှန်တရားကို လိမ်လည်နေသည်ဟု ယုံကြည်လိုက်ကြသည်။
သို့သော်လည်း သူတို့ စကားမပြောရသေးခင်မှာပင်…နောက်ထပ် အေးစက်ပြီး မေးခွန်းထုတ်သည့် အသံတစ်သံမှာ ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်လာသည်…
"ထျန်းချွဲမြို့တော်သခင် မင်းက ငါ့ရဲ့ ချူမိသားစုကို ပြင်ပမိစ္ဆာတွေလို့ ပြောတာလား"
"ငါ့အမြင်မှာတော့... မင်းကိုယ်တိုင်ကသာ အဲ့ဒီမိစ္ဆာ ဖြစ်နေတာ ထင်တယ်"
ရုတ်တရက်ဆိုသလို အဝေးရှိ ဟင်းလင်းပြင်အတွင်း၌ ကြီးမားလှသော "ရွှမ်ဟွမ်အိုးကြီး" တစ်ခုမှာ ရုတ်ခြည်း ပေါ်လာပြီး အဆုံးမဲ့သော ရှေးဟောင်းပြီး လေးလံသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
၎င်းသည် ကောင်းကင်ကို ဖြတ်သန်းလာပြီး မျက်စိတစ်မှိတ်အတွင်း ထျန်းချွဲမြို့၏ အပေါ်ယံသို့ ရောက်ရှိလာတော့သည်။
ဟွမ်…
နောက်တစ်ခဏတွင်…အိုးကြီး၏ မြည်ဟည်းသံမှာ နားကွဲလုမတတ် ထွက်ပေါ်လာသည်။
မီးခိုးရောင်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းသရဖူ ဆောင်းထားသည့် ခန့်ညားသော ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထွက်ပေါ်လာသည်။
သူသည် ထျန်းချွဲမြို့၏ အပေါ်ယံတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး၊ မြို့အတွင်းရှိ ကျွမ်းကျင်သူ အများအပြားကို အထက်စီးမှ ငုံ့ကြည့်ကာ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်-
"ငါ မင်းကို မေးမယ်"
"ထျန်းချွဲမြို့တော်သခင်…မင်းဟာ လူသားမျိုးနွယ်ပဲ. ဒါပေမဲ့ ဒီနှစ်ပေါင်း သန်းချီတဲ့ ကာလပတ်လုံးမှာ မင်းဟာ တခြားမျိုးနွယ်စုတွေရဲ့ အင်အားတွေ ကြီးထွားလာအောင် ခွင့်ပြုပေးခဲ့ပြီး၊ ငါတို့ လူသားမျိုးနွယ်ရဲ့ ကံတရားတွေကိုတော့ အမြဲတမ်း နှိမ်နင်းခဲ့တယ်… မင်းရဲ့ ရည်ရွယ်ချက်က အတိအကျ ဘာလဲ"
ဘုန်း… ဘုန်း.
ထိုခန့်ညားသော ပုဂ္ဂိုလ်၏ စကားလုံးတိုင်းနှင့်အတူ၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုချင်းစီမှာ ပေါက်ကွဲထွက်လာသည်!
ခဏအတွင်းမှာပင် ထိုအရှိန်အဝါမှာ ထျန်းချွဲမြို့တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ ရှိနေသော မရေမတွက်နိုင်သော ပါရမီရှင်များမှာ သူတို့၏ ဝိညာဉ်များ တုန်ခါသွားကာ မလှုပ်ရှားနိုင်တော့ပေ…
ဤတည်ရှိမှုမှာ အလွန်အမင်း အစွမ်းထက်လှသည်…
မကြာမီမှာပင် တစ်စုံတစ်ယောက်က တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားသည်…
သူသည် ချူမိသားစု၏ အပြင်ပန်းတွင်ရှိသော ဧကရာဇ်ကြီး ငါးပါးထဲမှ တစ်ပါးဖြစ်ပြီး၊ တစ်ချိန်က ထိုက်ချန်းလောက၏ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးကို တစ်ဦးတည်း စောင့်ကြပ်ကာ၊ မရေမတွက်နိုင်သော ပြင်ပမိစ္ဆာများကို တစ်လက်မမျှ ရှေ့မတိုးနိုင်အောင် နှိမ်နင်းခဲ့သည့် ကြောက်မက်ဖွယ် ကျွမ်းကျင်သူကြီး ဖြစ်သည်!
