အခန်း (၃၂) - ငါသည် ယွမ် ဧကရာဇ် ဖြစ်သည်
"ဒူးထောက်စမ်း"
ထိုအသံမှာ ဟင်းလင်းပြင်နယ်မြေအတွင်း ပဲ့တင်ထပ်နေဆဲပင် ဖြစ်သည်။
အတိုင်းအဆမရှိသော၊ ထိတ်လန့်စရာကောင်းလှသော ဧကရာဇ်တစ်ပါး၏ ဖိအားမှာ ကောင်းကင်ယံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ကာ၊ ပေါက်ကွဲထွက်လာသော ရေလှိုင်းကြီးများအလား အရပ်မျက်နှာ အနှံ့အပြားသို့ တိုးဝင်သွားတော့သည်။
ဘုန်း…
ပါရမီရှင် အသီးသီးတို့မှာ လက်ရှိတွင်
"ကြယ်ပေါင်းသောင်းခြောက်ထောင် နတ်ဘုရားစွမ်းအား" ၏ ထောက်ပံ့မှုကို ရရှိထားပြီး သူတော်စင်ဘုရင် အဆင့်သို့ ယာယီ ရောက်ရှိနေကြသော်လည်း၊ ဤချောက်နက်ကြီးအလား၊ အကျဉ်းထောင်ကြီးအလား ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကို ခုခံနိုင်စွမ်း လုံးဝ မရှိကြချေ။
တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ဒူးများမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကြပြီး ဟင်းလင်းပြင်ထဲမှာပင် ဝပ်စိုးလိုက်ကြရတော့သည်။
"ဒါက ဘာလဲ..."
လျူယွင်ရှီး၏ လှပသော မျက်နှာမှာ တည်ငြိမ်မှုကို ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။
လျူမိသားစု၏ နတ်ဘုရားသမီးတော် တစ်ယောက်အနေဖြင့် ဤကဲ့သို့သော စွမ်းအားမျိုးက ဘာကို ဆိုလိုသည်ကို သူမ မည်သို့ နားမလည်ဘဲ ရှိမည်နည်း။
ဧကရာဇ် အဆင့်…
ဒါဟာ စစ်မှန်ပြီး အမြင့်မြတ်ဆုံးဖြစ်တဲ့ ဧကရာဇ် တစ်ပါးရဲ့ စွမ်းအားပဲ။
ကြယ်ပေါင်းသောင်းခြောက်ထောင် ဧကရာဇ်မြှုပ်နှံခြင်း အင်း၏ ကောင်းချီးပေးမှုကို ခံထားရသော်လည်း၊ သူမသည်လည်း အခြားသော ပါရမီရှင်များကဲ့သို့ပင် ဤဖိအားအောက်၌ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေရကာ... ချက်ချင်းပင် ခေါင်းငုံ့ပြီး ဒူးထောက်ဝပ်စိုးချင်စိတ်များ ပေါ်ပေါက်နေတော့သည်။
"ဒါက မဖြစ်နိုင်ဘူး"
ထိုက်ချန်းလောကအတွင်း၌ ရှေးဟောင်း လေဟာနယ်မိသားစုကြီး အချို့နှင့် အမြင့်မြတ်ဆုံးသော သန့်ရှင်းသောမြေများမှ ခေါင်းဆောင်များမှာ ဤအချိန်တွင် အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်ကြတော့သည်။
ဧကရာဇ်အဆင့်…
ချူမိသားစုရဲ့ နတ်ဘုရားသားတော်က ဧကရာဇ် နယ်ပယ်ကို အမှန်တကယ် တက်လှမ်းသွားတာလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
လူတိုင်း သိထားကြသည်မှာ နဂါးပုန်းစာရင်းတွင် သူ၏ စစ်မှန်သော ဝိညာဉ်သက်တမ်းကို ဖော်ပြထားပြီး ဖြစ်သည်။
သူက အသက်နှစ်ဆယ်ကျော်လေးသာ ရှိသေးသည်လေ။
အသက်နှစ်ဆယ်ကျော်။
