အခန်း (၁၈) - ချင်အန်း၏ သတ်ဖြတ်လိုစိတ်၊ ထာဝရညဉ့် မိစ္ဆာနယ်မြေ…
သူသည် တစ်ဖက်လူ၏ အချက်အလက်များကို ပြတ်ပြတ်သားသား စစ်ဆေးလိုက်သည်။
ချူယွမ်သည် အေးဆေးစွာပင် ခေါင်းခါလိုက်မိသည်။ ဤအချက်အလက်များမှာ မဆိုးလှဟု ဆိုနိုင်သော်လည်း သူ၏မျက်လုံးထဲတွင်မူ အဝေးကြီး လိုပါသေးသည်။
သူ့ကို အနည်းငယ် သတိထားမိစေသည်မှာ တစ်ဖက်လူ၏ 'ကံကြမ္မာရောင်ဝါ' အာနိသင်ပင် ဖြစ်သည်။
၎င်းသည် မုန့်ဟန်၏ 'ဉာဏ်ရည်နိမ့်ပါးစေသော ရောင်ဝါ' ကဲ့သို့လား၊ သို့မဟုတ် အခြားသော လုပ်ဆောင်ချက်များ ရှိနေသလားဆိုသည်ကို သူ သိချင်မိသည်။
"အို… ငါ့ရဲ့ကံက ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားဘူး…ဟင်းလင်းပြင်နယ်မြေထဲ ဝင်ဝင်ချင်းမှာတင် ချူမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ တိုးလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"
"ဟီးဟီး… ချူယွမ်... အပြင်လောကမှာဆိုရင်တော့ ငါ မင်းကို မျက်နှာသာပေးကောင်း ပေးလိမ့်မယ်…ဒါပေမဲ့ ဒီဟင်းလင်းပြင်နယ်မြေထဲမှာတော့ မင်းရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက မင်းလက်ထဲမှာ မရှိတော့ဘူး"
ချင်အန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပတ်ဝန်းကျင်ကို အထက်စီးမှ ကြည့်ရင်း လမ်းလျှောက်ထွက်လာသည်။
သူ၏အကြည့်မှာ အဝေးရှိ ချူယွမ်တို့အဖွဲ့ထံသို့ ဝေ့ကြည့်လိုက်သည်။
သူ၏ အကြည့်မှာ လော့အာနှင့် ပိုင်စူးထံတွင် မသိမသာ ရပ်တန့်သွားပြီးနောက် သူ၏မျက်ဝန်းအိမ် အနက်ရှိုင်းဆုံး၌ လောဘနှင့် ရမ္မက်ဇောများ လက်ခနဲ ပေါ်လာခဲ့သည်။
လော့အာ၏ ရုပ်ရည်မှာ အလွန်တရာ လှပကာ နူးညံ့သိမ်မွေ့ပြီး လူ့လောကသို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးအလားပင်။
အခြားမိန်းကလေးမှာမူ မည်သည့်အမူအရာမျှ မရှိသော်လည်း သူမ၏ ပြိုင်ဘက်ကင်းကာ အပြစ်ပြောစရာမရှိသည့် ရုပ်ရည်လေးကြောင့် ချင်အန်း၏ စိတ်ထဲတွင် ရမ္မက်မီးများ တောက်လောင်လာရသည်။
သူမကို ရက်ရက်စက်စက် ဖျက်ဆီးပစ်ချင်ပြီး သူမကို ငိုယိုကာ အသနားခံစေမည့် အမူအရာမျိုး ပြုလုပ်လာအောင် ဖန်တီးချင်သည့်စိတ်များ တဖွဖွ ဖြစ်ပေါ်နေတော့သည်။
"နတ်ဘုရားသားတော်ချူ... မင်းကတော့ တကယ့်ကို မိန်းလှလေးတွေနဲ့ ကံပါတာပဲ..."
