အခန်း (၃၄) - မသေမျိုးလက်နက်၊ ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော်
"ဟဲဟဲ... ဝူဟန် ဧကရာဇ်၊ လျူမိသားစုရဲ့ ဘိုးဘေးကြီးတစ်ယောက်အနေနဲ့၊ ထာဝရနယ်ပယ်ထဲကို ခြေတစ်ဖက် လှမ်းထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က”
“ဒီနေ့ ငါ့လို မျိုးဆက်သစ်တစ်ယောက်ကို အခုလို ကိုယ်တိုင်ကိုယ်ကျ လာတိုက်ခိုက်တယ်ပေါ့”
“ တကယ်ပဲ 'အရှက်' ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်း မသိတော့တာလား"
ကောင်းကင်ယံထက်တွင် ချူယွမ်သည် ဝူဟန် ဧကရာဇ်၏ ပုံရိပ် ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။
သို့သော်လည်း သူသည် လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ၊ သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားကာ လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"မျိုးဆက်သစ် ဟုတ်လား"
"ဟွန့်… မင်းက ဧကရာဇ်နယ်ပယ်ထဲကို ခြေချပြီးပြီ ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် 'ယွမ် ဧကရာဇ်' လို့တောင် ဘွဲ့အမည် ခံထားတာပဲ…ဒါဆိုရင် မင်းဟာ မျိုးဆက်သစ်တစ်ယောက် မဟုတ်တော့ဘူး။ ဒီနေ့ ငါ ဒီနေရာကို ဆင်းသက်လာရတာဟာ... ယွမ် ဧကရာဇ်ကို သတ်ဖို့ သက်သက်ပဲ"
ဘုန်း…
ဝူဟန် ဧကရာဇ်၏ အသံမှာ ကောင်းကင်မိုးခြိမ်းသံကြီးအလား ဟိန်းဟောက်သွားပြီး၊ သူ၏ အတိုင်းအဆမရှိ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်နှင့် နေမင်းကြီးကို ကွယ်ထားကာ ဟင်းလင်းပြင်နယ်မြေတစ်ခုလုံးကို မရပ်မနား တုန်ခါသွားစေတော့သည်။ ၎င်းမှာ အချိန်မရွေး ပြိုကျပျက်စီးသွားတော့မည့်အလား ရှိနေသည်။
"မြို့စားကြီးခင်ဗျား…လျူမိသားစုရဲ့ ဘိုးဘေးကြီးက နဂါးပုန်းအစည်းအဝေးမှာ သူ့သဘောနဲ့သူ အခုလို ဝင်ပါနေတာဟာ အလွန်တရာ မသင့်တော်ဘူးလို့ မထင်ဘူးလား။
ချူမိသားစု နတ်ဘုရားသားတော်က ဧကရာဇ်နယ်ပယ်ထဲ ခြေချနိုင်ခဲ့တယ် ဆိုပေမဲ့၊ သူ ကျင့်ကြံတဲ့ သက်တမ်းက အရမ်းတိုတောင်းလွန်းသေးတယ်၊ သူနဲ့ ဝူဟန် ဧကရာဇ်ကြားက ကွာဟချက်က အရမ်းကြီးမားလွန်းတယ်။ သူ ကျဆုံးသွားမှာကို ကျွန်တော် စိုးရိမ်မိတယ်"
"ဟုတ်ပါတယ်၊ အသက်နှစ်ဆယ်နဲ့ ဧကရာဇ် ဖြစ်လာတယ်ဆိုတာ…ယွမ် ဧကရာဇ် ပေါ်ထွန်းလာတာဟာ ကျွန်တော်တို့ လူသားမျိုးနွယ်အတွက် ကောင်းချီးတစ်ခုပဲ၊ သူ ဒီနဂါးပုန်းအစည်းအဝေးမှာ အသတ်ခံရလို့ မဖြစ်ဘူး"
