အခန်း (၂၃) - ရေခဲနတ်ဘုရားမျိုးနွယ်၏ အမဲလိုက်အဖွဲ့၊ မြောက်ပိုင်းပေချန်း ဧကရာဇ် ဆင်းသက်လာခြင်း
"လူသားမျိုးနွယ်၊ ရှေးဟောင်းမသေမျိုးမိသားစု ချူမိသားစုရဲ့ နတ်ဘုရားသားတော် ချူယွမ်"
"သတင်းတွေအရတော့ ဒီလူရဲ့ ကျင့်စဉ်က နတ်ဘုရားဘုရင်နယ်ပယ် အထွတ်အထိပ်လောက်ပဲ ရှိသင့်တာ၊ ဒါပေမဲ့ သူ့ဘေးက အစေခံမလေး နှစ်ယောက်ရဲ့ ကျင့်စဉ်ကတော့ တော်တော်လေး အစွမ်းထက်တယ်"
"မင်းတို့က အဲ့ဒီအစေခံမ နှစ်ယောက်ကို ကိုင်တွယ် ငါကိုယ်တိုင် ဒီချူယွမ်ကို ရှင်းမယ်"
ဦးဆောင်လာသည့် ရေခဲနတ်ဘုရားမျိုးနွယ်ဝင် အမျိုးသားမှာ အရပ်ရှည်ပြီး၊ ကျောထက်တွင် အလွန်အေးမြသော ရေခဲ ဖြင့် ပြုလုပ်ထားသည့် ဧရာမ ဓားကြီးတစ်လက်ကို လွယ်ထားသည်။
သူ၏ အကြည့်မှာ လျှပ်စီးအလား လော့အာနှင့် ပိုင်စူးတို့ထံသို့ ဝေ့ကြည့်လိုက်ပြီးနောက်...
အေးစက်သော အသံဖြင့် တိုက်ရိုက် အမိန့်ပေးလိုက်ပြီး ဧရာမ ဓားကြီးကို အိမ်မှ ဆွဲထုတ်လိုက်တော့သည်…
သူ၏ အမည်မှာ ရွှမ်းဟန့် ဖြစ်ပြီး၊ လက်ရှိတွင် ရေခဲနတ်ဘုရားမျိုးနွယ်၏ ထိပ်သီး ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးပင် ဖြစ်သည်။
ထို့အပြင် သူသည် ဤအမဲလိုက်အဖွဲ့၏ ခေါင်းဆောင်အနေဖြင့် ယခုတစ်ကြိမ် နဂါးပုန်းအစည်းအဝေးသို့ တက်ရောက်လာခြင်းမှာ နဂါးပုန်းစာရင်းတွင် အဆင့်လုရန် လုံးဝ မဟုတ်ပေ…
ယင်းအစား..လူသားမျိုးနွယ် ပါရမီရှင်များကို လိုက်လံ အမဲလိုက်ရန်နှင့် အပြည့်အဝ မကြီးထွားသေးသော ပါရမီရှင်များကို အမြစ်ပြတ် သုတ်သင်ရန်သာ ဖြစ်သည်။
"စီနီယာအစ်ကို ရွှမ်းဟန့်... စိတ်ချပါ၊ အဲ့ဒီလူသား မိန်းမငယ်လေး နှစ်ယောက်ကို ကိုင်တွယ်ဖို့ ကျွန်တော်တို့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်။
စီနီယာအစ်ကို့ဘက်ကတော့ ဒီချူမိသားစု နတ်ဘုရားသားတော်မှာ ဝှက်ဖဲတွေ အများကြီး ရှိနိုင်တာမို့ တိုက်ပွဲကို မြန်မြန် အဆုံးသတ်ဖို့ပဲ လိုပါတယ်"
သူ၏ ဘေးမှ ရေခဲနတ်ဘုရားမျိုးနွယ်ဝင် နှစ်ဦးကလည်း ခေါင်းညိတ်ကာ ပြောလိုက်ကြသည်။
သူတို့နှင့် ရွှမ်းဟန့်မှာ ဆရာတစ်ဦးတည်း၏ တပည့်များ ဖြစ်ကြသည်။
သူတို့မှာ ရေခဲနတ်ဘုရားမျိုးနွယ်၏ ဘုရင် တစ်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်သော "နှင်းခဲလမင်းဘုရင်" ၏ လက်အောက်ခံ တပည့်များ ဖြစ်ကြသည်။
သူတို့၏ ကျင့်ကြံခြင်း သက်တမ်းမှာ နဂါးပုန်းအစည်းအဝေးသို့ ဝင်ရောက်ခွင့်ပြုထားသည့် အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်သော အနှစ် နှစ်ထောင့်ကိုးရာကျော်တွင် ပိတ်မိနေသူများ ဖြစ်ကြသည်!
