အခန်း (၃၅) - လျူယွင်ရှီးကို ကွပ်မျက်ခြင်း၊ ဘဝသုံးပါးတာအိုသစ်သီး ၏ စွမ်းအား
"ပျက်စီးစမ်း"
ထိုသို့ပြောပြီးနောက်၊ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြသော လူအားလုံး၏ ကြည့်ရှုနေမှုများကြားတွင်၊ ဟင်းလင်းပြင်နယ်မြေအတွင်း၌ အလွန်အမင်း တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရပ်နေသည့် ချူယွမ်က နောက်ထပ် စကားတစ်လုံးကို ဆိုလိုက်သည်။
ကွဲစမ်း....
ခဏအတွင်းမှာပင် ကောင်းကင်ယံကြီးမှာ တုန်ခါသွားပြီး၊ ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော်၏ ပုံရိပ်ယောင်ပေါ်တွင် ထူထပ်လှသော အက်ကြောင်းသံများ ထွက်ပေါ်လာတော့သည်။
ထို့နောက်တွင် "ဘုန်း" ခနဲ အသံနှင့်အတူ၊ ၎င်းမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်အနှံ့ လွင့်စင်သွားတော့သည်။
ဤမသေမျိုးလက်နက်၏ ပုံရိပ်ယောင် ပျက်စီးသွားသည်နှင့်အမျှ၊ ဝူဟန် ဧကရာဇ်၏ ဤကိုယ်ပွားမှာလည်း ချက်ချင်းပင် တစ်ဝက်ကျော်ခန့် ဝေဝါးသွားပြီး၊ လုံးဝ ပျောက်ကွယ်တော့မည့်အလား မှေးမှိန်သွားတော့သည်။
ထိုအခါမှသာ လူအုပ်ကြီးသည် ချူယွမ်၏ လက်ချောင်းထိပ်တွင် ဝဲပျံနေသည့် သေးငယ်လှသော ပျံလွှားဓားလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
ထိုပျံလွှားဓားလေးမှာ အလွန်တရာ သေးငယ်လှပြီး၊ သာမန် မျက်စိဖြင့် ကြည့်လျှင် သတိမထားမိနိုင်သော ဖုန်မှုန့်စလေးတစ်ခုအလား ရှိနေသည်။
သို့သော်လည်း ဤသေးငယ်လှသော လက်နက်လေးကပင် ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော်၏ ပုံရိပ်ယောင်ကို အတင်းအကျပ် အက်ကွဲစေကာ မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်အောင် ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။
ဤအရာကား အခြားမဟုတ်၊ ချူယွမ် ထိန်းချုပ်ထားသော မသေမျိုးဘုရင်တာအိုလက်နက်ဖြစ်သည့် "ဖျက်ဆီးခြင်း" ပင် ဖြစ်သည်။
"ဖျက်ဆီးခြင်း" သည် ၎င်း၏ သခင်ဖြစ်သူ၏ စိတ်အလိုအတိုင်း ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်သည်။
ဆံပင်တစ်မျှင်လောက် သေးငယ်သွားနိုင်သလို တောင်တစ်လုံးလောက် ကြီးမားသွားနိုင်သည်။ ငှက်မွေးတစ်ချောင်းလို ပေါ့ပါးသွားနိုင်သလို တောင်ပေါင်း တစ်သောင်းကျော်ထက်လည်း ပို၍ လေးလံသွားနိုင်သည်။
တိုက်စစ်ကော ခံစစ်ပါ စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်သည်။
ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော် ဆိုသည်မှာ သာမန် မသေမျိုးလက်နက် တစ်ခုမျှသာ။
စစ်မှန်သော မသေမျိုးဘုရင်တာအိုလက်နက်နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ "ဖျက်ဆီးခြင်း" သည် လက်ရှိတွင် သန္ဓေလောင်းအဆင့်မှာပဲ ရှိနေသေးသော်လည်း ၎င်းမှာ အဆပေါင်း ကုဋေကုဋာ သာလွန်နေဆဲပင်။
"ချူမိသားစုရဲ့ ကလေး... မဟုတ်ဘူး…ယွမ် ဧကရာဇ်… မင်းလက်ထဲက အဲ့ဒီအရာက ဘာလဲ… ငါ..."