ထျန်းချွဲမြို့အတွင်း၌ အင်အားစုကြီးအချို့မှ ထိပ်သီး ကျွမ်းကျင်သူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ။
သူတို့၏ မျက်နှာထားများမှာ မနှစ်မြို့ဟန်ဖြင့် ပျက်ယွင်းသွားကြတော့သည်။
သူတို့အထဲတွင် ချူမိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် 'ထျန်းယွီ နတ်ဘုရားမင်းဆက်' မှ ဧကရာဇ်အိုကြီးက တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဟင်းလင်းပြင်နယ်မြေထဲမှာ အသက်နဲ့ သေခြင်းတရားဆိုတာ ကံတရားအပေါ်မှာပဲ မူတည်တယ်။"
"အကယ်၍ ယွမ် ဧကရာဇ်က မတိုက်ချင်ဘူးဆိုရင် သူ အရှုံးပေးပြီး ထွက်လာလို့ ရတာပဲ… ငါ မြို့စားကတော့ သူ့ကို ဒီအတိုင်း အသေခံခိုင်းမှာ မဟုတ်ပါဘူး၊ သူ့ရဲ့ ဘေးကင်းရေးကို အာမခံပေးမှာပါ"
သို့သော်လည်း ထျန်းချွဲမြို့စားမှာ ထိုစကားကို ကြားသောအခါ၊ မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့်သာ ပြန်လည် ဖြေကြားခဲ့သည်။
သူ၏ လက်ကြီးတစ်ချက်ကို ဝေ့ယမ်းလိုက်သည်နှင့်၊ ဟင်းလင်းပြင်နယ်မြေ၏ ကမ္ဘာ့အတားအဆီးများမှာ ပို၍ပင် ခိုင်ခံ့သွားခဲ့ပြီး…ဝူဟန် ဧကရာဇ် အနေဖြင့် အတွင်း၌ သောင်းကျန်းကာ ချူယွမ်ကို သတ်နိုင်ရန် သူက သဘောတူလိုက်သည့်အလား ရှိနေသည်။
"အရှုံးပေးပြီး ထွက်လာရမယ် ဟုတ်လား"
"ထျန်းချွဲမြို့စား... မင်းက..."
ထျန်းယွီ နတ်ဘုရားမင်းဆက်မှ ဧကရာဇ်အိုကြီးမှာ ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားတော့သည်။
အခြားသော အရေးပါသည့် ပုဂ္ဂိုလ်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါလိုက်ကြသည်။
အခုတော့ ထျန်းချွဲမြို့စားပင်လျှင် ချူမိသားစုအပေါ် ရန်လိုသော သဘောထားကို ပြသနေပြီ ဖြစ်သည်မှာ ထင်ရှားလှသည်။
ယနေ့တွင် သူတို့သည် ဝူဟန် ဧကရာဇ်ကို အသုံးချပြီး ချူမိသားစုကို နှိမ်နင်းရန် ကြံစည်နေကြခြင်းပင်။
"ဘိုးဘေးကြီး…ချူယွမ်ကို သတ်ပေးပါ၊ ဒီကောင်လေးဆီမှာ ကြီးမားတဲ့ လျှို့ဝှက်ချက် ရှိနေတာ သေချာတယ်…အကယ်၍ ကျွန်မတို့ လျူမိသားစုသာ အဲ့ဒါကို ရလိုက်ရင်၊ ကျွန်မတို့ဟာ ထိုက်ချန်းလောကကို စိုးမိုးနိုင်ပြီး နောင်မှာ မသေမျိုးတွေ အများကြီးကို မွေးထုတ်ပေးနိုင်လိမ့်မယ်…ပြီးရင် အထက်လောကကိုပါ တက်လှမ်းနိုင်မှာပါ"
