အခန်း (၂) - အမှန်တရား ပေါ်ပေါက်လာခြင်း
ချူယွမ်၏ အကြည့်များမှာ အေးစက်ထက်ရှနေပြီး မြင့်မြတ်သော နတ်ဘုရားတစ်ပါးက ငုံ့ကြည့်နေ သကဲ့သို့ ခံစားရစေ၏။
ထိုအကြည့်ကြောင့် မုန့်ဟန်မှာ ရေခဲကမ္ဘာထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး နှလုံးသားတစ်ခုလုံး တုန်ရင်လာတော့သည်။
“မုန့်ဟန်... ငါ့ရှေ့မှာ ဒီလောက်အထိ မောက်မာရဲအောင် မင်းကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ”
ဒီလောက် ပြင်းထန်တဲ့ ဖိအားမျိုးက
နတ်ဘုရားအဆင့် ၉ဆင့်ထဲက….
ဘယ်အဆင့်မှာ လဲ…
သူ့ရဲ့ ကျင့်စဉ်က လူသားအဆင့် (၆) ဆင့်မြောက် အဆင့်မှာတင် တစ်ဆို့နေတယ်လို့ သတင်းထွက်နေတာ မဟုတ်ဘူးလား။
ဘယ်လိုလုပ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာ နတ်ဘုရားအဆင့် (၉) ဆင့်ထဲကို တက်လှမ်းသွားတာလဲ…
ရွေယွဲ့က…
"သခင်လေး ချူယွမ်... ချူအစ်ကိုတော်... ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါဦး"
“ဂျူနီယာ မုန့်ဟန်က သခင်လေးကို ပြစ်မှားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး ဒီနေ့ ဖြစ်ပျက်သမျှဟာ ရွှေယွဲ့ရဲ့ အပြစ်တွေပါပဲ။ သူ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် …သခင်လေးရဲ့ ဒေါသတွေကို ရွှေယွဲ့အပေါ်မှာပဲ ပုံချလိုက်ပါတော့"
ခန်းမအတွင်း လွှမ်းမိုးနေသည့် ကြောက်မက်ဖွယ် ဖိအားများကို မြင်သောအခါ ကျန်းရွှေယွဲ့၏ မျက်ဝန်းများ ဝေ့ဝဲသွားသည်။
ဒီတစ်ကြိမ်တွင်မူ ချူယွမ် တကယ် ဒေါသထွက်နေပြီဖြစ်ကြောင်း သူမ ခံစားမိ၏။
ထို့ကြောင့် သူမသည် ချူယွမ်ကို မြှူသည့်အခါတိုင်း အသုံးပြုလေ့ရှိသော နွဲ့နှောင်းသည့် အမူအရာဖြင့် "ချူအစ်ကိုတော်" ဟု ခေါ်ကာ မုန့်ဟန်ကို လွှတ်ပေးရန် တောင်းပန်လိုက်သည်။
သာမန်နေ့များတွင်မူ သူမ၏ ချိုသာသော စကားတစ်ခွန်းဖြင့်ပင် ဤနတ်ဘုရားသားတော်မှာ ပြုံးပျော်သွားတတ်ပြီး မည်မျှပင် ဒေါသထွက်နေပါစေ ချက်ချင်းပင် စိတ်ပြေသွားတတ်သူ ဖြစ်သည်။
သို့သော် ယခု ချူယွမ်သည် သူမကို တစ်ချက်ကလေးပင် ငဲ့မကြည့်တော့ပေ။
"ငါက မင်းကို စကားပြောခွင့် ပေးလို့လား... မိန်းမပျက်မ"
အေးစက်လှသော အော်ဟစ်သံနှင့်အတူ ကွာစီ-ဧကရာဇ်၏ အရှိန်အဝါသည် ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
သူ၏ အစွမ်းမှာ သန်းပေါင်းတစ်ထောင်ပုံ တစ်ပုံမျှသာ ရှိသော်လည်း ကျန်းရွှေယွဲ့အတွက်မူ တောင့်ခံနိုင်စရာ အကြောင်းမရှိပေ။
"ဝေါ့"
သူမသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
"သမီးလေး ရွှေယွဲ့..."