ရှည်လျားလှသော သက်တမ်းရှိသည့် သူတို့ကဲ့သို့ ကျင့်ကြံသူများအတွက်မူ ၎င်းမှာ မျက်စိတစ်ချက် မှိတ်လိုက် ဖွင့်လိုက်ရုံမျှသော အချိန်ကာလလေးသာ ဖြစ်သည်။
ဤကဲ့သို့သော အသက်အရွယ်ဖြင့် နတ်ဘုရားတာအို၏ ကိုးပါးသော နယ်ပယ်အတွင်းသို့ ခြေချနိုင်ခြင်းမှာပင် အလွန်တရာ ပါရမီထူးလှပြီဟု ဆိုနိုင်သည်။
အဆုံးမဲ့သော နှစ်ပေါင်းများစွာအတွင်း ယန်နတ်ဘုရားမျိုးနွယ်၏ အစွမ်းထက်ဆုံး ပါရမီရှင်ပင်လျှင် အသက်နှစ်ဆယ်အရွယ်၌ သူတို့၏ ကျင့်စဉ်မှာ သူတော်စင်အဆင့်တွင်သာ ရှိသေးသည်။
ဒါပေမဲ့ ဒီချူယွမ်ကတော့…
အသက်နှစ်ဆယ်ကျော်လေးနဲ့ ဧကရာဇ် နယ်ပယ်ထဲကို ခြေချလိုက်ပြီ။
အမြင့်မြတ်ဆုံးသော ဧကရာဇ် တစ်ပါး ဖြစ်လာဖို့ဆိုတာ ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းလိုက်သလဲ။
"ကြောက်စရာကောင်းတယ်" ဆိုတဲ့ စကားလုံးကတောင် သူ၏ ပါရမီကို တစ်သောင်းပုံ တစ်ပုံမျှပင် ဖော်ပြနိုင်ခြင်း မရှိချေ။
အတိတ်တုန်းက ယွမ်ဖာ ဧကရာဇ်ကြီးသည် လူသားမျိုးနွယ်တွင် နှစ်ပေါင်း ကုဋေချီအတွင်း အကြီးကျယ်ဆုံးသော ပါရမီရှင် ဖြစ်ခဲ့ပြီး၊ အသက် ၁,၃၀၀ တွင် ကွာစီ ဧကရာဇ် ဖြစ်ကာ၊ အသက် ၂,၄၀၀ တွင် ဧကရာဇ်ကြီးနယ်ပယ်သို့ ခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ လက်ရှိ ချူမိသားစု နတ်ဘုရားသားတော်နဲ့သာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်။
မရေမတွက်နိုင်သော ပါရမီရှင်များ လေးစားအားကျရသည့် ဤယွမ်ဖာ ဧကရာဇ်ကြီးမှာ ဘာမှမဟုတ်တော့ပေ။
ထိုနှစ်ဦးကြားရှိ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးအလား ဖြစ်နေပြီး လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်တော့ချေ။
ခရက်…
"ဧကရာဇ်ကြီးတစ်ပါး... အသက်နှစ်ဆယ်အရွယ် ဧကရာဇ်လား..."
လျူမိသားစုအတွင်း၌ ဝူဟန် ဧကရာဇ်၏ လက်ထဲရှိ ဝိုင်ခွက်မှာ အလွန်အမင်း ထိတ်လန့်သွားမှုကြောင့် ချက်ချင်း ကြေမွသွားတော့သည်။
သူသည် အလင်းမျက်နှာပြင်အတွင်းရှိ ကောင်းကင်ယံထက်တွင် ရပ်နေသော ပုံရိပ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိပြီး၊ သူ၏ ရင်ထဲတွင်မူ လှိုင်းတံပိုးများ ထန်နေသည့် ပင်လယ်ပြင်ကြီးအလား ဂယက်ထနေတော့သည်။
သူသည် ထာဝရနယ်ပယ် ခြေတစ်လှမ်းအလို ကျွမ်းကျင်သူတစ်ဦး ဖြစ်ကာ ဧကရာဇ်များကြားတွင် လေးစားခြင်း ခံရသူတစ်ဦး ဖြစ်နေလင့်ကစား၊ အတိတ်တုန်းက ဧကရာဇ်ကြီးနယ်ပယ်သို့ ရောက်ရှိရန် သူသည် နှစ်ပေါင်း ထောင်သောင်းချီ အချိန်ပေးခဲ့ရသည်။
အကယ်၍ ဤချူယွမ်နှင့်သာ နှိုင်းယှဉ်ကြည့်မည်ဆိုပါက... ၎င်းမှာ ပြက်လုံးတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
"ဒါ... ဒါက..."