"ဘိုးဘေးကြီးအနေနဲ့ ချူယွမ်ကို သတ်ပြီး သူ့ရဲ့ ကံတရားကို သိမ်းပိုက်ပေးဖို့ ကျွန်မ တောင်းပန်ပါတယ်"
ဝူဟန် ဧကရာဇ်၏ နောက်ကွယ်တွင်၊ လျူယွင်ရှီးမှာ ကွာစီ ဧကရာဇ် ဆေးလုံးအချို့ကို ထပ်မံ မျိုချလိုက်သဖြင့် သူမ၏ ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။
ဤအချိန်တွင် သူမ၏ လှပသော မျက်နှာပေါ်၌ အရုပ်ဆိုးလှသော မျက်နှာထားများ ပြည့်နှက်နေသည်။
ငရဲပြည်မှ မိစ္ဆာမတစ်ဦးအလား၊ သူမသည် ချူယွမ်၏ အရေခွံကို ခွာပြီး အရိုးကို ထုတ်ပစ်ချင်နေကာ… သူ့ကို အပိုင်းပိုင်း အစစ ဖြစ်အောင် လုပ်ပစ်ချင်နေတော့သည်။
ချူယွမ်…
ဒီယုတ်ညံ့တဲ့ လူသားက သူမကို အခုလို အရှက်ခွဲရဲတယ် သူမကို လူတကာရဲ့ လှောင်ပြောင်စရာ ဖြစ်အောင် လုပ်ခဲ့တယ်။
တစ်ဖက်လူက ဧကရာဇ်တစ်ပါး ဖြစ်နေရင်ကော ဘာဖြစ်လဲ။
သူမ လျူမိသားစုရဲ့ ဘိုးဘေးကြီး ကိုယ်တိုင် ဆင်းသက်လာပြီဆိုမှတော့…သူဟာ သေချာပေါက် ဝိညာဉ်ပါ လွင့်စင်ပြီး သေရမှာပဲ။
"ကြီးမားတဲ့ ကံတရား… ကြီးမားတဲ့ လျှို့ဝှက်ချက် ဟုတ်လား"
ထိုစကားကို ကြားသောအခါ ဝူဟန် ဧကရာဇ်၏ မျက်လုံးများမှာ အနည်းငယ် လှုပ်ခတ်သွားပြီး အနက်ရှိုင်းဆုံးနေရာတွင် လောဘရိပ်များ ဖုံးကွယ်နေသည်။
မှန်ပေသည်။
အသက်နှစ်ဆယ်နဲ့ ဧကရာဇ် ဖြစ်လာတယ်ဆိုတာ ခေတ်အဆက်ဆက်မှာ မရှိဖူးတဲ့ ဖြစ်ရပ်ပဲ။
ချူယွမ်ရဲ့ ခန္ဓာကိုယ်ပေါ်က ကံတရားနဲ့ လျူဝှက်ချက်တွေဟာ စိတ်ကူးထားတာထက်တောင် ပိုပြီး ကြီးမားနေနိုင်တယ်။
ထိုက်ချန်းလောကတင်မကဘဲ အထက်လောကမှာတောင် ဒါဟာ ကမ္ဘာတုန်မတတ် ရတနာတစ်ခု ဖြစ်နေလောက်တယ်။
ဒီလို ကံတရားမျိုးကိုတော့ လုယူမှ ဖြစ်မယ်။
ဒီလို ကောင်းကင်ဘုံက ပေးတဲ့ ရတနာကိုသာ ရလိုက်ရင်၊ သူတို့ လျူမိသားစုရဲ့ စွမ်းအားဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာ ဖြစ်ပြီး၊ နောင်မှာ အထက်လောကမှာတောင် ခြေကုပ်ယူနိုင်မယ့် အထွတ်အထိပ် မျိုးနွယ်စုကြီး တစ်ခု ဖြစ်လာလိမ့်မယ်။
ဤသည်ကို တွေးမိသောအခါ ဝူဟန် ဧကရာဇ်မှာ စကားအပို မပြောတော့ပေ။
သူ၏ ညာဘက်လက်ဝါးကို ဖြန့်လိုက်သည်နှင့်၊ အဖြူရောင် ကျောက်စိမ်းဖြင့် သွန်းလုပ်ထားသည့်အလားရှိသော ကျောက်စိမ်းတံဆိပ်တော်တစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ ခေါင်းပေါ်တွင် ဝဲပျံလျက် အဆုံးမဲ့သော မင်္ဂလာရှိသည့် အငွေ့အသက်များကို ထုတ်ဖော်နေတော့သည်။
