အခန်း (၂၅) - ဧကရာဇ်မျိုးနွယ်၏ နတ်ဘုရားသားတော်
ထိုအတောအတွင်း။
ရေခဲနတ်ဘုရားမျိုးနွယ်ကြောင့် ဖြစ်ပေါ်လာသည့် ကြားဖြတ်ဖြစ်ရပ် ပြီးဆုံးသွားပြီးနောက်။
ချူယွမ်နှင့် သူ၏အဖွဲ့သည် ဟင်းလင်းပြင်နယ်မြေအတွင်း ဆက်လက်ခရီးနှင်ကာ မရေမတွက်နိုင်သော အစွမ်းထက် မိစ္ဆာသားရဲများကို အမဲလိုက်ရင်း အမှတ်အမြောက်အမြားကို စုဆောင်းခဲ့ကြသည်။
မကြာမီ သုံးရက်တာ အချိန် ကုန်ဆုံးသွားခဲ့သည်။
ချူယွမ်သည် ဟင်းလင်းပြင်နယ်မြေ၏ အလယ်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့ပြီး သူ၏အမှတ်များမှာ ၁၇.၈ သန်း ဟူသော ထိတ်လန့်ဖွယ် ပမာဏသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် နဂါးပုန်းစာရင်းတွင် ယာယီအားဖြင့် အဆင့် (၇) နေရာ၌ ရှိနေပြီး ပါရမီရှင်အားလုံးကြားတွင် အထွတ်အထိပ်၌ အမှန်တကယ် ရပ်တည်နေခြင်းပင် ဖြစ်သည်။
ကံမကောင်းစွာဖြင့်ပင် ဤသုံးရက်တာလုံးတွင် ချူယွမ်သည် နောက်ထပ် ကံကြမ္မာ၏သားတော် တစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့ခဲ့ပေ။
သို့သော်လည်း။
ယနေ့တွင်မူ ချူယွမ်သည် ဟင်းလင်းပြင်နယ်မြေ အလယ်ပိုင်းဒေသ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာသောအခါ။
အချိန်အတော်ကြာ တိတ်ဆိတ်နေသော စနစ်၏အသံမှာ ရုတ်တရက် အဆက်မပြတ် မြည်ဟည်းလာခဲ့ရာ ချူယွမ်၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေသည်။
[တိန်… ကြယ်သုံးပွင့်အဆင့် ကံကြမ္မာ၏သားတော်ကို ရှာဖွေတွေ့ရှိပါသည်။ ၎င်းကို သတ်ဖြတ်ခြင်း သို့မဟုတ် အနိုင်ယူခြင်းဖြင့် အိမ်ရှင်အနေဖြင့် ဗီလိန်မှတ် အမြောက်အမြားနှင့် အလယ်အလတ်အဆင့် ကောင်းကင်ဘုံကံကြမ္မာတို့ကို လုယူရရှိနိုင်ပါသည်]
[တိန်…ကြယ်လေးပွင့်အဆင့် ကံကြမ္မာ၏သားတော်ကို ရှာဖွေတွေ့ရှိပါသည်။ ၎င်းကို သတ်ဖြတ်ခြင်း သို့မဟုတ် အနိုင်ယူခြင်းဖြင့် အိမ်ရှင်အနေဖြင့် ဗီလိန်မှတ် အတိုင်းအဆမရှိနှင့် အလယ်အလတ်အဆင့် ကောင်းကင်ဘုံကံကြမ္မာတို့ကို လုယူရရှိနိုင်ပါသည်]
ကံကြမ္မာ၏သားတော် နှစ်ယောက်တောင်လား။
ကြယ်လေးပွင့်အဆင့် ကံကြမ္မာ၏သားတော် တစ်ယောက်တောင် ပါဝင်နေသေးသည်။
ဤအချိန်တွင် သူ၏မျက်စိရှေ့၌ ရွှေရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော ပုံရိပ်နှစ်ခုမှာ ဟင်းလင်းပြင်နယ်မြေကို ဖြတ်သန်းလျှောက်လှမ်းနေကြသည်။