ဝူဟန် ဧကရာဇ်မှာလည်း အလွန်အမင်း တုန်လှုပ်သွားရပြီး.. ချူယွမ်၏ လက်ထဲတွင် ရှိနေသောအရာမှာ ဘာလဲဟု မေးရန် ပြင်လိုက်စဉ်…
သို့သော်လည်း နောက်တစ်ခဏ၌…
ရှူး...
"ဖျက်ဆီးခြင်း" မှ ပြောင်းလဲသွားသော ပျံလွှားဓားလေးသည် မျက်စိတစ်မှိတ်အတွင်း သူ၏ ပုံရိပ်ယောင်ကို ဖောက်ထွက်သွားပြီး၊ ဝူဟန် ဧကရာဇ်၏ ဤစွမ်းအားအပိုင်းအစလေးကို လုံးဝ အမြစ်ပြတ် ချေမှုန်းပစ်လိုက်တော့သည်။
ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ ချက်ချင်း ပြိုကွဲသွားပြီး၊ အရပ်မျက်နှာအနှံ့ လွင့်စင်သွားသော အဆုံးမဲ့သည့် အလင်းမိုးစက်များအဖြစ် ပြောင်းလဲသွားတော့သည်။
"ဒါက ဘာလဲဆိုတာလား….ခင်ဗျားမှာ သိပိုင်ခွင့် မရှိဘူး..."
ဧကရာဇ်၏ ပုံရိပ်ယောင်ကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းဖျက်ဆီးပြီးနောက် ချူယွမ်သည် သူ၏ အကြည့်ကို လျူယွင်ရှီးထံသို့ တစ်ဖန် ပြန်လှည့်လိုက်သည်။
ဤအချိန်တွင် ယခင်ဘဝက မသေမျိုးဘုရင်မ တစ်ဦးဖြစ်ခဲ့ဖူးသော လျူယွင်ရှီးသည် "ဖျက်ဆီးခြင်း" ၏ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရသောအခါ ထိုပျံလွှားဓားလေး၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို မည်သို့လျှင် မသိဘဲ နေပါမည်နည်း။
မသေမျိုးဘုရင်တာအိုလက်နက်…
အထက်လောကမှာတောင် သွေးချောင်းစီးစေမယ့် တုန်လှုပ်ဖွယ်ရာ အထွတ်အထိပ် ရတနာကြီးပဲ။
ယခင်ဘဝတုန်းက လျူယွင်ရှီးကိုယ်တိုင်လည်း မသေမျိုးဘုရင်တာအိုလက်နက် တစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးသည်။
သို့သော် သူမ သေဆုံးသွားပြီးနောက် ထိုတာအိုလက်နက်မှာ အထက်လောက၏ တစ်နေရာရာတွင် ပျောက်ဆုံးသွားခဲ့ရသည်။
"မဟုတ်ဘူး…ဒါက မဖြစ်နိုင်ဘူး"
"ထိုက်ချန်းလောကလို နေရာမျိုးမှာ ဒီလို အရာမျိုး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ မင်းက အထက်လောကက လူလား…မင်းက အထက်လောကရဲ့ မျိုးနွယ်စုကြီး တစ်ခုခုက သခင်လေးတစ်ယောက်လား.မင်းက ဒီ ထိုက်ချန်းလောကကို... ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့အတွက်ပဲ ဆင်းလာတာလား"
လျူယွင်ရှီး၏ လှပသော မျက်လုံးများမှာ ပြူးကျယ်သွားပြီး၊ မျက်နှာတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေကာ၊ သူမ၏ နုနယ်သော ခန္ဓာကိုယ်မှာ တုန်ယင်နေတော့သည်။ သူမ၏ နှလုံးသားထဲတွင်လည်း နက်ရှိုင်းသော နောင်တနှင့် ဒေါသများက လှိုင်းထနေသည်။
အကယ်၍သာ ချူယွမ်မှာ မသေမျိုးဘုရင်တာအိုလက်နက် တစ်ခု ပိုင်ဆိုင်ထားမှန်း သူမ ကြိုသိခဲ့လျှင်၊ သူ့အပေါ်မှာ ဒီလို သတ်ဖြတ်လိုတဲ့ စိတ်ထားမျိုး ဘယ်လိုလုပ် ထားရဲပါ့မလဲ။