ထိုကျောက်စိမ်းတံဆိပ်တော်ပေါ်တွင် အဆုံးမဲ့သော လျှို့ဝှက်ဆန်းပြားသည့် စာလုံးများမှာ အစဉ်အမြဲ စီးဆင်းနေပြီး၊ ထူးဆန်းသော အသံများမှာလည်း ထွက်ပေါ်နေသည်။
၎င်းမှာ နတ်ဘုရားများ၏ ဂါထာမန္တန်များကို ရွတ်ဆိုနေသည့်အလား ရှိနေပြီး၊ ၎င်းကို ကြားလိုက်ရရုံမျှဖြင့် ကျင့်ကြံသူ အများအပြား၏ ဝိညာဉ်များမှာ တုန်လှုပ်သွားကာ၊ နေရာတင် ဝပ်စိုးပြီး ဒူးထောက်အညံခံချင်စိတ်များ ပေါ်ပေါက်လာကြတော့သည်။
"မသေမျိုးလက်နက်… ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော် "
"သူ ရူးသွားပြီလား… ဝူဟန် ဧကရာဇ်က ယွမ် ဧကရာဇ်ကို သတ်ဖို့ အပိုင်ဆုံးဖြတ်ထားတာပဲ…”
ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော် ဆိုတာ လျူမိသားစုရဲ့ စစ်မှန်တဲ့ မိသားစုစောင့်ရှောက်ရေး ရတနာပဲ။
အဲ့ဒါက ဧကရာဇ်လက်နက်တွေကို ကျော်လွန်တဲ့ မသေမျိုးလက်နက် တစ်ခုပဲ။ ဒါက ပုံရိပ်ယောင် ဆင်းသက်လာတာ ဆိုရင်တောင်၊ သူ့ရဲ့ စွမ်းအားက သာမန် ဧကရာဇ်လက်နက်တွေထက် အများကြီး သာလွန်တယ်"
"ဒီလို မသေမျိုးလက်နက်မျိုးကို အသက်သွင်းလိုက်ပြီဆိုရင်၊ ဧကရာဇ်နယ်ပယ်ထဲကို အခုမှ ခြေချထားတဲ့ ယွမ် ဧကရာဇ် နေနေသာသာ၊ ထျန်းချွဲ အရှင်သခင်လို ပုဂ္ဂိုလ်ကြီးမျိုးတောင်... ဖိနှိပ်ခံလိုက်ရနိုင်တယ်"
မျက်စိတစ်မှိတ်အတွင်းမှာပင် ထျန်းချွဲမြို့ပေါ်ရှိ ကျွမ်းကျင်သူ အများအပြားနှင့် ထိုက်ချန်းလောက တစ်ခုလုံးရှိ ဤမြင်ကွင်းကို ကြည့်နေကြသော ပုဂ္ဂိုလ်ကြီးများမှာ မျက်နှာပျက်သွားကြတော့သည်။
၎င်းမှာ စစ်မှန်သော မသေမျိုးလက်နက် တစ်ခု ဖြစ်သည်။
ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော်၏ စွမ်းအားမှာ အတိုင်းအဆမရှိလှပေ။
ဤအရာ နောက်ဆုံး ပေါ်ထွက်လာခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခန့်ကပင် ဖြစ်သည်။
ထိုစဉ်က ပြင်ပလောကမှ မိစ္ဆာပေါင်း ခုနစ်ဘီလီယံ ကျော် ကျူးကျော်လာမှုကို ရင်ဆိုင်ရန်အတွက် ဝူဟန် ဧကရာဇ်သည် ဤ "ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော်" ကို အသုံးပြုခဲ့ပြီး၊ မျက်စိသုံးချက် မှိတ်လိုက်ရုံမျှသော အချိန်အတွင်း... ထိုမိစ္ဆာတပ်မတော် တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲမှာ ထိုက်ချန်းလောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ကြီးမားသော လှုပ်ခတ်မှု ဖြစ်စေခဲ့သည်။