သူတို့၏ ခြေရင်းတွင်မူ ကောင်းကင်တောင်ကြီးတစ်ခုအလား ကြီးမားလှသော မိစ္ဆာသားရဲကြီးတစ်ကောင်မှာ လဲကျနေပြီး ၎င်း၏ နက်မှောင်သော အကြေးခွံများမှာ အရပ်မျက်နှာအနှံ့ လွင့်စင်ကာ သွေးများ စီးကျနေသည်။
ထိုသားရဲကြီး၏ အရှိန်အဝါမှာ သာမန်မဟုတ်ဘဲ အနည်းဆုံး မဟာသူတော်စင် အဆင့်တွင် ရှိသည်။
သို့သော် ၎င်းမှာ ဤနေရာတွင် ကျဆုံးသွားခဲ့ရခြင်းက တစ်ဖက်လူများ၏ ထူးကဲသော စွမ်းအားကို ပြသနေခြင်းပင်။
ချူယွမ်သည် ထိုကံကြမ္မာ၏သားတော် နှစ်ဦးကို အေးစက်စွာ ကြည့်လိုက်သည်။
သူ၏မျက်ဝန်းများမှာ ချောက်နက်ကြီးတစ်ခုအလား နက်ရှိုင်းနေပြီး သူတို့၏ အခွင့်အလမ်းဆိုင်ရာ အချက်အလက်အားလုံးကို ကြည့်ရှုလိုက်သည်။
အမည် - တိဖော်ထျန်း
ကိုယ်ပိုင်လက္ခဏာ - မျက်လုံးသုံးလုံးမျိုးနွယ်စု "တိမိသားစု" ၏ နတ်ဘုရားသားတော်၊ မသေမျိုးဘုရင်အဆင့် တာအိုလက်နက် "ဖျက်ဆီးခြင်း" ၏ ဝိညာဉ်ဝင်စားသူ
ကံကြမ္မာအမှတ် : ၄၉၀
ကံကြမ္မာ၏သားတော် အဆင့် - ကြယ်လေးပွင့်
ကျင့်စဉ် - မဟာသူတော်စင် နယ်ပယ် နောက်ဆုံးအဆင့်
အထူးအခွင့်အလမ်း - နတ်ဘုရားမျက်သူငယ် "ရှေးဟောင်းဧကရာဇ်မျက်လုံး"၊ ခန္ဓာကိုယ်အတွင်း၌ မသေမျိုးဘုရင်အဆင့် တာအိုလက်နက် "ဖျက်ဆီးခြင်း" ၏ အကြွင်းအကျန်စွမ်းအားများ ကိန်းအောင်းနေခြင်း၊ မပြည့်စုံသော မသေမျိုးဘုရင် နိယာမ
ကံကြမ္မာအရှိန်အဝါ အကျိုးသက်ရောက်မှု - မသိရသေးပါ
မှတ်ချက် - အိမ်ရှင်အနေဖြင့် ၎င်းကို သတ်ဖြတ်နိုင်ပါက မသေမျိုးဘုရင်အဆင့် တာအိုလက်နက် "ဖျက်ဆီးခြင်း" ၏ မူလပုံစံကို အိမ်ရှင်ကိုယ်တိုင် အသုံးပြုနိုင်ရန် ပြန်လည် ပုံဖော်နိုင်မည် ဖြစ်သည်…
ဦးဆောင်လာသူမှာ လက်ရှိ မျက်လုံးသုံးလုံးမျိုးနွယ်စု၏ အထွတ်အထိပ်မိသားစုဖြစ်သော "တိမိသားစု" ၏ နတ်ဘုရားသားတော် ဖြစ်နေသည်။
၎င်းမှာ မသေမျိုးဘုရင်အဆင့် တာအိုလက်နက် ဝိညာဉ် ဝင်စားထားသူ ဖြစ်ရာ၊ ၎င်းကို သတ်ဖြတ်ခြင်းက အမှန်တကယ်ပင် ကြီးမားသော အကျိုးကျေးဇူးများကို သယ်ဆောင်လာပေလိမ့်မည်။
အမည် - တိအယ်
ကိုယ်ပိုင်လက္ခဏာ - မျက်လုံးသုံးလုံးမျိုးနွယ်စု "တိမိသားစု" ၏ အမာခံတပည့်၊ ရှေးဟောင်းအထွတ်အထိပ်ဧကရာဇ် "ကပ်ဆိုးဧကရာဇ်" ၏ အမွေဆက်ခံသူ
ကံကြမ္မာအမှတ် : ၃၀၀
ကံကြမ္မာ၏သားတော် အဆင့် - ကြယ်သုံးပွင့်