သူ၏ ဘေးတွင်ရှိသော လျူမိသားစုမှ အခြားသော ကျွမ်းကျင်သူကြီးတစ်ဦးဖြစ်သည့် လက်ရှိ လျူမိသားစု၏ မဟာအကြီးအကဲ "ထျန်းချင်း ဧကရာဇ်" မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေကာ၊ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်လျက် သတိပြန်မဝင်နိုင်သေးဘဲ ရှိနေသည်။
သူသည် ဤချူမိသားစု နတ်ဘုရားသားတော်ကို တိတ်တဆိတ် အကြိမ်ကြိမ် စုံစမ်းစစ်ဆေးခဲ့ဖူးသည်။
သူ့တွင် လျှို့ဝှက်ချက်အချို့ ရှိနေနိုင်သော်လည်း၊ ဤချူမိသားစု နတ်ဘုရားသားတော်မှာ ဤမျှအထိ ပါရမီထူးသည့် ပါရမီရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု သူ မခံစားခဲ့ရပေ။
တစ်ဖက်လူမှာ အလွန်ဆုံးရှိလှ သူတော်စင်ဘုရင် အထွတ်အထိပ် သို့မဟုတ် ကွာစီ ဧကရာဇ် အဆင့်တွင်သာ ရှိနေလိမ့်မည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ အခုတော့...
"ဒီကလေးကို သေကို သေစေရမယ်"
ထိတ်လန့်မှုများ ပြီးဆုံးသွားပြီးနောက် ဝူဟန် ဧကရာဇ်၏ အကြည့်မှာ တစ်ခဏချင်းအတွင်း အလွန်အမင်း အေးစက်သွားတော့သည်။
အသက်နှစ်ဆယ်အရွယ် ဧကရာဇ်ကြီးတစ်ပါး။
ဒါဟာ ထိုက်ချန်းလောကရှိ လူတိုင်းရဲ့ စိတ်ကူးစိတ်သန်းတွေကို ကျော်လွန်သွားပြီ။
အထက်လောကက ကျွမ်းကျင်သူတစ်ယောက် တစ်ကျော့ပြန် ဝင်လာတာပဲ ဖြစ်ဖြစ်၊ ဒီလို အဆင့်မျိုးကို ရောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။
ဒီလို ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ ပါရမီရှင်မျိုးကို အမြန်ဆုံး သတ်ပစ်ရမယ်၊ မဟုတ်ရင်တော့ နောင်တစ်ချိန်မှာ ဒါဟာ ကြီးမားတဲ့ ဘေးဒုက္ခကြီး ဖြစ်လာမှာ သေချာတယ်။
"ဟားဟား…ယွမ်အာက ဧကရာဇ် နယ်ပယ်ကို အမှန်တကယ်ပဲ တက်လှမ်းသွားပြီပဲ"
"သူက မိစ္ဆာခန္ဓာကိုယ်ရဲ့ စွမ်းအားကို အစပိုင်းမှာ ကျွမ်းကျင်သွားတာ ဖြစ်နိုင်သလို၊ ကောင်းကင်ဧကရာဇ် သံသရာကျမ်းစာ မှာလည်း တိုးတက်မှုတွေ အများကြီး ရှိခဲ့တာ ဖြစ်မယ်။"
တစ်ချိန်တည်းမှာပင်…
ချူမိသားစု၏ ရှန့်ယွင်လောကအတွင်း၌။
အလင်းမျက်နှာပြင်တွင် ချူယွမ်က ဧကရာဇ်အရှိန်အဝါကို ထုတ်ဖော်ကာ အရပ်မျက်နှာ အနှံ့အပြားကို နှိမ်နင်းနေသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ ချူကျင်မှာ အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
ချူယွမ်မှာ သူ၏ သားဖြစ်သဖြင့်၊ သူသည် အရှိန်အဟုန်ဖြင့် တိုးတက်လာကာ လူအများ၏ အထက်တွင် ရပ်တည်နိုင်မည်ကို သဘာဝအတိုင်း မျှော်လင့်ထားခြင်း ဖြစ်သည်။
"အသက်နှစ်ဆယ်အရွယ် ဧကရာဇ်အဆင့်။ ယွမ်အာက ငါတို့ကို တကယ့်ကို အံ့ဩစရာကြီး ပေးလိုက်တာပဲ ဒီလိုဆိုရင်တော့ သူက ငါတို့ထက် အရင် ထာဝရနယ်ပယ်ထဲ ခြေချနိုင်ပြီး အထက်လောကကို တက်လှမ်းသွားနိုင်မှာပဲ"