လင်ရွှီအရှင်သခင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
အတိတ်ကာလက ချူယွမ်သည် သူ့သမီးအပေါ် အလိုလိုက်ခဲ့သမျှ ယနေ့တွင်မူ ဤမျှ ရက်စက်စွာ တုံ့ပြန်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
"ချူယွမ်.. ငါတို့ လင်ရွှီသန့်စင်နယ်မြေရဲ့ နတ်ဘုရားမကို လူအများရှေ့မှာ ဒီလို ဒဏ်ရာရအောင် လုပ်တယ်လား… မင်းက ချူမိသားစုရဲ့ နတ်ဘုရားသားတော် ဆိုရင်တောင် ဒါက လွန်လွန်းနေပြီ"
သန့်စင်နယ်မြေမှ အကြီးအကဲတစ်ဦးမှာ ဒေါသတကြီးဖြင့် ချူယွမ်ကို ဖမ်းဆီးရန် ရှေ့သို့ တိုးလာသည်။
"အိုး... မင်းက ဘာကောင်မို့လို့ ငါ့ကို ရန်မူရဲတာလဲ"
ချူယွမ်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် လက်ချောင်းတစ်ချက် ဝှေ့ယမ်းလိုက်ရာ အဖြူအမဲ ရောယှက်နေသော စစ်တုရင်နယ်ရုပ်တစ်ခုသည် လေထုကို ခွဲကာ ထွက်ပေါ်သွားတော့သည်။
"ဝုန်း"
မည်သည့် အသံမျှပင် ထွက်မလာနိုင်မီ ထိုအကြီးအကဲမှာ သွေးအိုင်အတွင်း အမှုန့်ဖြစ်သွားတော့သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။
မည်သူမျှ စကားမပြောရဲတော့ပေ။
အထူးသဖြင့် မုန့်ဟန်မှာ ကြောက်လန့်တုန်ရီသွားသည်။
ထိုအကြီးအကဲမှာ သန့်စင်နယ်မြေ၏ အဓိက အကြီးအကဲတစ်ဦး ဖြစ်ပြီး နတ်ဘုရားအဆင့် (၉) ဆင့်အတွင်း၌ပင် နတ်ဘုရားဘုရင်ထက် မြင့်မားသည့် သူတော်စင် အဆင့်၌ ရှိသူ ဖြစ်သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးမှာ ချူယွမ်၏ လက်ချောင်းတစ်ချက် ဝှေ့ယမ်းမှုဖြင့်တင် ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ချေမှုန်းခံလိုက်ရသည်လား။
မဖြစ်နိုင်တာ... ချူယွမ်ရဲ့ ဘေးမှာ အစွမ်းထက်တဲ့ စောင့်ရှောက်သူ ရှိနေတာ ဖြစ်ရမယ်။
သူက ဒီလောက် အစွမ်းထက်မှာ မဟုတ်ဘူး ဟု မုန့်ဟန်က တွေးတောကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေသည်။
အခြေအနေများ ပိုမိုဆိုးရွားလာသဖြင့် လင်ရွှီအရှင်သခင်သည် ရှေ့သို့ ထွက်လာခဲ့သည်။
“သခင်လေးချူယွမ်... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့”
သွေးအိုင်ထဲ၌ လဲလျောင်းနေသော အကြီးအကဲကို ကြည့်ပြီး သူ တကယ်ပင် ရင်နာမိသည်။
သူတော်စင် အဆင့်ရှိသူ တစ်ဦးကို ဆုံးရှုံးရခြင်းမှာ သန့်စင်နယ်မြေအတွက် ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်သည်။
"ဟမ်... လင်ရွှီအရှင်သခင်... မင်းကရော ငါ့ကို တားချင်တာလား" ချူယွမ်၏ အသံမှာ အေးစက်လှပြီး ဖိအားများဖြင့် ပြည့်နှက်နေသည်။