ကျင့်စဉ် - မဟာသူတော်စင် နယ်ပယ် နောက်ဆုံးအဆင့်
အထူးအခွင့်အလမ်း - ဧကရာဇ်လက်နက် "ဘေးဒုက္ခပေါင်းသောင်းခြောက်ထောင် နတ်ဘုရားမျှော်စင်"၊ စစ်မှန်သော မသေမျိုးပညာရပ် "ကပ်ဆိုးမြှုပ်နှံခြင်း ချိပ်ပိတ်တံဆိပ်"
ကံကြမ္မာအရှိန်အဝါ အကျိုးသက်ရောက်မှု - တိုက်လေ ပိုသန်လေ (တိုက်ပွဲအတွင်း ဒဏ်ရာပိုပြင်းလေ၊ ပေါက်ကွဲအား ပိုကောင်းလေဖြစ်သည်။ လက်ရှိစွမ်းအား၏ အဆပေါင်း တစ်ရာအထိ အမြင့်ဆုံး ပေါက်ကွဲထွက်နိုင်သည်)
ချူယွမ်သည် ယခင်က ကြယ်သုံးပွင့်အဆင့် ကံကြမ္မာ၏သားတော် ချင်အန်းကို သတ်ခဲ့ဖူးသည်။
ယခုလူမှာလည်း ကြယ်သုံးပွင့်အဆင့်ဖြစ်သဖြင့် သူ၏ ကံကြမ္မာအကျိုးသက်ရောက်မှုကို ချူယွမ်အနေဖြင့် အထင်အရှား မြင်တွေ့နေရခြင်း ဖြစ်သည်။
တိုက်လေ ပိုသန်လေ ဟုတ်လား။
အဲ့ဒါက အလွန်ဆုံးရှိလှ... မဟာသူတော်စင်ရဲ့ အဆတစ်ရာ စွမ်းအားပဲ မဟုတ်လား။
ချူယွမ်က စိတ်ထဲမှ တိုးတိုးလေး တွေးလိုက်သော်လည်း ခဏအကြာတွင် ခေါင်းခါလိုက်သည်။
မဟာသူတော်စင်ရဲ့ အဆတစ်ရာ စွမ်းအားပဲ ဖြစ်ဖြစ်၊ အဆတစ်ထောင်၊ တစ်သောင်းပဲ ဖြစ်ဖြစ်၊ သူ၏ လက်ရှိ ကွာစီ ဧကရာဇ် နောက်ဆုံးအဆင့် စွမ်းအားကို ယှဉ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
သို့သော်လည်း ဤနှစ်ဦးမှာ မျက်လုံးသုံးလုံးမျိုးနွယ်စုအတွင်း အလွန်မြင့်မားသော အဆင့်အတန်းရှိသူများ ဖြစ်ပုံရသည်။
အကယ်၍ သူသည် ယနေ့ သူတို့ကို သတ်ဖြတ်လိုက်ပါက မျက်လုံးသုံးလုံးမျိုးနွယ်စုက ဧကန်မုချ ငြိမ်နေမည် မဟုတ်ပေ။
"လူသားမျိုးနွယ်လား"
ဤအချိန်တွင် တိမိသားစုမှ နှစ်ဦးမှာလည်း ချူယွမ်နှင့် သူ၏အဖွဲ့၏ အရှိန်အဝါကို ခံစားမိသွားကြသည်။
သူတို့က အေးစက်စွာ ခေါင်းလှည့်ကြည့်လိုက်ကြရာ သက်ရှိအားလုံး၏ အထက်တွင် ရှိနေသည့် ထိုဖိအားကြီးမှာ ရုတ်တရက် ပျံ့နှံ့လာတော့သည်။
သူတို့၏ အကြည့်များမှာ မြင့်မြတ်လှပြီး အရာအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေကြသည်။
သူတို့သည် ချူယွမ်နှင့် သူ၏အဖွဲ့ကို ပုရွက်ဆိတ်များအလား ကြည့်နေကြခြင်း ဖြစ်သည်။
မျက်လုံးသုံးလုံးမျိုးနွယ်စု။
သူတို့သည်လည်း ထိုက်ချန်းလောက၏ ထိပ်သီးမျိုးနွယ်စုများထဲမှ တစ်ခုပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့သည် ထိုက်ချန်းလောကတစ်ခုလုံးကို တစ်ဦးတည်း စိုးမိုးထားခဲ့ပြီး "ကောင်းကင်မျက်သူငယ် သန့်စင်သောနန်းတော်" ကို တည်ထောင်ကာ အရာအားလုံးကို အုပ်ချုပ်ခဲ့ဖူးသည်။