ချူပေ့ချန်း ကလည်း ခေါင်းညိတ်ပြုံးလိုက်ပြီး အလွန်အမင်း ကျေနပ်နေသည်။
သူကိုယ်တိုင်ပင်လျှင် အတိတ်တုန်းက ဧကရာဇ်ကြီးနယ်ပယ်သို့ ခြေချရန် နှစ်ပေါင်း ထောင်ချီ အချိန်ပေးခဲ့ရသည် သူ၏ တူဖြစ်သူနှင့် နှိုင်းယှဉ်ကြည့်လျှင်မူ ၎င်းမှာ ပြောနေစရာပင် မလိုတော့ချေ။
"ငါ့မြေးဆိုတော့လည်း မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ နဂါးပုန်းအစည်းအဝေးမှာ ဧကရာဇ်တစ်ပါး ဖြစ်လာတယ်ဆိုတာ ခေတ်အဆက်ဆက်မှာ ကြားတောင် မကြားဖူးတဲ့ ဖြစ်ရပ်ပဲ"
"အခုကစပြီး ငါတို့ ချူမိသားစုရဲ့ ရှေးဟောင်းမသေမျိုးမိသားစုတွေကြားမှာ ခေါင်းဆောင်နေရာဟာ ပိုပြီးတော့ ခိုင်မာသွားပြီ"
အထက်ဆုံးရှိ ပဓာနနေရာတွင် ထိုင်နေသော ချူမိသားစု ဘိုးဘေးကြီးမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားကာ ပါးစပ်ပင် မစိနိုင်လောက်အောင် ကျယ်လောင်စွာ ရယ်မောနေတော့သည်။
"နတ်ဘုရားသားတော်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ..."
နောက်ဆုံးတွင် ချူမိသားစု၏ အစွမ်းထက်ဆုံး အစောင့်အရှောက်ဖြစ်သော "ချန်းဝူ နဂါးအရှင်" မှာလည်း ဤနေရာတွင် ပေါ်လာသည်။
လွန်ခဲ့သော ရက်အနည်းငယ်က မျက်လုံးသုံးလုံးမျိုးနွယ်စု၏ တပ်မတော်ကို တစ်ကိုယ်တည်း သတ်ဖြတ်ကာ ထွက်ပြေးစေခဲ့သူမှာ သူပင် ဖြစ်သည်။
သူသည် တိမိသားစု ဘိုးဘေးကြီးကိုပင် အသက်လု ထွက်ပြေးစေခဲ့ပြီး အရှက်တကွဲ ဖြစ်စေခဲ့သူ ဖြစ်သည်။
ဤအချိန်တွင် ချန်းဝူ နဂါးအရှင်မှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲထားပြီး မသေမျိုးတစ်ဦး၏ အသွင်သဏ္ဌာန်ရှိနေသည်။
အလင်းမျက်နှာပြင်ရှိ ချူယွမ်ကို ကြည့်ရင်း သူကလည်း အားရကျေနပ်မှုများနှင့်အတူ ကြင်နာစွာ ပြုံးလိုက်တော့သည်။
အခြားတစ်ဖက်တွင် …
"ယွင်ရှီး… ငါပေးထားတဲ့ ဝူဟန် အမိန့်တော်ပြား ကို ချက်ချင်း သုံးဖို့ ပြင်လိုက်တော့"
"ဒီချူမိသားစု ကလေးက ဘယ်လိုနည်းလမ်းတွေ သုံးထားလဲ မသိပေမဲ့၊ သူက အခု စစ်မှန်တဲ့ ဧကရာဇ်နယ်ပယ်ထဲကို ခြေချသွားပြီ…နောင်မှာ ဘေးမဖြစ်ရအောင် သူ့ကို ဒီမှာတင် အမြန် သတ်ပစ်လိုက်"
ဟင်းလင်းပြင်နယ်မြေအတွင်း၌…
လျူယွင်ရှီး၏ စိတ်ထဲတွင် ဝူဟန် ဧကရာဇ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤအချိန်တွင် လျူမိသားစု၌ နှစ်ပေါင်း မည်မျှ ကြာအောင် ထိုင်နေခဲ့သည် မသိသော ဤဧကရာဇ်ဘိုးဘေးကြီးမှာလည်း တည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ သူ၏ လေသံတွင် ထိတ်လန့်မှုများပင် ပါဝင်နေတော့သည်။
ဤကဲ့သို့သော အသက်အရွယ်ဖြင့် ဧကရာဇ်နယ်ပယ်သို့ ခြေချနိုင်သူကို ဘယ်သောအခါမှ လွယ်လွယ်ကူကူ အလွှတ်ပေး၍ မရပေ။