ချင်အန်းသည် သူ၏အကြည့်ကို ပြန်ထိန်းလိုက်ပြီး ချူယွမ်ကို ကြည့်ကာ ပြုံးလိုက်သည်။
သူ၏အကြည့်မှာ ကစားစရာတစ်ခုကို ကြည့်နေသကဲ့သို့ပင်။
သူသည် ချူယွမ်အကြောင်းကို သဘာဝကျကျပင် ကြားဖူးနားဝ ရှိသည်။
ရှေးဟောင်းမသေမျိုးမိသားစုဖြစ်သော ချူမိသားစု၏ နတ်ဘုရားသားတော်မှာ များသောအားဖြင့် အလွန်လျှို့ဝှက်လွန်းသည်။
သူသည် အမြဲတမ်း လူမသိသူမသိ နေတတ်သဖြင့် မည်သူမျှ သူ၏ စစ်မှန်သော စွမ်းအားကို မသိကြချေ။
သို့သော် ယခု တပ်အပ်ရင်ဆိုင်လိုက်ရချိန်တွင်မူ တစ်ဖက်လူ၏ ကျင့်စဉ်မှာ နတ်ဘုရင် အဆင့်သာ ရှိသည်ကို သူ တွေ့လိုက်ရသည်။
သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်နေသော သူနှင့်ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီး ပုရွက်ဆိတ်နှင့် စစ်မှန်သော နဂါးကဲ့သို့ ကွာခြားလွန်းလှသည်။
သူ အနည်းငယ် သတိထားရမည့်သူမှာ ချူယွမ်၏ဘေးမှ နောက်လိုက်မလေး နှစ်ဦးသာ ဖြစ်သည်။
သူတို့နှစ်ဦးမှာ အလွန်လှပရုံသာမက သူတော်စင်အရှိန်အဝါ အစအနများပါ ရှိနေကြသည်။
တစ်ယောက်မှာဆိုလျှင်... သူမ၏ ကျင့်စဉ်အဆင့်မှာ သူ့ထက်ပင် မနိမ့်ကျနိုင်ကြောင်း ခံစားနေရသည်။
"ချူယွမ်... ဟင်းလင်းပြင်နယ်မြေထဲကနေ မင်းဘာသာမင်း အလိုအလျောက် ထွက်သွားပြီး ဒီနောက်လိုက်မလေး နှစ်ယောက်ကို ချန်ထားခဲ့စမ်း…မဟုတ်ရင်တော့ ဒီနေ့ဟာ မင်းရဲ့ အုတ်ဂူအဖြစ် ပြောင်းလဲသွားစေရမယ်"
ရုတ်တရက်…
ချင်အန်း၏ အသံမှာ အေးစက်သွားပြီး သူ၏အကြည့်မှာ ဓားတစ်စင်အလား ချူယွမ်ထံသို့ တိုးဝင်လာသည်။
ကံကြမ္မာ၏သားတော် တစ်ဦးအနေဖြင့် သူသည် ချူယွမ်အပေါ် သဘာဝအလျောက် ရန်လိုစိတ် ရှိနေပြီးသား ဖြစ်သည်။
တစ်ဖက်လူမှာ နတ်ဘုရင် အဆင့်သာ ရှိသည်ကို မြင်ရသည်မှာ သူ့အတွက် လွယ်လွယ်နှင့် လွှတ်ပေးစရာ အကြောင်းမရှိပေ။
"ရိုင်းစိုင်းလိုက်တာ…မင်းရှေ့မှာ ဘယ်သူရပ်နေလဲဆိုတာ မင်းသိရဲ့လား နတ်ဘုရားသားတော်ကို စော်ကားမိရင် ယန်မိုနန်းတော်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"
ချင်အန်း၏ စကားအဆုံးတွင် ချူယွမ်၏ဘေးမှ ဝတ်စုံပြာနှင့် လော့အာသည် သူမ၏ လှပသော မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လျက် အေးစက်စွာ အော်ဟစ်လိုက်သည်။
နတ်ဘုရားသားတော်ရှေ့တွင် ဤမျှ ရိုင်းစိုင်းနေသူမှာ အသေသတ်ခံရရန်သာ ထိုက်တန်သည်။
"လော့အာ... နောက်ဆုတ်လိုက်"
သို့သော် ဤအချိန်တွင် ချူယွမ်က လက်ကို ဝှေ့ယမ်းလိုက်သည်။
လော့အာကို ဒေါသ မထွက်ရန် အချက်ပြပြီးနောက် သူက ချင်အန်းကို ကြည့်လိုက်သည်။
သူ၏အကြည့်မှာ နက်ရှိုင်းကာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည်။
"မင်းက တော်တော်လေး အားကောင်းတာပဲ"
"ကောင်းကင်ကို အန်တုရဲတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်ပေါ့… မင်းတို့လို ကံကြမ္မာ၏သားတော်တွေရဲ့ သတ္တိကိုတော့ ငါ အတော်လေးကို ချီးကျူးမိတယ်"