ဒီလူရဲ့ နောက်ခံဟာ စိတ်ကူးထားတာထက်တောင် ပိုပြီး ကြီးကျယ်နေမှာ သေချာတယ်။
သူမရဲ့ အရင်ဘဝက အဆင့်အတန်းနဲ့တောင် သူ့ကို ရန်စရဲမှာ မဟုတ်ဘူး။
သူဟာ အထက်လောကက အနှိုင်းမဲ့ ပါရမီရှင်တစ်ယောက်မှန်း သိခဲ့ရင်၊ သူမ သူ့ကို ဘယ်လိုလုပ် ပြစ်မှားမိပါ့မလဲ။
ခဏအတွင်းမှာပင် လျူယွင်ရှီးမှာ နောင်တကြီးစွာ ရနေတော့သည်။
သူမ၏ တစ်ကိုယ်လုံးမှာ ကြောက်ရွံ့မှုကြောင့် မရပ်မနား တုန်ယင်နေသည်။
သူမသည် နောက်ဆုံးမှ ရလာသော ဤဘဝအသစ်ကို ဤနေရာတွင် အဆုံးမသတ်ချင်ပေ။
အသက်ရှင်နေရသရွေ့ သူမ ဘာမဆို လုပ်ရန် အဆင်သင့်ရှိသည်။
ဒီ ချူယွမ်ရဲ့ မောင်းမတစ်ယောက်အဖြစ် လုပ်ရမယ်ဆိုရင်တောင် သူမ လက်ခံမှာ ဖြစ်သည်။
"ယွမ် ဧကရာဇ်... ကျွန်မရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်..."
ရုတ်တရက်ဆိုသလို လျူယွင်ရှီးသည် မသေမျိုးဘုရင်မ တစ်ဦး၏ ဂုဏ်သိက္ခာ သို့မဟုတ် နတ်ဘုရားမ တစ်ဦး၏ အဆင့်အတန်းကို ဂရုမစိုက်တော့ပေ။
သူမသည် မြေပြင်ပေါ်သို့ ပစ်လှဲကာ ချူယွမ်ကို အပြင်းအထန် ဦးတိုက်ရင်း အသက်ကို ချမ်းသာပေးရန် အသနားခံနေတော့သည်။
ယခင်က မောက်မာပြီး လူတိုင်းထက် သာလွန်သည်ဟု ထင်မှတ်နေသောသူမှာ၊ ယခုအခါတွင် ယုတ်ညံ့သော ခွေးတစ်ကောင်အလား ချူယွမ်၏ ခြေရင်းတွင် ဝပ်စိုး၍ အသည်းအသန် အသနားခံနေရတော့သည်။
【တိန်…ခြောက်ဆင့်ရှိသော ကံတရားသားတော် "လျူယွင်ရှီး" ၏ တာအိုနှလုံးသား ပျက်စီးသွားကြောင်း တွေ့ရှိရသည်…ဗီလိန်အမှတ် (၁၀) သန်း ရရှိပါသည်】
ဤအချိန်တွင် ဗီလိန်စနစ်၏ အသံမှာ တစ်ဖက် ပြန်လည် ထွက်ပေါ်လာသည်။
လျူယွင်ရှီး၏ တာအိုနှလုံးသားမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်မှာ ထင်ရှားလှသည်။
သူမသည် ကံတရားသားတော် တစ်ဦးဖြစ်သော်လည်း… အသက်ရှင်ကျန်ရစ်ရန်အတွက် သူမ၏ ရန်သူဖြစ်သော ချူယွမ်ကို အသနားခံရန် ရွေးချယ်ခဲ့သည်မှာ သူမ၏ စိတ်အတွင်းပိုင်း မည်မျှအထိ ပျာယာခတ်ပြီး ထိတ်လန့်နေသည်ကို သက်သေပြနေခြင်းပင်။
"ပြီးသွားပြီလား"
ဗီလိန်အမှတ် (၁၈) သန်း အပြည့်အဝ ရရှိထားသဖြင့် ချူယွမ်မှာ စိတ်အခြေအနေ တော်တော်လေး ကောင်းမွန်နေသည်။
သူသည် လျူယွင်ရှီး ဒူးထောက်နေသည့် နေရာသို့ တိုက်ရိုက် လျှောက်လှမ်းသွားကာ၊ သူမကို အပေါ်စီးမှ ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"အသက်ကို ချမ်းသာပေးရမယ်… ငါ ဧကရာဇ်က မင်းကို မေးမယ်... မင်း ဘာအပြစ်တွေ လုပ်ခဲ့လဲ။"
ဘုန်း…
ကောင်းကင်တုန်ဟိန်းစေသော ဧကရာဇ် အရှိန်အဝါများမှာ တစ်ဖက် မြင့်တက်လာပြန်သည်။
လက်ရှိ ချူယွမ်သည် မိမိကိုယ်မိမိ "ဒီသခင်လေး" ဟု မခေါ်ဆိုတော့ဘဲ "ငါ ဧကရာဇ်" ဟုသာ သုံးနှုန်းတော့သည်။