ပိုကြီးမားသော တန်ဖိုးကို ပေးဆပ်ရပါစေဦးတော့..သူမသည် ဤချူယွမ်ကို သတ်ဖြတ်ကာ ဤဟင်းလင်းပြင်နယ်မြေအတွင်း၌ ပျက်စီးသွားစေရမည် ဖြစ်သည်။
"ကောင်းပါပြီ"
လျူယွင်ရှီးက အလေးအနက် ခေါင်းညိတ်လိုက်ပြီး သူမ ထိန်းချုပ်ထားသော ပါရမီရှင် အများအပြားကို ဝေ့ကြည့်လိုက်ရာ သူမ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ချက်ချင်း ပေါ်လာတော့သည်။
"မင်းတို့အားလုံးက ဒီနတ်ဘုရားသမီးတော်ရဲ့ ကျွန်တွေ ဖြစ်နေမှတော့၊ ဒီအချိန်မှာ မင်းတို့ရဲ့ နောက်ဆုံး တန်ဖိုးကို ပြလိုက်ကြစမ်း... ဒီနတ်ဘုရားသမီးတော်အတွက် သေပေးကြစမ်း"
သူမ၏ သွယ်လျသော လက်ကလေးကို ဝေ့ယမ်းလိုက်သည်နှင့် မသေမျိုးဧကရာဇ် ပညာရပ်ဖြစ်သော "မဟာကံကြမ္မာပညာရပ်" ကို တစ်ဖန် အသက်သွင်းလိုက်သည်။
"အမိန့်တော်အတိုင်းပါ နတ်ဘုရားသမီးတော်"
ခဏအတွင်းမှာပင် ပါရမီရှင် ရာပေါင်းများစွာ၏ မျက်လုံးများမှာ ကြိုးဆွဲရုပ်များကဲ့သို့ပင် အသက်မဲ့သွားကြတော့သည်။
သူတို့သည် ထိုကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်ဖိအားကို တိုက်ရိုက် ရင်ဆိုင်ရန် ရွေးချယ်လိုက်ကြပြီး၊ သူတို့၏ အသက်နှင့် ဝိညာဉ်များကို လောင်ကျွမ်းစေကာ သေခြင်းတရားကို မကြောက်ဘဲ ချူယွမ်ထံသို့ ပြေးဝင်သွားကြတော့သည်... ထို့နောက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ကြတော့သည်။
ဘုန်း…ဘုန်း …ဘုန်း…
သူတော်စင်ဘုရင် ရာပေါင်းများစွာ တစ်ပြိုင်နက်တည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်း ဖြစ်ကာ… ထိုကဲ့သို့သော စွမ်းအားမှာ မှန်းဆ၍ပင် မရနိုင်ချေ။
ဟင်းလင်းပြင်နယ်မြေ တစ်ခုလုံး တုန်ခါသွားပြီး အဆုံးမဲ့သော ဟင်းလင်းပြင် လှိုင်းလုံးများ ထွက်ပေါ်လာသည်။
ဖျက်ဆီးခြင်း အငွေ့အသက်များမှာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး ဤကမ္ဘာငယ်လေးကို အမြစ်ပြတ် သုတ်သင်ကာ ၎င်း၏ မူလအနှစ်သာရကို အတင်းအကျပ် ရိုက်ခွဲပစ်လိုသည့်အလား ရှိနေတော့သည်။
"ရူးနေတဲ့ မိန်းမ"
"မဟုတ်ဘူး… အဲ့ဒါ ငါ့ရဲ့ ထျန်းလန်အင်ပါယာက တတိယမင်းသားလေးလေ… သူက လျူမိသားစု နတ်ဘုရားသမီးတော်ရဲ့ စွန့်ပစ်နယ်ရုပ်အဖြစ် အသုံးချခံရပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ရတာလား"
"အရှင် သူတော်စင်"
ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်း မြင်ကွင်းကြီးကို အပြင်လောကသို့ အလင်းမျက်နှာပြင်များမှတစ်ဆင့် ထုတ်လွင့်ပြသနေသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
မိမိတို့ အင်အားစုမှ ပါရမီရှင်များမှာ အမိန့်ကို နာခံပြီး သေတွင်းထဲ ဆင်းသွားကြသည်ကို မိမိတို့ မျက်လုံးဖြင့် မြင်လိုက်ရသော ထိုကျွမ်းကျင်သူကြီးများမှာမူ ယခုအခါ ပို၍ပင် ဒေါသထွက်ကာ မျက်နှာများ ပြာနှမ်းနေကြတော့သည်။