ချူယွမ်၏ အသံမှာ အေးဆေးလှသည်။ အပေါ်ယံတွင် ချီးကျူးနေသကဲ့သို့ ထင်ရသော်လည်း အရာအားလုံးကို အထက်စီးမှ ကြည့်နေသည့် ထိုမာန်မာနကို လူတိုင်း သိသိသာသာ ခံစားလိုက်ရသည်။
ဤချင်အန်းမှာ ကြယ်သုံးပွင့် ကံကြမ္မာ၏သားတော် ဖြစ်နေပါစေဦးတော့၊ သူသည် ချူယွမ်၏ မျက်လုံးထဲတွင် အထင်အမြင်သေးခြင်းကိုသာ ခံနေရခြင်းပင်။
"ပုရွက်ဆိတ် ဟုတ်လား"
ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်၏ လေထုမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ချင်အန်း၏ မျက်ခုံးကြားရှိ ရိုင်းစိုင်းသော မာန်မာနများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အစားထိုး၍ အဆုံးမရှိသော ကြမ်းတမ်းမှုနှင့် မှောင်မှိန်မှုများ ပေါ်ပေါက်လာသည်။
သူ၏နောက်ကွယ်မှ အခြားသော ယန်မိုနန်းတော် ပါရမီရှင်များမှာလည်း ဒေါသထွက်ကုန်ကြပြီး သူတို့၏ သတ်ဖြတ်လိုစိတ်မှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဒီချူယွမ်က... အရမ်းကို မောက်မာလွန်းတယ်…
သူတို့ နန်းတော်သခင်လေးကို ပုရွက်ဆိတ်တစ်ကောင်နဲ့ နှိုင်းယှဉ်ရဲတယ်လား…
သူ့ကို မသတ်ရင် သူတို့ရဲ့ သိက္ခာက ဘယ်မှာ ကျန်တော့မှာလဲ..
"နတ်ဘုရင် အဆင့်လေးနဲ့..."
"မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား"
ချန်အန်းက မေးလိုက်သည်…
သို့သော် ချက်ချင်းတော့ တိုက်ခိုက်ခြင်း မပြုသေးပေ သူက ချူယွမ်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ထိုအေးစက်သော အကြည့်မှာ အဆိပ်ပြင်းမြွေတစ်ကောင်အလား ချူယွမ်ကို နောက်တစ်ခဏတွင် ဝါးမျိုတော့မည့်အတိုင်းပင်။
ချူယွမ်မှာမူ ဤအချက်ကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ သူ၏နှုတ်ခမ်းထောင့်တွင် ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုသာ ရှိနေပြီး…
အေးအေးဆေးဆေးနှင့် ပြောလိုက်သည်
"အနိုင်ယူဖို့…နောက်ဆုံးတော့ ဒါဟာ သူ့နေရာသူ မသိဘဲ မော့ကြည့်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်ရဲ့ အပြုအမူပါပဲ အနိုင်အရှုံးဆိုတာ ဘယ်မှာ ရှိမှာလဲ"
"ဒါမှမဟုတ်... မင်းက အဲ့ဒီလောက်အထိ ထိုက်တန်လို့လား"
ဝှူး…
ဤစကားများ ထွက်လာသည်နှင့် ထိုက်ချန်းလောက တစ်ခုလုံးမှာ ဆူညံသွားတော့သည်။
ယန်မိုနန်းတော်ဆိုသည်မှာ သေးငယ်သော အင်အားစု မဟုတ်ကြောင်း လူတိုင်း သိကြသည်။
ထို့ပြင် ဤနန်းတော်သခင်လေးမှာ နှစ်ပေါင်း နှစ်ထောင် ကျင့်ကြံခဲ့ပြီး သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်နေသူ ဖြစ်သည်။
လျူမိသားစုမှ နတ်ဘုရားသမီးတော်ပင်လျှင် သူ့ကို လွယ်လွယ်နှင့် ရန်စရဲမည် မဟုတ်ချေ။
ဒါက ဟင်းလင်းပြင်နယ်မြေ ဖြစ်သည်!