မျိုးနွယ်စုပေါင်း တစ်သောင်းမှာ သူတို့၏ ကျွန်ပြုခြင်းကို ခံခဲ့ရပြီး လူသားမျိုးနွယ်မှာလည်း ချွင်းချက် မဟုတ်ပေ။
နှစ်ပေါင်း တစ်ဆယ်သန်းတိုင်အောင် ကြာမြင့်ခဲ့သော ထိုကာလမှာ ထိုက်ချန်းလောကရှိ လူသားမျိုးနွယ်၏ သမိုင်းကြောင်းတွင် အမှောင်ဆုံးနှင့် အရှက်ရဆုံးသော ခေတ်ကာလဖြစ်ခဲ့သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
မျက်လုံးသုံးလုံးမျိုးနွယ်စုသည် လူသားမျိုးနွယ်ကို အနိမ့်ဆုံးအဆင့် အစေခံများအဖြစ် သတ်မှတ်ခဲ့ကြပြီး၊ ရုပ်ရည်ချင်း ဆင်တူသဖြင့် "ခြေနှစ်ချောင်းပါ သားရဲများ" ဟု ခေါ်ဆိုကာ နိမ့်ကျသော မျိုးနွယ်စုအဖြစ် ရှုမြင်ခဲ့ကြသည်။
ယနေ့တိုင်အောင်ပင်။
မျက်လုံးသုံးလုံးမျိုးနွယ်စုသည် မျိုးနွယ်စုအားလုံး၏ အထက်တွင် ရှိနေသည်ဟူသော ထိုဝင့်ကြွားမှုကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။
ယခုအခါ အားလုံး၏ လေးစားမှုကို ခံနေရသော လူသားမျိုးနွယ်ကို ဆန့်ကျင်ရန် ရွေးချယ်ထားကြပြီး လူသားကျွန်များကို ဆက်လက် ထားရှိကာ စိတ်ကြိုက် နှိပ်စက်စော်ကားနေကြဆဲ ဖြစ်သည်။
ထိုသို့သော လုပ်ရပ်များကြောင့် လူသားမျိုးနွယ်မှ မရေမတွက်နိုင်သော ကျွမ်းကျင်သူများမှာ သူတို့ကို အံကြိတ်နာကျည်းနေကြခြင်း ဖြစ်သည်။
သို့သော်လည်း ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေသည့် အထွတ်အထိပ် ကျွမ်းကျင်သူများပင်လျှင် မျက်လုံးသုံးလုံးမျိုးနွယ်စု၏ နယ်မြေထဲသို့ ကျူးကျော်ရန် အလွယ်တကူ မလုပ်ရဲကြဘဲ သူတို့ကို အလွန်အမင်း သတိထားနေကြရသည်။
ဘာပဲဖြစ်ဖြစ် တစ်ချိန်က ထိုက်ချန်းလောက၏ အရှင်သခင် ဖြစ်ခဲ့သော မျက်လုံးသုံးလုံးမျိုးနွယ်စု မဟုတ်ပါလား။
သူတို့၏ အခြေခံအုတ်မြစ်မှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှသည်။
သူတို့တွင် ထာဝရနယ်ပယ် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိနေသည့် ကျွမ်းကျင်သူ ငါးဦးထက်မနည်း ရှိနိုင်သလို၊ မျိုးနွယ်စုအတွင်း၌ စစ်မှန်သော မသေမျိုးပင် ရှိနေနိုင်ရာ ထျန်းချွဲမြို့စားမင်းပင်လျှင် သူတို့ကို အတန်အသင့် လေးစားရခြင်း ဖြစ်သည်။