အထက်လောကပင် ထိုသတင်းကို ရရှိခဲ့သည်။
သူတို့သည် မသေမျိုးစစ်မှန်သူ စေတမန် နှစ်ဦးကို အောက်လောကသို့ စေလွှတ်ကာ၊ "ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော်" ကို ရယူရန်အတွက် လျူမိသားစုထံသို့ မသေမျိုးတက်လှမ်းခြင်း အမိန့်တော်ပြား သုံးခုဖြင့် လဲလှယ်ရန် ကမ်းလှမ်းခဲ့သော်လည်း၊ နောက်ဆုံးတွင် လျူမိသားစုက သဘောမတူသဖြင့် ထိုမသေမျိုးစစ်မှန်သူ နှစ်ဦးမှာ လက်လျှော့ပြီး ပြန်သွားခဲ့ကြခြင်း ဖြစ်သည်။
"ပြီးသွားပြီ”
"ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော် ပုံရိပ် ဆင်းသက်လာပြီဆိုမှတော့၊ ဒီလို မသေမျိုးလက်နက်ရဲ့ စွမ်းအားအောက်မှာ ယွမ် ဧကရာဇ်ဟာ ချက်ချင်း သေဆုံးသွားမှာပဲ…တခြား ဘာမှ ဖြစ်နိုင်ခြေ မရှိဘူး"
"ထျန်းချွဲမြို့စားက မတရားလိုက်တာ…ယွမ် ဧကရာဇ်လို ပါရမီရှင်တစ်ယောက်ကို လျူမိသားစုရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် နေရာတင် အသတ်ခံခိုင်းနေတယ်… အခုကစပြီး ဒီနဂါးပုန်းအစည်းအဝေးဟာ ပြက်လုံးတစ်ခုပဲ ဖြစ်တော့မယ်"
ကျွမ်းကျင်သူ အများအပြားမှာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါလိုက်ကြပြီး…သူတို့၏ လေသံများမှာ နှမြောတသမှုများ ပြည့်နှက်နေသည်။
ချူမိသားစုနှင့် ရင်းနှီးသော ကျွမ်းကျင်သူ အချို့မှာမူ နဂါးပုန်းအစည်းအဝေးတွင် မည်သည့် တရားမျှတမှုမျှ မရှိတော့ကြောင်းနှင့် ထျန်းချွဲမြို့စား၏ လုပ်ရပ်မှာ... အလွန်ပင် မိုက်မဲရက်စက်လှကြောင်း ဆဲဆိုနေကြတော့သည်။
"ဟူး..."
"အကယ်၍ ယွမ် ဧကရာဇ်က အခုချက်ချင်း ဟင်းလင်းပြင်အမိန့်တော်ပြား ကို သုံးရင်တောင်၊ ထွက်ပြေးဖို့ နောက်ကျသွားပြီ! ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော်ရဲ့ စွမ်းအားက ပေါ်ထွက်လာပြီ ဖြစ်သလို ဘယ်သူမှလည်း ဒါကို တားနိုင်မှာ မဟုတ်ဘူး"
"ယွမ် ဧကရာဇ်က ကောင်းကင်ဘုံက ပေးတဲ့ ပါရမီရှင် တစ်ယောက်ပါ တကယ်ကို နှမြောစရာကောင်းတယ်"
အချိန်အတော်ကြာအောင် လူတိုင်းမှာ သက်ပြင်းချနေကြတော့သည်။
"ယွမ် ဧကရာဇ်... ငါ့ရဲ့ ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော် အောက်မှာ မင်းအတွက် လမ်းတစ်လမ်းပဲ ရှိတယ်၊ အဲ့ဒါကတော့ ပြာအဖြစ် ပြောင်းလဲသွားဖို့ပဲ"