ဝူဟန် ဧကရာဇ်၏ ပုံရိပ်ယောင်ကို ထိပ်တိုက်ရင်ဆိုင် အနိုင်ယူခဲ့ပြီး သူ၏ စွမ်းအားကို အပြည့်အဝ ပြသခဲ့သည့် အထွတ်အထိပ် ဧကရာဇ် တစ်ပါး…
မိမိကိုယ်မိမိ "ငါ ဧကရာဇ်" ဟု ခေါ်ဆိုခြင်းမှာ သဘာဝကျလှပေသည်။
ထိုစကားကို ကြားသောအခါ လျူယွင်ရှီး၏ လှပသော မျက်နှာမှာ သေလူတစ်ယောက်အလား ဖြူလျော်သွားသည်။
သူမ၏ နှုတ်ခမ်းများမှာ အတော်ကြာ တုန်ယင်နေပြီးနောက် နောက်ဆုံးတွင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်မ အနေနဲ့ ယွမ် ဧကရာဇ်ကို မပြစ်မှားသင့်ပါဘူး…ချူမိသားစုရဲ့ ပါရမီရှင်တွေကို သတ်ဖို့ လူတွေကိုလည်း မစေလွှတ်သင့်ပါဘူး… ပြီးတော့ ယွမ် ဧကရာဇ်အပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်းလည်း မပြောသင့်ပါဘူး..."
လျူယွင်ရှီးမှာ မြေပြင်ပေါ်တွင် ဒူးထောက်ရင်း တုန်ရီနေသော အသံဖြင့် ပြောနေရှာသည်။
ထိုက်ချန်းလောက၏ မရေမတွက်နိုင်သော မျိုးဆက်သစ်များမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
မောက်မာစွာ မွေးဖွားလာခဲ့သည့် လျူမိသားစု၏ နတ်ဘုရားမသည် ယနေ့တွင် အခုလို အခြေအနေမျိုးသို့ ရောက်ရှိသွားကာ မြေပြင်ပေါ်တွင် ဒူးထောက်၍... အသည်းအသန် အသနားခံနေရလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
"အော်"
သူမ၏ စကားများကို ကြားပြီးနောက် ချူယွမ်၏ အကြည့်မှာ ပို၍ပင် အေးစက်သွားကာ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့် အပြုံးလေးတစ်ခု ပေါ်လာသည်။
"မင်းရဲ့ အပြစ်ကို မင်းသိတယ်ဆိုရင်…ဒါဆို သေလိုက်တော့..."
ချောက်…
စကားပင် မဆုံးသေးခင် ချူယွမ်၏ ဘေးတွင် ဝဲပျံနေသော "ဖျက်ဆီးခြင်း" သည် တစ်ဖန် ပြန်လည် ထွက်ခွာသွားပြီး၊ မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်နယ်မြေကို ဖောက်ထွက်သွားတော့သည်။
ရှပ်…
ခဏအတွင်းမှာပင် လျူယွင်ရှီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးမြူတိမ်များအဖြစ် ပြောင်းလဲသွားပြီး… အလောင်းပင် မကျန်တော့ချေ။
"ယွမ် ဧကရာဇ် …မင်း ဘယ်လိုတောင် ရဲရတာလဲ"
ထိုက်ချန်းလောကအတွင်း၌ ဝူဟန် ဧကရာဇ်၏ ဟိန်းဟောက်သံမှာ ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားပြီး ငရဲပြည်ကိုပင် ပြိုကျစေမည့်အလား ရှိနေသည်။
သို့သော်လည်း သူ မည်မျှပင် ဟိန်းဟောက်ပါစေ…လျူမိသားစု၏ ထိုနတ်ဘုရားမမှာ ဤနေရာတွင် လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
သို့သော်လည်း လျူယွင်ရှီးကို ကိုယ်တိုင် သတ်ပြီးနောက်တွင်၊ ဟင်းလင်းပြင်နယ်မြေအတွင်း၌ ရှိနေသော ချူယွမ်မှာ မျက်မှောင်ကြုတ်သွားရသည်။