လျူမိသားစု နတ်ဘုရားသမီးတော်၏ လုပ်ရပ်မှာ အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။
သူမ၏ နောက်သို့ လိုက်ပါသွားသော ထိုပါရမီရှင်များ။
သူတို့ တစ်ယောက်စီတိုင်းမှာ အဓိက အင်အားစုကြီးများက သူတို့၏ အားစိုက်ထုတ်မှု အားလုံးကို အသုံးပြုပြီး ကျွေးမွေးပြုစုထားရသော အမာခံတပည့်များ ဖြစ်ကြသည်။
သူတို့ကို ဤသို့ တုံ့ဆိုင်းမှုမရှိဘဲ သေခိုင်းလိုက်ခြင်းမှာ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
ဝူး…
အဆုံးမဲ့သော ဖုန်မှုန့်နှင့် မီးခိုးငွေ့များမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပြည့်နှက်နေသည်။
လေပြင်းတစ်ချက် တိုက်ခတ်လာပြီးနောက်တွင်မူ ထိုဖုန်မှုန့်နှင့် မီးခိုးငွေ့အားလုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"ဒါက မင်းရဲ့ နောက်ဆုံး ဝှက်ဖဲလား…တကယ့်ကို ပျင်းစရာ ကောင်းတာပဲ..."
သူတော်စင်ဘုရင် ရာပေါင်းများစွာ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း။
ချူယွမ်မှာ တည်ငြိမ်လျက် ရှိနေဆဲပင် ဖြစ်ကာ…သူ၏ ဝတ်ရုံများမှာ လွင့်ပျံနေပြီး ဆံနွယ်များမှာလည်း ဝေ့ဝဲနေသည်၊ ဒဏ်ရာရရှိသည့် အရိပ်အယောင် တစ်ခုမျှပင် မရှိချေ။
သူ ရပ်နေသော နေရာပင်လျှင် အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။
သူသည် ကမ္ဘာပျက်မတတ် ထိုကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း စွမ်းအားကို တိုက်ရိုက် ရင်ဆိုင်ခဲ့ပြီး၊ တောင်တစ်လုံးအလား မလှုပ်မယှက် ရပ်နေခဲ့ခြင်း ဖြစ်သည်။
ဟမ်း…
ချူယွမ်၏ လက်ရှိ အခြေအနေကို မြင်လိုက်ရပြီးနောက် ဟင်းလင်းပြင်နယ်မြေအတွင်း စောင့်ကြည့်နေကြသော ပါရမီရှင် အများအပြားမှာ ဆွံ့အကာ ထိတ်လန့်သွားကြပြီး သူတို့၏ နှလုံးခုန်သံများပင် ရပ်တန့်မတတ် ဖြစ်သွားကြတော့သည်။
သူတို့ ရောက်ရှိနေသော နေရာမှာ ဤဟင်းလင်းပြင်နယ်မြေအတွင်း၌ပင် ဖြစ်သည်။
စောစောက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းမှ ထွက်ပေါ်လာသော ကမ္ဘာပျက်မတတ် စွမ်းအားကို သူတို့သည် အနက်ရှိုင်းဆုံး ခံစားလိုက်ရသည်မှာ သေချာသည်။
မိုင်ပေါင်း ထောင်ချီ အကွာတွင် ရှိနေသော်လည်း သူတို့၏ ရင်ထဲတွင်မူ အဆုံးမရှိသော ဘေးအန္တရာယ် အာရုံများကို ခံစားနေရသည်။
အကယ်၍ ထိုအရှိန်အဟုန်မှာ သူတို့ထံသို့ ရောက်လာခဲ့မည်ဆိုလျှင်။
၎င်းမှာ သေချာပေါက် သေခြင်းတရားကိုသာ ဆောင်ကြဉ်းလာပေလိမ့်မည်။
ဒါပေမဲ့ ဒီလောက်အထိ ကြောက်စရာကောင်းနေတာတောင်။
ဒါဟာ ချူမိသားစုရဲ့ နတ်ဘုရားသားတော်ကို အနည်းငယ်မျှတောင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။