တုံးဟန် ဧကရာဇ်….ချူချန်းရှန်း …
သူသည် ရှေးဟောင်း မသေမျိုးလက်နက်ဖြစ်သည့် "ရွှမ်ဟွမ်အိုးကြီး" ကို ကိုင်ဆောင်ထားသည်။
အိုးကြီး တစ်လုံးတည်းဖြင့် တောင်တန်းများနှင့် မြစ်ရေများကို ပြိုလဲစေနိုင်သလို… နေနှင့် လကိုလည်း နစ်မြုပ်စေနိုင်သည်။
သူသည် အပြင်ပန်းတွင် ဧကရာဇ် အဆင့်နှောင်းပိုင်း၌သာ ရှိနေသော်လည်း၊ လျှို့ဝှက်ချက်အနေဖြင့်မူ ဧကရာဇ် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူ၏ လက်ရှိအစွမ်းမှာ ပေချန်း ဧကရာဇ်ထက် အနည်းငယ်မျှ မနိမ့်ကျသည့်အပြင်…ပို၍ပင် သာလွန်နေသေးသည်။
"တုံးဟန် ဧကရာဇ်…”
ထျန်းချွဲမြို့တော်သခင်သည် မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း…လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်လည်ရရှိကာ အေးစက်စွာ ပြုံးလိုက်သည်…
"ငါ မြို့တော်သခင်က ကောင်းကင်ဘုံကို ကိုယ်စားပြုပြီး မျိုးနွယ်စုအားလုံးကို တန်းတူညီမျှ ဆက်ဆံတယ်…ဘယ်တုန်းကမှ ဘက်လိုက်တာမျိုး မရှိဘူး"
"ဟက်… တန်းတူညီမျှ ဟုတ်လား”
တုံးဟန် ဧကရာဇ်၏ မျက်လုံးများမှာ နက်ရှိုင်းနေပြီး… ထပ်ခါတလဲလဲ လှောင်ပြောင်လိုက်သည်…
"မင်းက လူတိုင်းကို တန်းတူ ဆက်ဆံတယ်ဆိုရင်…ဘာလို့ ဒီနေ့ ကောင်းကင်တာအိုရဲ့ ကံတရားကို ချမ်းသာမပေးတာလဲ…မင်း ချူမိသားစု တစ်ခုလုံးကို ဖယ်ထုတ်ခဲ့တယ်…ချူမိသားစုရဲ့ နတ်ဘုရားသားတော်က စာရင်းရဲ့ ထိပ်ဆုံးကို ရောက်နေတာတောင်မှ ကောင်းကင်တာအိုဆီကနေ ဘာမျက်နှာသာပေးမှုကိုမှ မရရှိခဲ့ဘူး”
"ငါ မြို့တော်သခင် ပြောပြီးသားပဲ…ဒီနေ့ ဖြစ်ပျက်သမျှဟာ ကောင်းကင်တာအိုရဲ့ အလိုတော်သက်သက်ပဲ..ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး" ထျန်းချွဲမြို့တော်သခင်က ခေါင်းခါလိုက်သည်။
"မင်းနဲ့ မသက်ဆိုင်ဘူး ဟုတ်လား"
၎င်းကို ကြားသောအခါ တုံးဟန် ဧကရာဇ်သည် ကောင်းကင်ကို ကြည့်ကာ ရယ်မောလိုက်သည်- "တကယ့်ကို ရယ်စရာကောင်းတာပဲ… မင်းကိုယ်တိုင်က ကောင်းကင်တာအိုကို ကိုယ်စားပြုတဲ့သူ ဖြစ်နေပြီးတော့…မင်းနဲ့ မသက်ဆိုင်ဘူးလို့ ပြောထွက်ရဲသေးတယ်"
"ကောင်းပြီ… ဒါဆိုရင်တော့၊ ဒီနေ့မှာ ငါက ချူမိသားစုကို ကိုယ်စားပြုပြီး မင်းရဲ့ ထျန်းချွဲမြို့နဲ့ တရားဝင် လမ်းခွဲမယ်…ငါတို့ကြားမှာတော့ အဆုံးမသတ်နိုင်တဲ့ တိုက်ပွဲပဲ ရှိတော့မယ်"
တုံးဟန် ဧကရာဇ်၏ စကားသံ ဆုံးသွားသည်နှင့်အမျှ၊ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ကြောက်မက်ဖွယ် အရှိန်အဝါများမှာ ရုတ်ခြည်း ပေါက်ကွဲထွက်လာတော့သည်…