ရွှမ်းဟန့်၏ ကျင့်စဉ်မှာ မဟာသူတော်စင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သလို…
ကျန်နှစ်ဦးမှာလည်း... သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ခြေချထားသူများ ဖြစ်ကြသည်….
မဟာသူတော်စင် နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းအလိုပင် ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ သူတို့ ရေခဲနတ်ဘုရားမျိုးနွယ်၏ ပါရမီရှင်များမှာ ဤနဂါးပုန်းအစည်းအဝေးတွင် အနက်ရှိုင်းဆုံး ဖုံးကွယ်ထားသော တည်ရှိမှုများ ဖြစ်လာပေလိမ့်မည်။
တစ်ဦးချင်းစီမှာလည်း လွှမ်းမိုးနိုင်သော စွမ်းအားများ ရှိကြသည်။
သူတို့ လာခြင်းမှာ အဆင့်အတွက် မဟုတ်ဘဲ၊ လူသားမျိုးနွယ်ကို အမဲလိုက်ရန်သာ ဖြစ်သည်…
"ရေခဲနတ်ဘုရားမျိုးနွယ်ရဲ့ အမဲလိုက်အဖွဲ့လား"
"ကောင်းတယ် ဒီချူယွမ်ကို သတ်ပစ်လိုက်စမ်း ငါ့တပည့် ချင်အန်းက ဒီအတိုင်း အလကား သေသွားလို့ မဖြစ်ဘူး"
"သူက ချူမိသားစုရဲ့ နတ်ဘုရားသားတော် ဖြစ်နေရင်တောင်၊ ချင်အန်းနဲ့အတူ မြှုပ်နှံခံရမယ်"
ယန်မိုနန်းတော်အတွင်း၌၊ ယန်မိုနန်းတော်သခင်၏ မျက်လုံးများမှာ ရက်စက်မှုများ ပြည့်နှက်နေပြီး အတိုင်းအဆမရှိ အေးစက်နေသည်။
သူ၏ တပည့်ဖြစ်သူမှာ ချူယွမ်၏ လက်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီးနောက်၊ ဝှက်ဖဲအားလုံး ထုတ်သုံးသော်လည်း မယှဉ်နိုင်ခဲ့သဖြင့် သူသည် အရူးတစ်ပိုင်း အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချူယွမ်နှင့် ချူမိသားစုအပေါ် သူ၏ ရန်ငြိုးနှင့် အမုန်းတရားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ…
အကယ်၍ ဟင်းလင်းပြင်နယ်မြေ အပြင်ဘက်တွင် ထျန်းချွဲမြို့စားမင်းသာ စောင့်ကြပ်မနေပါက သူသည် ယခုအချိန်တွင် ဟင်းလင်းပြင်နယ်မြေထဲသို့ ပြေးဝင်ပြီး ချူယွမ်ကို ကိုယ်တိုင် သတ်ပစ်မိပေလိမ့်မည်…
"ယန်မိုနန်းတော်သခင်.. အပြင်ကို ထွက်ခဲ့ပြီး အသေခံဖို့ ပြင်ထားလိုက်စမ်း.."
သို့သော်လည်း…ယန်မိုနန်းတော်သခင်က ချူယွမ်သည် ရေခဲနတ်ဘုရားမျိုးနွယ် ကျွမ်းကျင်သူများ၏ လက်ချက်ဖြင့် ကျဆုံးသွားမည်ကို မျှော်လင့်တကြီးဖြင့် မျက်နှာပြင်ကို ကြည့်နေစဉ်မှာပင်...
ယန်မိုနန်းတော် တည်ရှိရာ ကောင်းကင်ယံထက်တွင် မိုးကြိုးပစ်သံကဲ့သို့ ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာတော့သည်။
ဒိန်း….