ချူမိသားစုက အကာအကွယ် ပေးထားနိုင်တဲ့ ထိုက်ချန်းလောက မဟုတ်ဘူး…
ချူယွမ်က ဒီလောက်အထိ ရိုင်းစိုင်းနေရတာလား။
တစ်ဖက်လူက ဒေါသထွက်ပြီး နေရာတင် သတ်လိုက်ရင် အင်အားစုကြီး နှစ်ခုကြား စစ်ပွဲဖြစ်မှာကို သူ မကြောက်ဘူးလား…
"နှမြောစရာပါပဲ… ချူမိသားစု နတ်ဘုရားသားတော် ကျင့်ကြံတဲ့ သက်တမ်းက အရမ်းတိုလွန်းသေးတယ်..သူ ယန်မိုနန်းတော်သခင်လေးကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
"အကယ်၍ တစ်ဖက်လူက အညှိုးနဲ့သာ နေရာတင် သတ်လိုက်ရင် ချူမိသားစုကတော့ ဒေါသထွက်မှာ သေချာတယ် ထိုက်ချန်းလောကမှာ... သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ ဖြစ်လာတော့မှာပဲ"
ရှေးဟောင်းတိုင်းပြည်တစ်ခုအတွင်း။
အသက်ကြီးလှသော ဘုရင်ကြီးတစ်ဦးက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ၏အကြည့်မှာ နက်ရှိုင်းလှသည်။
ချူမိသားစုသည် ထိုက်ချန်းလောကတွင် အလွန်တရာ အစွမ်းထက်လှသည်။
သူတို့၏ ပါရမီရှင်များမှာ မြင့်မြတ်သော အဆင့်အတန်းကို ရရှိထားကြပြီး ကျင့်ကြံခြင်း အရင်းအမြစ်များစွာကိုလည်း နှစ်ရှည်လများ သိမ်းပိုက်ထားကြသည်။
အချိန်ကြာလာသည်နှင့်အမျှ အင်အားစုများစွာမှာ သူတို့အပေါ် မကျေနပ်မှုများ ရှိလာကြသည်မှာ သဘာဝပင်။
သာမန်အချိန်များတွင်သာ မထုတ်ပြရဲကြသော်လည်း ဤဟင်းလင်းပြင်နယ်မြေထဲတွင်မူ သူတို့မှာ ဘာကိုမျှ ကြောက်နေစရာ မလိုတော့ပေ။
ရှေးဟောင်းမသေမျိုးမိသားစု…လျူမိသားစု။
"ဟက်…အကယ်၍ ချူယွမ်သာ ဒီနေ့ ကျရှုံးသွားရင် ချူထျန်းဟယ် ဆိုတဲ့ အဘိုးကြီးတော့ ရူးသွားမှာ သေချာတယ်”
လက်ရှိ လျူမိသားစု၏ ဘိုးဘေးကြီးဖြစ်သူ၊ ထာဝရနယ်ပယ် ခြေတစ်လှမ်းအလိုသို့ ရောက်နေသည့် 'ဝူဟန့်ဧကရာဇ်' က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ကောင်းကင်ထက်ရှိ အလင်းမျက်နှာပြင်ကို ကြည့်ရင်း သူသည် စိတ်အာရုံဖြင့် အလွန်ဝေးကွာလှသော အကွာအဝေးကို ဖြတ်သန်းကာ ချင်အန်း၏ စိတ်ထဲသို့ တိုက်ရိုက် စကားပြောလိုက်သည်။
"ငါက ဝူဟန့်ဧကရာဇ် ဖြစ်တယ် ဒီနေ့... မင်း ဘာကိုမှ ကြောက်နေစရာ မလိုဘူး…. ချူယွမ်ကိုသာ သတ် လိုက်စမ်း"
"မင်း သူ့ကို သတ်လိုက်ရင် ချူမိသားစုရဲ့ ကလဲ့စားချေမှုကနေ ငါတို့ လျူမိသားစုက ယန်မိုနန်းတော်ကို အကာအကွယ် ပေးမယ့် အပြင် ငါကိုယ်တိုင်လည်း မင်းကို ကတိတစ်ခု ပေးမယ်"
ဤစကားကို ကြားလိုက်ရသဖြင့် ချင်အန်း၏ အသက်ရှူသံမှာ ရုတ်တရက် ရပ်တန့်သွားရသည်။
ဝူဟန့်ဧကရာဇ်….