"မင်းက လူသားမျိုးနွယ်ရဲ့ ရှေးဟောင်းမသေမျိုးမိသားစုဝင် ချူမိသားစုရဲ့ နတ်ဘုရားသားတော် ချူယွမ်လား"
"ငါ့နာမည်က တိဖော်ထျန်း၊ မျက်လုံးသုံးလုံးမျိုးနွယ်စု တိမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ၊ လောလောဆယ် နဂါးပုန်းစာရင်းမှာ အဆင့် (၆) ချိတ်ထားတယ်... တွေ့ရတာ ဝမ်းသာပါတယ်"
တိဖော်ထျန်းသည် ခေါင်းကို အနည်းငယ်မျှပင် ငုံ့ပြခြင်း မရှိပေ။ သူ၏ အသံမှာ တည်ငြိမ်ပြီး ယဉ်ကျေးနေပုံ ရသော်လည်း၊ ဖော်ပြ၍မရနိုင်သော အလွန်အမင်း ဝင့်ကြွားမှုကို ဖုံးကွယ်ထားသည်။
"ဟွန့်"
"အစ်ကို ဒီနိမ့်ကျတဲ့ လူသားတွေကို ဘာဖြစ်လို့ ယဉ်ကျေးပြနေတာလ သူတို့ ငါတို့ရှေ့မှာ ပေါ်လာပြီဆိုမှတော့ သတ်ပစ်လိုက်ရုံပဲပေါ့"
သူ၏ နောက်မှ တိအယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူက စကားပြောရင်းနှင့်ပင် ချူယွမ်နှင့် သူ၏အဖွဲ့ကို နေရာတင် သတ်ဖြတ်ချင်နေပြီး သူတို့ကို "နိမ့်ကျသော လူသားများ" ဟု ခေါ်ဆိုလိုက်သည်။
မျက်လုံးသုံးလုံးမျိုးနွယ်စုသည် လူသားမျိုးနွယ်ကို မူလကတည်းက မုန်းတီးကြသည်သာမက၊ ကံကြမ္မာ၏သားတော်များ ဖြစ်ကြသည့်အတွက် "ဗီလိန်ဝင်စားသူ" ဖြစ်သော ချူယွမ်အပေါ် မွေးရာပါ ပြင်းထန်သော ရန်ငြိုးများ ရှိနေကြခြင်း ဖြစ်သည်။
သူ့ကို မြင်လိုက်သည်နှင့် ဖျက်ဆီးပစ်ရမည်။
၎င်းမှာ မွေးရာပါ ဗီဇထဲမှ ပါလာသည့် အမုန်းတရားပင် ဖြစ်သည်။
သို့သော် တိအယ်၏ စကားအဆုံးတွင် တိဖော်ထျန်းက လက်ကာပြကာ တားမြစ်လိုက်သည်။
သူသည် ချူယွမ်ကို အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည် -
"လူသား ချူယွမ်၊ ငါက တိမိသားစုရဲ့ နတ်ဘုရားသားတော် တစ်ယောက်အနေနဲ့ အခု လောလောဆယ်မှာ လိမ်မာတဲ့ လူသားသစ္စာရှိခွေးတစ်ကောင် လိုအပ်နေတယ်"
"နဂါးပုန်းစာရင်းမှာ အဆင့် (၇) ချိတ်နိုင်တာက မင်းရဲ့ ပါရမီကို သက်သေပြနေတာပဲ ငါ့ထံမှာ ဘာဖြစ်လို့ အညံ့မခံတာလဲ မင်းကို တိမိသားစုရဲ့ လူသားခွေးဆိုတဲ့ ဘွဲ့အမည် ပေးမယ် နောင်တစ်ချိန်မှာ မင်းကို ဧကရာဇ်နယ်ပယ်ထဲ ခြေချနိုင်ဖို့ ငါ အာမခံတယ် ဘယ်လိုလဲ"
တိဖော်ထျန်း၏ တည်ငြိမ်လှသော စကားများမှာ ပျံ့နှံ့သွားရာ၊ ဤသည်ကို ကြည့်နေကြသော ထိုက်ချန်းလောကရှိ လူသားမျိုးနွယ် ကျင့်ကြံသူ အားလုံးမှာ ဒေါသကြောင့် အံကြိတ်ကာ မခံမရပ်နိုင် ဖြစ်သွားကြတော့သည်…