ထိုအသံလှိုင်း ပျံ့နှံ့သွားသည်နှင့်အမျှ၊ ကောင်းကင်တစ်ခုလုံးမှာ တစ်ခဏအတွင်း အက်ကွဲသွားပြီး၊ လေဟာနယ်ထဲတွင် ပင့်ကူအိမ်အလား အက်ကြောင်းများမှာ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
"ဘယ်သူကများ ငါတို့ ယန်မိုနန်းတော်ထဲကို ကျူးကျော်ဝင်ရောက်ရဲတာလဲ"
မရေမတွက်နိုင်သော ယန်မိုနန်းတော် ကျွမ်းကျင်သူများမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး၊ သူတို့၏ ပုံရိပ်များမှာ ကောင်းကင်သို့ ပျံတက်သွားကာ စွမ်းအားများကို ထုတ်ဖော်လျက် အသင့်ပြင်လိုက်ကြသည်။
သို့သော်လည်း သူတို့အနေဖြင့် တုံ့ပြန်ရန် အခွင့်အရေး လုံးဝ မရလိုက်ပေ။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် စစ်မှန်သော အဖြူရောင် အလင်းတိုင်ကြီးတစ်ခုမှာ မြေပြင်တစ်ခုလုံးကို တစ်ခဏချင်းအတွင်း လင်းထိန်သွားစေသည်။
ထိုစူးရှလှသော အလင်းရောင်ကြားတွင်၊ ယန်မိုနန်းတော် ကျွမ်းကျင်သူ အားလုံးမှာ တစ်ခဏအတွင်း ဝါးမျိုခံလိုက်ရပြီး ဘာမျှမကျန်အောင် သုတ်သင်ခံလိုက်ရတော့သည်…
ဘုန်း…
အလင်းတိုင်ကြီးမှာ အောက်သို့ ရိုက်ချလိုက်ရာ၊ ထိုကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးကို မိုင်ပေါင်း ကုဋေကုဋာ ဝေးကွာသော နေရာရှိ ကျင့်ကြံသူများပင်လျှင် အထင်အရှား ကြားလိုက်ကြရသည်…
မျက်စိတစ်မှိတ်အတွင်းမှာပင်…
ကျယ်ပြောလှသော ယန်မိုနန်းတော် ဌာနချုပ်ကြီးမှာ လုံးဝ ပျက်စီးသွားပြီး၊ ဧရာမ တွင်းနက်ကြီးတစ်ခုအဖြစ်... ချောက်ကမ္ဘာကြီးအလား ပြောင်းလဲသွားတော့သည်…
"ဘယ်သူလဲ..."
ယန်မိုနန်းတော်သခင်သည်လည်း ထိုဒဏ်ကို ခံလိုက်ရသဖြင့် ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားသည်။
ယန်မိုနန်းတော်၏ ကျွမ်းကျင်သူအားလုံးနီးပါး သေဆုံးသွားသည်ကို မြင်လိုက်ရပြီး၊ မျိုးဆက်ပေါင်းများစွာ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသော အင်အားကြီးမှာ တစ်ခဏအတွင်း ပျက်စီးသွားသည်ကို တွေ့လိုက်ရသောအခါ၊ သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး အော်ဟစ်လိုက်တော့သည်…
သို့သော်လည်း သူ၏ အော်ဟစ်သံကို ပြန်လည် ဖြေကြားလိုက်သည်မှာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့နှင့် ပင်လယ်ကြီး လျှံတက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးနှင့်အတူ နှင်းခဲအလား အေးစက်သော အသံပင် ဖြစ်သည်။