ရှူး…
အားကောင်းလှသော အရှိန်အဝါမှာ ဟင်းလင်းပြင်အတွင်းသို့ ပျံ့နှံ့သွားပြီး၊ ထျန်းချွဲမြို့တစ်ခုလုံးကို ဖိခြေတော့မည့် လေးလံလှသော နတ်ဘုရားတောင်ကြီးတစ်ခုအလား လွှမ်းခြုံထားတော့သည်။
"ဘယ်လောက်တောင် ရဲရတာလဲ… မင်းတို့ ချူမိသားစုက ငါ့တို့ရဲ့ ထျန်းချွဲမြို့မှာ လူမရှိဘူးလို့ တကယ် ထင်နေတာလား၊ ထျန်းချွဲမြို့မှာ လာပြီး ရမ်းကားရဲအောင်လို့… မင်း သေချင်နေတာပဲ!"
ချက်ချင်းပင် ထျန်းချွဲမြို့၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူ အများအပြားမှာ ကောင်းကင်သို့ တစ်ဦးပြီးတစ်ဦး တက်လှမ်းလာကြသည်။
သူတို့သည် ထျန်းချွဲမြို့တော်သခင်၏ လက်အောက်ခံ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သူတို့၏ မျိုးနွယ်စုများမှာ မတူညီကြသော်လည်း အားလုံးမှာ ကောင်းကင်တာအို၏ ကောင်းချီးကို ရရှိထားသူများ ဖြစ်ကြသည်မှာ ခြွင်းချက်မရှိပေ…
သူတို့၏ စွမ်းအားမှာ တူညီသော အဆင့်ရှိသည့် အခြားဧကရာဇ်များထက် ပို၍ အားကောင်းပြီး၊ သူတို့ သေဆုံးသွားလျှင်ပင် ထျန်းချွဲမြို့အတွင်း၌ တစ်ဖန် ပြန်လည် မွေးဖွားနိုင်ကြသည်…
"ပုရွက်ဆိတ်တွေပဲ"
တုံးဟန် ဧကရာဇ်သည် အေးစက်စွာ ပြောလိုက်ပြီး လက်ညှိုးတစ်ချောင်းကို အမှတ်မထင် မြှောက်လိုက်ရာ၊ အတိုင်းအဆမရှိသော မြေကမ္ဘာတုန်ခါစေမည့် ဖိအားတစ်ခုမှာ ရုတ်ခြည်း ပေါက်ကွဲထွက်လာသည်။
အုန်း…
ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အမှုန့်အဖြစ် ပြိုကွဲသွားပြီး၊ အော်ဟစ်သံပင် မထွက်နိုင်ခင်မှာတင် နေရာမှာတင် သေဆုံးသွားတော့သည်…
သို့သော်လည်း ကောင်းကင်တာအို၏ နတ်ဘုရားစွမ်းအား ကောင်းချီးကို ရရှိထားသဖြင့်၊ သူ၏ ပုံရိပ်မှာ မကြာမီမှာပင် ပြန်လည် စုစည်းလာပြီး ပေါ်လာပြန်သည်။
သို့သော်လည်း ပြန်လည်မွေးဖွားလာပြီးနောက်တွင် သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်နေပြီး ခန္ဓာကိုယ်မှာလည်း တုန်ယင်နေခြင်းကို မရပ်တန့်နိုင်တော့ပေ…
တကယ့်ကို ကြောက်စရာကောင်းလိုက်တာ…ဒါဟာ ချူမိသားစုရဲ့ ဧကရာဇ်ကြီး ငါးပါးထဲက တစ်ပါးလား…တုံးဟန် ဧကရာဇ်က တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်…
ဧကရာဇ်တစ်ပါးကို လက်ညှိုးတစ်ချောင်းတည်းနဲ့ နှိမ်နင်းသတ်ဖြတ်ပစ်လိုက်တယ်။
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ရှိနေသမျှ ပါရမီရှင်တွေနဲ့ အခမ်းအနားကို လာကြည့်ကြတဲ့ အင်အားစုကြီးတွေက ဘီလူးကြီးတွေအားလုံးဟာ ကြောက်လန့်ပြီး ဆွံ့အကုန်ကြတော့တယ်…