ဝူဟန် ဧကရာဇ်၏ ပုံရိပ်မှာ ခန့်ညားထည်ဝါလှပြီး၊ သူ၏ ခေါင်းပေါ်တွင် အဖြူရောင် ကျောက်စိမ်းတံဆိပ်တော် ရှိနေကာ၊ သူ၏ တစ်ကိုယ်လုံးတွင် အဆုံးမဲ့သော နတ်ဘုရား အလင်းတန်းများ ပတ်ဝန်းကျင်၌ ဝဲပျံနေသည်မှာ၊ ရှေးဟောင်း နတ်ဘုရား နေမင်းကြီး တစ်စင်း လောကထဲသို့ ဆင်းသက်လာသည့်အလား ရှိနေတော့သည်။
ဤအချိန်တွင် သူသည် အရာအားလုံးကို နှိမ်နင်းနိုင်သော အနှိုင်းမဲ့ပြီး အနိုင်မရနိုင်သည့် အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။
ဝုန်း…
ဟင်းလင်းပြင်နယ်မြေအတွင်းရှိ နိယာမများ အားလုံးကို သူက အသုံးချလိုက်ရာ၊ အမြင့်မြတ်ဆုံးသော ကောင်းကင်ဧကရာဇ် ဆင်းသက်လာပြီး ကောင်းကင်ယံနှင့် စကြဝဠာကို ထိန်းချုပ်လိုက်သည့်အလား ရှိနေကာ၊ မည်သူမျှ သူ့ကို တားဆီးနိုင်စွမ်း မရှိတော့ချေ…
"သွားစမ်း”
ထိုစကားလုံးကို ပြောလိုက်သည်နှင့်၊ ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော်မှာ ပျံသန်းထွက်သွားပြီး လေထဲတွင် အရှိန်အဟုန်ဖြင့် ကြီးမားလာတော့သည်။
ယခင်က လက်မအနည်းငယ်မျှသာ ရှိသော ကျောက်စိမ်းတံဆိပ်တော်မှာ ခဏအတွင်းမှာပင် အဆပေါင်း ကုဋေကုဋာ ကြီးမားသွားပြီး ဟင်းလင်းပြင်နယ်မြေ၏ ကောင်းကင်ယံတစ်ခုလုံးကို ကွယ်ပျောက်သွားစေတော့သည်။
အတိုင်းအဆမရှိသော နတ်ဘုရား အစွမ်းသတ္တိများမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပြည့်နှက်သွားပြီး၊ အရပ်မျက်နှာ အနှံ့အပြားမှ စကြဝဠာကို ဖိနှိပ်ထားတော့သည်။
ဝိန်း...
ကျောက်စိမ်းတံဆိပ်တော်မှာ အစဉ်မပြတ် တုန်ခါနေပြီး၊ အလွန်တောက်ပလှသော အလင်းတန်းပေါင်း ကုဋေကုဋာ ထွက်ပေါ်နေသည်။
ထိုအလင်းတန်းများနှင့် နတ်ဘုရား အရောင်အဝါများတွင် အလွန်ပင် ကြွယ်ဝလှသော မသေမျိုး အနှစ်သာရနှင့် တာအိုစွမ်းအားများ ပါဝင်နေကာ၊ အလင်းတစ်တန်းချင်းစီမှာပင် တောင်တန်းများနှင့် မြစ်ချောင်းများကို ပြိုလဲစေနိုင်ပြီး၊ နက်ရှိုင်းသော အုတ်မြစ်ရှိသည့် ဧကရာဇ် ကျွမ်းကျင်သူတစ်ဦးကိုပင် အမြစ်ပြတ် သုတ်သင်ပစ်ရန် လုံလောက်လှသည်။
ယခုအခါ ဝူဟန် ဧကရာဇ်က ၎င်းကို အသက်သွင်းလိုက်သဖြင့်၊ ၎င်းမှာ လှိမ့်တက်လာသော ပင်လယ်လှိုင်းကြီးများအလား ဟိန်းဟောက်ကာ ကျဆင်းလာခဲ့ပြီး၊ ချူယွမ်ကို လုံးဝ အမှုန့်ဖြစ်သွားစေရန် မည်သည့် ညှာတာမှုမျှ မရှိဘဲ တိုက်ခိုက်လိုက်တော့သည်။
"ဟဲ..."