"ချက်ချင်း ဒူးထောက်စမ်း ယန်မိုနန်းတော် ဆယ်ခုကို ဒီဧကရာဇ်ဆီ လွှဲပေးလိုက်ရင်... ဒီနေ့တော့ မင်းရဲ့ အသက်ကို ချန်ထားပေးမယ်"
အသံဆုံးသည်နှင့် ကောင်းကင်ကို ထိုးဖောက်ထားသော စူးရှသည့် အလင်းတိုင်ကြီးမှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
ပြင်းထန်သော လေပြင်းများကြားတွင်၊ ဖော်ပြ၍မရလောက်အောင် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုမှာ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
သူသည် အဖြူရောင် ဝတ်ရုံဖျော့ဖျော့ကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာမှာ ထူးကဲစွာ ခန့်ညားလှသော်လည်း ဤအချိန်တွင်မူ သံမဏိအလား အေးစက်နေချေပြီ…
သူသည် အခြားသူမဟုတ်ဘဲ၊ အပြင်လောကတွင် သိထားကြသည့် ချူမိသားစု၏ ဧကရာဇ်ကြီး ငါးပါးထဲမှ တစ်ပါးဖြစ်သော…
မြောက်ပိုင်းပေချန်း ဧကရာဇ် ချူပေချန်း ပင် ဖြစ်သည်…
ဤမြောက်ပိုင်းပေချန်း ဧကရာဇ်ကြီး လှုပ်ရှားလိုက်သည်နှင့်၊ သူသည် အလွန်တရာ ဗိုလ်ကျစိုးမိုးလှပြီး တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ယန်မိုနန်းတော်ကို ဖျက်ဆီးပစ်ခဲ့သည်…
ယန်မိုနန်းတော်သခင်ကို ခေါင်းဆောင်တစ်ယောက်တည်း ကျန်ခဲ့ရုံနီးပါး ဖြစ်သွားစေခဲ့သည်…
ဤအချက်မှာ သူ၏ စွမ်းအားမှာ မည်မျှအထိ ကြောက်စရာကောင်းသော အဆင့်သို့ ရောက်နေသည်ကို ပြသနေခြင်း ဖြစ်သည်။
သူသည် ဧကရာဇ်နယ်ပယ်အတွင်းရှိ စစ်မှန်သော အထွတ်အထိပ် တည်ရှိမှုကြီး ဖြစ်ကာ၊ ထျန်းချွဲမြို့စားမင်း ရှိနေသည့် ထာဝရနယ်ပယ် ခြေတစ်လှမ်းအလိုသို့ ရောက်ရန် အလွန်ပင် နီးစပ်နေသူ ဖြစ်သည်။
"တောက်.. ချူပေချန်း.မင်းကတော့ လွန်လွန်းနေပြီ"
"နဂါးပုန်းအစည်းအဝေးဆိုတာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ရတဲ့ နေရာပဲ ဒါ့အပြင် ဒီတစ်ခါ ကျဆုံးသွားတာက ငါ့တပည့်လေ၊ မင်းတို့ ချူမိသားစုရဲ့ နတ်ဘုရားသားတော်က အခုထိ ကောင်းကောင်းမွန်မွန် ရှိနေသေးတာပဲ ဘာဖြစ်လို့ ငါ့ရဲ့ ယန်မိုနန်းတော်ကို လာပြီး ဖျက်ဆီးရတာလဲ"
ရောက်ရှိလာသူကို မြင်လိုက်ရသောအခါ၊ ယန်မိုနန်းတော်သခင်၏ မျက်ဝန်းထဲရှိ သွေးကြောများမှာ ပို၍ပင် ရက်စက်ထိတ်လန့်ဖွယ် ကောင်းလာသည်။
ဤယန်မိုနန်းတော်မှာ နန်းတော်သခင် အဆက်ဆက် နှစ်သန်းပေါင်းများစွာ စုဆောင်းလာခဲ့သော အခြေခံအုတ်မြစ်ကြီး ဖြစ်သည်…
အခုတော့ ဒီလိုပဲ ပျက်စီးသွားရတာလား…
ကျယ်ပြောလှသော ယန်မိုနန်းတော်ကြီးမှာ သူ့လက်ထက်မှာတင် ဒီလိုပဲ ပျက်စီးသွားရတာလား…
ချူပေချန်း… သောက်ကျိုးနည်း ချူမိသားစု..