ဘာကြောင့်လဲဆိုတော့ ဤအချိန်တွင် ထွက်ပေါ်လာသော စနစ်၏ အသံထဲ၌ လျူယွင်ရှီး သေဆုံးသွားကြောင်း အသိပေးချက် မပါဝင်သောကြောင့်ပင်။
【တိန်…ခြောက်ပွင့် ရှိသော ကံတရားသားတော်ကို အနိုင်ယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်၊ ဗီလိန်အမှတ် (၃၀) သန်း ရရှိပါသည်!】
【သင်သည် တစ်ဖက်လူ၏ ကံတရားများထဲမှ တစ်ခုကို ကျပန်း လုယူနိုင်ပါသည်】
【တိန်… တစ်ဖက်လူ၏ ကံတရား အလင်းရောင် အကျိုးသက်ရောက်မှုကို တွေ့ရှိရသည်၊ ၎င်းမှာ- ဘဝသုံးပါးတာအိုသစ်သီ (အသုံးပြုနိုင်စွမ်း သုည ကြိမ် ကျန်ရှိသည်) ပင် ဖြစ်သည်】
【ဘဝသုံးပါးတာအို သစ်သီး ကောင်းကင်တာအို၏ ကံတရားများကို စုစည်း၍ သွန်းလုပ်ထားသော မသေမျိုးဘုရင်တာအိုသီးနှံ တစ်ခု ဖြစ်သည်။ ဘဝသုံးပါး ပိုင်ဆိုင်နိုင်ပြီး၊ ဝိညာဉ်နှင့် မူလအစ ပျက်စီးသွားရင်တောင် တစ်ဖန် ပြန်လည် မွေးဖွားနိုင်စွမ်း ရှိသည်။
ယခု သင်သည် သူမကို သတ်လိုက်သဖြင့် နောက်ဆုံးသော ပြန်လည်မွေးဖွားခြင်း အခွင့်အရေးကို အသုံးပြုလိုက်ပြီ ဖြစ်သည်။ သူမသည် ထိုက်ချန်းလောက၏ တစ်နေရာရာတွင် ကျပန်း ပြန်လည်မွေးဖွားလာပါလိမ့်မည်】
ကံတရားအလင်းရောင်၏ အကျိုးသက်ရောက်မှုများကို စစ်ဆေးပြီးနောက်တွင် ချူယွမ်သည် အခြေအနေကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရောင်အဝါများ ဖြတ်ပြေးသွားတော့သည်။
လျူယွင်ရှီးဟာ အစကနေ အဆုံးထိ ဘာလို့ သူမရဲ့ မသေမျိုးဘုရင်တာအို သစ်သီး စွမ်းအားကို မပြတာလဲဆိုတာ မဆန်းတော့ဘူး။
အဲ့ဒါက သူမရဲ့ ကံတရားအလင်းရောင်နဲ့ ပေါင်းစပ်သွားပြီး သူမကို အသက်သုံးချောင်း ပေးထားခဲ့တာကိုး…ဒါကြောင့်ပဲ သူမ ငါ့လက်ထဲကနေ လွတ်မြောက်နိုင်ခဲ့တာပဲ။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လျူယွင်ရှီး ဆိုတဲ့ နာမည်ကတော့ လုံးဝ ပျောက်ကွယ်သွားပြီ။
တစ်ဖက်လူ ဘယ်လိုပဲ ပြန်လည်မွေးဖွားလာပါစေ အခု လက်ရှိ ချူယွမ်ရဲ့ ပြိုင်ဘက် ဖြစ်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။
"နောင်မှာ ချူမိသားစုကို ပြန်တဲ့အခါကျရင် သေချာ စုံစမ်းရမယ် အကယ်၍ အင်အားစု တစ်ခုခုမှာ 'ကိုးပေါက်ထူးချွန်ခန္ဓာ' နဲ့ ကလေးတစ်ယောက် မွေးလာတယ်ဆိုရင်၊ အဲ့ဒါဟာ လျူယွင်ရှီး ပြန်လည်မွေးဖွားလာတာ ဖြစ်ရမယ်"
ချူယွမ်၏ အတွေးများမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ လျူယွင်ရှီး မည်သို့ပင် ပြန်လည်မွေးဖွားလာပါစေ သူမသည် "ကိုးပေါက်ထူးချွန်ခန္ဓာ" ပိုင်ဆိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်နေမည်ကို မကြာမီမှာပင် သူ သဘောပေါက်လိုက်သည်။
အကယ်၍ သတင်းရခဲ့မည်ဆိုလျှင်၊ သူသည် ထိုနေရာသို့ သွားရောက်ကာ အမြစ်ပြတ် သုတ်သင်ပစ်ရုံသာ ရှိတော့သည်။
...