သို့သော်လည်း ဤအချိန်တွင် ချူယွမ်မှာ အေးစက်စွာ ပြုံးလိုက်ရုံသာ ရှိသည်။
သူသည် ကောင်းကင်နှင့် မြေကြီး၏ ဗဟိုချက်တွင် ရပ်နေပြီး၊ သူ၏ မျက်လုံးများမှာ အလွန်ပင် တည်ငြိမ်နေသည်။ အလင်းတန်းပေါင်း ကုဋေကုဋာနှင့် နတ်ဘုရား အရောင်အဝါများက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည့်တိုင်အောင်၊ သူသည် လုံးဝ ဒဏ်ရာရရှိခြင်း မရှိပေ။
"ဟမ့်…သေခါနီးဖြစ်နေတာတောင်၊ မောက်မာနေတုန်းပဲပေါ့"
ဝုန်း…
ဝူဟန် ဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူ၏ စိတ်အာရုံဖြင့် ခိုင်းစေလိုက်ရာ၊ ကောင်းကင်ယံကို ဖုံးလွှမ်းထားသော ရှေးဟောင်းကောင်းကင်ချီးမွမ်းတံဆိပ်တော်မှာလည်း ဖြည်းဖြည်းချင်း ဆင်းသက်လာတော့သည်။
၎င်းမှာ ကောင်းကင်ကြီး ပြိုကျလာသည့်အလား ရှိနေပြီး၊ ကောင်းကင်အောက်ရှိ သက်ရှိ သက်မဲ့ အရာအားလုံးကို အမှုန့်ဖြစ်အောင် ချေမှုန်းကာ ထာဝရ ပျက်စီးသွားစေရန် ကြံစည်နေခြင်း ဖြစ်သည်။
ဤတိုက်ခိုက်မှုမှာ ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။
ဟင်းလင်းပြင်နယ်မြေ အနီးရှိ ကျွမ်းကျင်သူအချို့မှာပင် ကမ္ဘာ့အတားအဆီး၏ အစိတ်အပိုင်းကြီးတစ်ခုမှာ အတင်းအကျပ် အက်ကွဲသွားသည်ကို မြင်လိုက်ရပြီး၊ အတွင်းဘက်ရှိ အဆုံးမဲ့သော နိယာမ အုတ်မြစ်များကိုပင် မြင်တွေ့လိုက်ရသည်။
"ဒါ... ဒါက နဂါးပုန်းအစည်းအဝေး ဟုတ်ရဲ့လား… ရှေးဟောင်း ကျွမ်းကျင်သူကြီးတွေရဲ့ တိုက်ပွဲတောင် ဒီလောက် ရှိမှာ မဟုတ်ဘူး ဒါက တကယ့်ကို ရူးသွပ်စရာပဲ..."
"ဒီလို တိုက်ခိုက်မှုမျိုးကို…ငါတို့ ရွှမ်ကျိုး ရှေးဟောင်းနိုင်ငံတော်က ဘိုးဘေးကြီးတောင် ခုခံနိုင်မှာ မဟုတ်ဘူး…ယွမ် ဧကရာဇ်တော့ သေချာပေါက် သေတော့မှာပဲ…”
"တကယ့်ကို ကြောက်စရာကောင်းတယ်..အရမ်း ကြောက်ဖို့ကောင်းတယ်"
တစ်စုံတစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး၊ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ တစ်ကိုယ်လုံး ချမ်းစိမ့်သွားတော့သည်။
သူတို့ သိထားကြသည်မှာ စစ်မှန်သော ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုသည် စိတ်ကူးတစ်ချက်ဖြင့်ပင် ကြယ်စင်ပင်လယ်များကို ဖျက်ဆီးနိုင်ပြီး ကောင်းကင်နှင့် မြေကြီးကို ပြိုလဲစေနိုင်သည်ကို ဖြစ်သည်။
ဒါပေမဲ့ အခုလို ကိုယ့်မျက်စိနဲ့ကိုယ် မြင်လိုက်ရတဲ့အခါမှာတော့ အတိုင်းအဆမရှိ တုန်လှုပ်မှုကို ခံစားရဆဲပင်။
သက်ရှိအားလုံးရဲ့ အထက်မှာ ရှိနေတဲ့ ဝူဟန် ဧကရာဇ်ဟာ ပုံရိပ်ယောင် ဆင်းသက်လာတာ ဆိုရင်တောင်၊ ဒါဟာ သာမန် ကျွမ်းကျင်သူတွေ ခုခံနိုင်တဲ့ အရာမျိုး မဟုတ်ဘူး၊ အရာအားလုံးကို လက်ဖျစ်တစ်ချက် တီးလိုက်ရုံနဲ့ ချေမှုန်းပစ်နိုင်တယ်။
"ချူယွမ်… နင်ဟာ နောက်ဆုံးတော့ သေရဖို့ ကံပါလာတာပဲ…နင်က ဒီနတ်ဘုရားသမီးတော်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"
"ဟားဟားဟား"