ဒါက လူသားတစ်ယောက် ဖြစ်နိုင်သေးရဲ့လား ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ကြက်တစ်ကောင်၊ ခွေးတစ်ကောင်လို သတ်ဖြတ်နေတာပဲ။ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားက တကယ်ကို မယုံနိုင်စရာကောင်းပြီး ကြက်သီးထစရာပဲ…
"တုံးဟန် ဧကရာဇ်…ငါ မြို့တော်သခင်ရဲ့ ရှေ့မှာ လာပြီး ပြဿနာ မရှာနဲ့"
"ဒီနေ့မှာ ငါ မြို့တော်သခင်ဘက်က မှားယွင်းမှု ရှိခဲ့လို့ မင်းကို အများကြီး အပြစ်မယူတော့ဘူး…မင်းရဲ့ ချူမိသားစု ပါရမီရှင်တွေကို မြန်မြန် ခေါ်ပြီး ထွက်သွားတော့…မဟုတ်ရင် ငါ မြို့တော်သခင်က ရက်စက်တယ်လို့ အပြစ်မတင်နဲ့"
ထျန်းချွဲမြို့တော်သခင်၏ မျက်နှာမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။
ဘုန်း... ဂြုန်း—
သူ၏ ဒေါသနှင့်အတူ၊ အဆုံးမဲ့သော သွေးရောင်မိုးကြိုးများမှာ ကောင်းကင်ယံထက်တွင် အဆက်မပြတ် ဟိန်းဟောက်နေပြီး၊ ကမ္ဘာပျက်တော့မည့်အလား ရှိနေသည်။
မှောင်မိုက်သော ကမ္ဘာဦးစွမ်းအင်များက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားပြီး အရာအားလုံးကို ဝါးမျိုတော့မည့်အလားပင်…
အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ထိုဖိအားကြောင့် လူတိုင်းမှာ သူတို့၏ သွေးများပင် ခဲသွားတော့မည့်အလား ခံစားလိုက်ရသည်။
၎င်းကို မြင်သောအခါ တုံးဟန် ဧကရာဇ်၏ မျက်နှာထားမှာလည်း မကြုံစဖူး တည်ကြည်လေးနက်သွားသည်။
သူသည် လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ၊ ချူမိသားစု တပည့်များအားလုံးကို အိုးကြီးထဲသို့ သိမ်းဆည်းလိုက်ပြီးနောက်၊ ထျန်းချွဲမြို့တော်သခင်ကို တစ်ဖန် ပြန်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်-
"မှတ်ထား…ဒီထိုက်ချန်းလောကမှာ ဘယ်သူမှ ငါ့ရဲ့ ချူမိသားစုကို လာပြီး မစိန်ခေါ်ရဲဘူး၊ မင်းရဲ့ ထျန်းချွဲမြို့တောင်မှ ခြွင်းချက် မဟုတ်ဘူး"
"တစ်နေ့ကျရင်... မင်းတို့အားလုံး ငါ့ရဲ့ ချူမိသားစုဆီကနေ လက်စားချေမှုကို ခံရလိမ့်မယ်"
ထိုစကားများ ဆုံးသွားသည်နှင့်အမျှ၊ ကြီးမားလှသော ရွှမ်ဟွမ်အိုးကြီးသည် ဟိန်းဟောက်ကာ ထွက်ခွာသွားတော့သည်။
တုံးဟန် ဧကရာဇ်၏ ပုံရိပ်မှာလည်း ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားပြီး၊ အချိန်အတော်ကြာအောင် ပျောက်ကွယ်မသွားနိုင်သော အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်ပေါင်းများစွာကိုသာ ကျန်ရစ်ခဲ့တော့သည်။