တစ်ချိန်တည်းမှာပင်။
ရှေးဟောင်း စွန့်ပစ်မိသားစုကြီးများထဲမှ တစ်ခုဖြစ်သော ရှန်း မိသားစု။
"ဘုန်း…”
ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံများ ဟိန်းဟောက်သွားပြီး၊ ထူးဆန်းသော ဖြစ်ရပ်များမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ကောင်းကင်ယံတစ်ခုလုံးမှာ ရောင်စုံတိမ်တိုက်များဖြင့် ပြည့်နှက်နေပြီး၊ ကိုးထပ်သော မင်္ဂလာအရောင်အဝါများမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။ အဆုံးမဲ့သော ကောင်းကင်ယံထက်တွင် နုနယ်လှသော နတ်နန်းတော်တစ်ခုမှာ မြေပြင်မှ ထိုးထွက်လာသည့်အလား ရှိနေကာ၊ အတိုင်းအဆမရှိသော ရတနာအလင်းတန်းများကို ထုတ်လွှတ်နေတော့သည်။
"မိသားစုခေါင်းဆောင်ကြီးကို ဂုဏ်ပြုပါတယ်၊ ဒါဟာ 'ကိုးပေါက်ထူးချွန်ခန္ဓာ' ရဲ့ ဖြစ်ရပ်ဆန်းပါပဲ"
"ဒုတိယ သခင်မလေးဟာ အထွတ်အထိပ် မသေမျိုး သန္ဓေလောင်းရဲ့ အရည်အချင်းနဲ့ မွေးဖွားလာတာပါ…လျူမိသားစုရဲ့ ထိုနတ်ဘုရားမလိုပဲ…သူမဟာ နောင်မှာ သေချာပေါက် ဧကရာဇ် ဖြစ်လာပြီး မသေမျိုးအဖြစ် တက်လှမ်းနိုင်မှာပါ"
သူ၏ အစေခံထံမှ သတင်းပို့မှုကို ကြားသောအခါ၊ လက်ရှိ ရှန်းမိသားစု ခေါင်းဆောင်ဖြစ်သူ "ရှန်းဝူယွင်" မှာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဟားဟား… ငါ့ရဲ့ သမီးကြီး ရှန်းယောင် ကလည်း အခုတလော ကျင့်ကြံမှုမှာ အရှိန်အဟုန်နဲ့ တိုးတက်နေပြီး၊ ခဏလေးအတွင်းမှာပဲ နတ်ဘုရားအဆင့်၉ဆင့် ကို ရောက်တော့မယ်"
"ပြီးတော့ အခု ဒီ ဒုတိယသမီးလေးကလည်း မွေးမွေးချင်းမှာပဲ အခုလို အထွတ်အထိပ် မသေမျိုးခန္ဓာကို ပိုင်ဆိုင်ထားတယ်! ကောင်းကင်ဘုံက ငါ့ရဲ့ ရှန်းမိသားစုကို စောင့်ရှောက်တာပဲ... ကောင်းကင်ဘုံက ငါ့ရဲ့ ရှန်းမိသားစုကို စောင့်ရှောက်တာပဲ"
"အမိန့်ထုတ်လိုက်…ငါ့သမီးလေး မွေးဖွားလာတာကို ဂုဏ်ပြုတဲ့အနေနဲ့၊ ငါ မိသားစုခေါင်းဆောင်က ကမ္ဘာပေါ်က သူရဲကောင်းတွေကို ဖိတ်ကြားပြီး တည်ခင်းဧည့်ခံမယ်… ငါတို့ ရှန်းမိသားစုမှာ ခေတ်အဆက်ဆက် မရှိဖူးသေးတဲ့ အထွတ်အထိပ် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြီဆိုတာကို ထိုက်ချန်းလောကက လူတွေကို သိအောင် လုပ်လိုက်စမ်း”