အနောက်ဘက်တွင် လျူယွင်ရှီးသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
သူမ၏ မျက်လုံးများမှာ နီရဲနေပြီး စိတ်အခြေအနေမှာ အလွန်ပင် ကြည်နူးနေတော့သည်။
သူမသည် ဤတိုက်ခိုက်မှုမှာ လွဲချော်လိမ့်မည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိနေကာ၊ ချူယွမ်မှာ နေရာတင် သနားစဖွယ် သေဆုံးသွားရမည် ဖြစ်သည်။
သို့သော်လည်း နောက်တစ်ခဏတွင်။
သူမ၏ မျက်နှာပေါ်ရှိ ကျေနပ်နေသော အပြုံးမှာ ရုတ်တရက် အေးခဲသွားပြီး၊ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလား သူမ၏ မျက်ဝန်းများမှာ သိသိသာသာ ကျဉ်းမြောင်းသွားတော့သည် -
"ဒါက... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဘုန်း…
ခဏအတွင်းမှာပင် ကြီးမားသော ဟိန်းဟောက်သံကြီးမှာ ကောင်းကင်ဘုံ ကိုးထပ်လုံးတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နားစည်များကို နာကျင်သွားစေတော့သည်။
လူတိုင်းက ပြန်လည် ကြည့်ရှုလိုက်ကြရာ၊ အတိုင်းအဆမရှိသော ဟင်းလင်းပြင်နယ်မြေအတွင်း၌၊ ကောင်းကင်ကြီးကို ထောက်ထားသည့်အလား ကြီးမားလှသော တံဆိပ်တော်ကြီးမှာ ချူယွမ်၏ ခေါင်းအထက် ပေတစ်ရာခန့်တွင် ကျဆင်းလာခဲ့သော်လည်း၊ နောက်ထပ် တစ်လက်မမျှပင် ရှေ့ဆက် မတိုးနိုင်တော့သည်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ မမြင်ရသော အင်အားတစ်ခုခုဖြင့် တားဆီးခြင်း ခံလိုက်ရသည့်အလား ရှိနေသည်။
၎င်းက မည်မျှပင် ကြီးမားသော စွမ်းအားများ ထုတ်ဖော်နေပါစေဦးတော့၊ အောက်ဘက်သို့ အနည်းငယ်မျှပင် ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။
ချူယွမ်မှာမူ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်ကာ၊ သူ၏ မျက်နှာထားမှာ အေးချမ်းနေပြီး၊ သူ၏ ဝတ်ရုံများမှာ လေထဲတွင် လွင့်ပျံနေတော့သည်။
အံ့ဩစရာကောင်းသည်မှာ၊ ထိုအရေးကြီးသော အချိန်တွင်။
သူသည် သူ၏ ဖြူလွလွ လက်ညှိုးလေး တစ်ချောင်းကို ပေတစ်ရာ အကွာမှနေ၍ ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ခြင်းပင်၊ ထိုလက်ညှိုးလေး တစ်ချောင်းတည်းဖြင့်... သူသည် ကမ္ဘာပျက်မတတ် ကြီးမားလှသော ထိုတံဆိပ်တော်ကြီးကို အတင်းအကျပ် တားဆီးလိုက်ပြီး၊ သူ၏ ခေါင်းအထက် လေထဲတွင် ရပ်တန့်သွားစေခဲ့ခြင်း ဖြစ်သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဤမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းလွန်းလှသဖြင့် ဝူဟန် ဧကရာဇ်၏ စိတ်ထဲတွင် လုံးဝ ဗလာ ဖြစ်သွားတော့သည်။
စောင့်ကြည့်နေကြသော လူအများအပြားမှာလည်း မှင်တက်သွားကြပြီး၊ သူတို့၏ နှလုံးသားများမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားကြရသည်။
ကောင်းကင်ယံကိုပင် ချေမှုန်းနိုင်သော ဤမျှ ကြောက်စရာကောင်းသည့် အထွတ်အထိပ် မသေမျိုးလက်နက်ကြီးကို၊ ယွမ် ဧကရာဇ်က လက်ညှိုးလေး တစ်ချောင်းတည်းနဲ့ တားထားနိုင်တယ်လား... ရှေ့ဆက်တိုးလို့မရအောင်ပါ လုပ်ထားနိုင်တယ် ဟုတ်လား…