ဤတိမိသားစုမှ လူငယ်နှစ်ဦးမှာ တကယ့်ကို အတောမသတ် ဝင့်ကြွားလွန်းလှသည်။
လူသားမျိုးနွယ် ရှေးဟောင်းမသေမျိုးမိသားစု၏ နတ်ဘုရားသားတော် တစ်ဦးအနေဖြင့် ချူယွမ်၏ အဆင့်အတန်းက မည်မျှအထိ မြင့်မြတ်သနည်း။
သူ့ကို မျက်လုံးသုံးလုံးမျိုးနွယ်စုအတွက် ကျွန်တစ်ယောက်.. ခွေးတစ်ကောင် ဖြစ်ခိုင်းရဲသည်လား။
"ယွမ်အာ…မင်း စိတ်အေးအေးထားပြီး ဒီမျက်လုံးသုံးလုံးမျိုးနွယ်စုက လူငယ်နှစ်ယောက်ကို သတ်ပစ်လိုက်လို့ ရတယ်"
"မင်းရဲ့ နောက်မှာ ချူမိသားစု ရှိနေတယ်၊ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ချူမိသားစုက မင်းကို အကာအကွယ် ပေးလိမ့်မယ်"
"ဟဲဟဲ..."
"မျက်လုံးသုံးလုံးမျိုးနွယ်စု ဖြစ်နေတော့ရော ဘာဖြစ်လဲ သူတို့က အတိတ်တုန်းကပဲ မျိုးနွယ်စုပေါင်း တစ်သောင်းရဲ့ ဘုရင် ဖြစ်ခဲ့တာ၊ အခု ငါတို့ လူသားမျိုးနွယ်ကို ဘယ်လိုများ ယှဉ်ရဲတာလဲ…”
“ စိတ်ချပါ အကယ်၍ မျက်လုံးသုံးလုံးမျိုးနွယ်စုက ကျွမ်းကျင်သူ တစ်ယောက်ယောက်သာ ငါတို့ လူသားမျိုးနွယ်ရဲ့ နယ်မြေထဲကို ခြေချလာမယ်ဆိုရင်၊ ဒီအဘိုးကြီးကိုယ်တိုင် သွားပြီး နှိမ်နင်းပေးမယ်"
ချူယွမ်၏ အကြည့်မှာလည်း ဖြည်းဖြည်းချင်း အေးစက်လာချိန်တွင်။
သူ၏ဖခင် ချူကျင်နှင့် သူ၏ဘိုးဘေး ချူထျန်းဟယ်တို့၏ အသံများမှာ သူ၏စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။
၎င်းမှာ သူတို့နှစ်ဦးက အဝေး မှနေ၍ ချူယွမ်အနေဖြင့် ဤတိမိသားစု နတ်ဘုရားသားတော်များကို မည်သည့် စိုးရိမ်ပူပန်မှုမျှမရှိဘဲ သတ်ဖြတ်နိုင်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီ။"
သူသည် စိတ်ထဲမှ တိုးတိုးလေး ဖြေလိုက်သည်။
ဤအချိန်တွင် ချူယွမ်က တိမိသားစုမှ နှစ်ဦးကို ကြည့်လိုက်သော အကြည့်မှာ သာမန် သက်ရှိများကို ကြည့်သည့် အကြည့်မျိုး မဟုတ်တော့ပေ။
၎င်းမှာ သေဆုံးနေသော အရာဝတ္ထု နှစ်ခုကို ကြည့်နေသကဲ့သို့ပင် ဖြစ်ကာ၊ ပြင်းထန်သော အအေးဓာတ်နှင့် အလေးဂရုမပြုမှုများ ပါဝင်နေသည်။
သူသည် သူ၏ ညာဘက်လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းငါးချောင်းကို ဖြန့်လိုက်သည် ၎င်းမှာ တစ်စုံတစ်ရာကို ရေတွက်ပြနေသကဲ့သို့ပင် ဖြစ်ကာ တိတ်ဆိတ်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဝေဝါးစွာ ထွက်ပေါ်နေတော့သည်။