ထိုအကြည့်အောက်တွင် လင်ရွီးအရှင်သခင်သည် ရုန်းကန်ရခက်ခဲလာပြီး သူ၏ အစွမ်းများမှာလည်း ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ကျွန်တော်မျိုး... မရဲပါဘူး " ပြောလိုက်သည်…
"သခင်လေးချူ... ဒီနေ့ ကိစ္စအတွက် ကျွန်တော်မျိုး ဆုံးဖြတ်ချက် တစ်ခု ချပေးပါ့မယ်… ရွှေယွဲ့ကို သခင်လေးရဲ့ ကိုယ်လုပ်တော် အဖြစ် လက်ထပ်ပေးပြီး တောင်းပန်ပါရစေ"
"ဖေဖေ…ဘာတွေ ပြောနေတာလဲ… ကျွန်မက ချူယွမ်ကို လက်ထပ်ရမယ် ဟုတ်လား… မဖြစ်နိုင်တာ"
ကျန်းရွှေယွဲ့က အော်ဟစ်လိုက်သည်။
သူမ၏ မျက်နှာမှာ ဒေါသများဖြင့် နီမြန်းနေပြီး အမှန်တရားကို ဖွင့်ပြောလိုက်တော့သည်။
"ရွှေယွဲ့ရဲ့ နှလုံးသားက မုန့်ဟန်ဆီမှာ ရှိနေတာ ကြာပါပြီ… လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ကျွန်မတို့နှစ်ယောက်ဟာ တိတ်တဆိတ် ကျင့်ကြံဖော်တွေ ဖြစ်ခဲ့ကြပြီး ကျင့်စဉ်တွေကို အတူတူ လေ့ကျင့်ခဲ့ကြတာ"
"ဘာ…ဒီမိန်းကလေး... မင်း ရူးနေပြီလား"
လင်ရွှီအရှင်သခင်မှာ မျက်နှာပျက်သွားတော့သည်။
"ပါးစပ်ပိတ်ထားစမ်း…သန့်စင်နယ်မြေရဲ့ သိက္ခာကို မဖျက်ဆီးနဲ့"
ပြီးပါပြီ... အားလုံး ပြီးသွားပါပြီ။
ကျန်းရွှေယွဲ့၏ စကားကြောင့် ချူမိသားစုနှင့် လင်ရွှီနယ်မြေမှာ ရန်သူများ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ချူမိသားစု၏ နတ်ဘုရားသားတော်မှာ အောက်ခြေတပည့်လေး တစ်ဦး၏ အနင်းခံလိုက်ရခြင်းပင်။
မည်သူက ဤကဲ့သို့သော အရှက်ခွဲမှုကို တောင့်ခံနိုင်မည်နည်း။
"ဟဲဟဲ… ဟားဟားဟားဟား”
ချူယွမ်က ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်သည်။
ထိုရယ်သံမှာ အထီးကျန်ဆန်လှပြီး မူလပိုင်ရှင်၏ သုံးနှစ်တာ သံယောဇဉ်မှာ ပြက်လုံးတစ်ခု ဖြစ်ခဲ့ရသည်ကို သနားစရာ ကောင်းလှသည်။
ဤစုံတွဲသည် အစကတည်းက စီစဉ်ထားခြင်း ဖြစ်ပြီး မူလချူယွမ်မှာ လူရွှင်တော်တစ်ယောက်ကဲ့သို့ အသုံးချခံခဲ့ရခြင်းပင်။
"သခင်လေးချူ... စိတ်လျှော့ပါဦး ဒီသတင်း အပြင်ကို မပေါက်ကြားစေရပါဘူး… မနက်ဖြန်ကျရင် ကျွန်တော်မျိုး ကိုယ်တိုင် ချူမိသားစုဆီ လာရောက် တောင်းပန်ပါ့မယ်”
“မုန့်ဟန်ကိုလည်း ပြင်းထန်စွာ အပြစ်ပေးပါ့မယ်"
လင်ရွှီနယ်မြေမှ အကြီးအကဲများက ပျာပျာသလဲ ပြောဆိုကြသည်။
"ကျန်းရွှေယွဲ့…. မုန့်ဟန်…"
ချူယွမ်၏ ရယ်သံများ ရပ်တန့်သွားပြီး အေးစက်စက် အသံ ထွက်ပေါ်လာသည်။
"ဒီနေ့ မင်းတို့နှစ်ယောက်လုံးကို ငါကိုယ်တိုင် ငရဲပို့ပေးမယ် တကယ်လို့ လင်ရွှီသန့်စင်နယ်မြေကသာ နှောင့်ယှက်မယ်ဆိုရင်... ဒီအမှိုက်သရိုက် သန့်စင်ရာနယ်မြေတစ်ခုလုံးကိုပါ ငါ တစ်ခါတည်း အမြစ်ပြတ် ချေမှုန်းပစ်မယ်”