မင်းတို့ အားလုံးကို သေစေချင်တယ်... သေကြစမ်း…
"အိုး… မင်းပြောတာလည်း အကျိုးအကြောင်းတော့ ရှိသားပဲ"
ယန်မိုနန်းတော်သခင်၏ နာကျည်းစွာ အော်ဟစ်သံကို ကြားလိုက်ရသောအခါ၊ ချူပေချန်းက သူ၏ မျက်လုံးများကို မှေးလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည် -
"ဒါပေမဲ့... မင်းတို့ ယန်မိုနန်းတော်က မျိုးဆက်သစ်က ဒီဧကရာဇ်ရဲ့ တူလေးကို အရင်ဆုံး ခြိမ်းခြောက်ခဲ့တာလေ၊ အဲ့ဒါက ဒီဧကရာဇ်ကို တော်တော်လေး ဒေါသထွက်စေတယ်"
"ဒီနေ့တော့ ဒီဧကရာဇ်က မင်းရဲ့ ယန်မိုနန်းတော်ကို ဖျက်ဆီးရုံတင်မကဘူး အဲ့ဒီ အမွေအနှစ် ဧကရာဇ်လက်နက်ကိုလည်း သိမ်းယူပြီး ငါ့တူလေးအတွက် လျော်ကြေးအဖြစ် ပေးလိုက်ဦးမယ်"
"ဒီဧကရာဇ်က လုပ်ပြီးသွားပြီ မင်းက... ငါ့ကို အာခံချင်သေးတာလား"
"...မင်း"
ချူပေချန်း၏ အေးဆေးလှသော စကားများမှာ ယန်မိုနန်းတော်သခင်ကို လုံးဝ ပေါက်ကွဲသွားစေခဲ့သည်။
သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်ရာ၊ သူ၏ လက်ချောင်းထိပ်များမှ သွေးစများမှာ အောက်သို့ စီးကျလာတော့သည်…
သူသည် ဂုဏ်သိက္ခာရှိလှသော ယန်မိုနန်းတော်သခင်လေ…
ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ရှိ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး၊ ဤထိုက်ချန်းလောကကို နှစ်သန်းပေါင်းများစွာ စိုးမိုးလာခဲ့သူ ဖြစ်ပါလျက်၊ ယခုတော့ ဤမျှအထိ အထင်အမြင်သေးခံရပြီး... စော်ကားခံနေရသည်လား…
ဤသည်ကို တွေးလိုက်မိသည်နှင့်၊ ယန်မိုနန်းတော်သခင်၏ မျက်လုံးထဲရှိ ဒေါသမီးများမှာ ဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီး၊ အစားထိုးလိုက်သည်မှာ အတိုင်းအဆမရှိသော မိစ္ဆာအရှိန်အဝါများပင် ဖြစ်သည်။
"ဧကရာဇ်လက်နက်ကို သိမ်းယူချင်တယ်ပေါ့.. ကောင်းပြီလေ"
"ဒါဆိုရင် ငါ့ရဲ့ အလောင်းကို အရင် ကျော်သွားလိုက် ငါ့ရဲ့ ယန်မိုနန်းတော်ကို အခု လျူမိသားစုက အကာအကွယ် ပေးထားတယ်…မင်းရဲ့ ဒီနေ့ လှုပ်ရှားမှုတွေဟာ လျူမိသားစုကို တကယ့်ကို ဒေါသထွက်စေမှာဖြစ်ပြီး မင်းတို့ ချူမိသားစုအတွက် ကပ်ဆိုးကြီး သယ်ဆောင်လာလိမ့်မယ်"
သူ၏ စကားလုံးများမှာ နိမ့်သံနှင့်အတူ ပြင်းထန်သော ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည်..
"ဟားဟားဟား…လျူမိသားစုလား.. အဲ့ဒါက ဘာဖြစ်လဲ"
ဤသည်ကို ကြားသောအခါ ချူပေချန်းက အကျယ်ကြီး ရယ်မောလိုက်ပြီး၊ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည် …
"အဲ့ဒီ အထက်လောကက လျူမိသားစုဆိုတာ ရွှေရောင်မသေမျိုး တစ်ယောက် တည်ထောင်ထားတဲ့ မိသားစုငယ်လေးပဲ ရှိပါသေးတယ်"
"ရှေးဟောင်းမသေမျိုးမိသားစု သုံးခုထဲမှာ ငါ့ရဲ့ ချူမိသားစုက သမိုင်းကြောင်း အရှည်ကြာဆုံးပဲ…ယနေ့အထိဆိုရင် နှစ်ပေါင်း ကုဋေတစ်သိန်းကျော် ရှိနေပြီ။ အထက်လောကမှာတော့ ငါတို့က မသေမျိုးဘုရင် တစ်ပါး အုပ်ချုပ်နေတဲ့ အထွတ်အထိပ် မျိုးနွယ်စုကြီးပဲ"
"မပြောပလောက်တဲ့ လျူမိသားစုလေးကို ဒီဧကရာဇ်က ဘာဖြစ်လို့ အရေးစိုက်နေရမှာလဲ"
ဤနေရာအရောက်တွင် သူ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး လှောင်ပြောင်လိုက်သည် …
"မင်းအတွက်ကတော့… ဧကရာဇ်လက်နက်ကို လွှဲမပေးချင်ဘူးဆိုမှတော့... သေလိုက်တော့”