ထာဝရနယ်ပယ် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိနေသည့် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး။ ဤကဲ့သို့သော ပုဂ္ဂိုလ်က သူ့ကို တိုက်ရိုက် စကားပြောလာပြီး ကတိပေးခဲ့သည်လား။
“ဝူဧကရာဇ် တကယ်ပဲလား”
"ငါ့ရဲ့ ဂုဏ်သိက္ခာကို မင်း ယုံကြည်လို့ ရပါတယ်"
"ချူယွမ်ကို သတ်ဖို့ဆိုတာ မင်း အခု လုပ်ရမယ့် အလုပ်ပဲ"
ဝူဟန့်ဧကရာဇ်၏ အသံမှာ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ခဏတွင်…
ချင်အန်း၏ မျက်ဝန်းများမှာ အရောင်တောက်လာပြီး သူ၏မျက်နှာထက်တွင် အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာသည်။
ချူယွမ်ကို သတ်ပြီး ဝူဟန့်ဧကရာဇ် ပေးမည့် ကတိကို ရယူခြင်း ဒါက အလွန်ကောင်း တဲ့ အခွင့်အရေးပဲ…
စက္ကန့်ပိုင်းအတွင်း ချင်အန်း၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားသည်။
နောက်ဆုံးတွင် ထိုအတွေးများမှာ ယုတ်မာသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
"ချူယွမ်... မင်းက သေချင်နေမှတော့ ငါကပဲ မင်းကို သေမင်းဆီ ပို့ပေးလိုက်မယ်"
"ထာဝရညဉ့် မိစ္ဆာနယ်မြေ... ပွင့်စမ်း"
အော်ဟစ်သံနှင့်အတူ ချင်အန်း၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ဘုန်း….
လှိမ့်တက်လာသော အမှောင်ထုများမှာ ဒီရေအလား တိုးဝင်လာပြီး ဟင်းလင်းပြင်နယ်မြေ၏ မိုင်ပေါင်း တစ်သောင်းကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာကြီးမှာ အဆုံးမရှိသော ထာဝရညဉ့်နက်ထဲသို့ ကျရောက်သွားပုံရသည်။
အလင်းနှင့် အချိန်အားလုံးကို အမှောင်ထုက ဝါးမျိုလိုက်ပြီး အသံအားလုံးမှာလည်း တိတ်ဆိတ်သွားတော့သည်။
ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့်…
ဟင်းလင်းပြင်နယ်မြေအတွင်းရှိ ကျင့်ကြံသူ အမြောက်အမြားမှာ မျက်နှာပျက်ကုန်ကြသည်။
"ဒါ ဘယ်လို လျှို့ဝှက်ပညာရပ်လဲ အရမ်းကို ထူးဆန်းတာပဲ"
"ကောင်းကင်ဘုံရေ…ဒါက 'ထာဝရညဉ့် မိစ္ဆာဧကရာဇ်' ရဲ့ မွေးရာပါ ဧကရာဇ်ကျင့်စဉ် ဖြစ်တဲ့ 'ထာဝရညဉ့် မိစ္ဆာနယ်မြေ' ပဲ.. သူက ဒီနယ်မြေထဲမှာ ရှိသမျှ သက်ရှိတွေရဲ့ စွမ်းအားကို လုယူပြီး သူ့ရဲ့ စွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်တာ အရမ်းကို ကြောက်စရာကောင်းတယ်"
"ဧကရာဇ်ကျင့်စဉ်လား… ဒါက တကယ်ပဲ ဧကရာဇ်ကျင့်စဉ်ပဲ..m လူငယ်လေး တစ်ယောက်က ဧကရာဇ်ကျင့်စဉ်ကို တတ်မြောက်ထားတယ်လား… ငါက နှစ်ပေါင်း ရှစ်သိန်းလောက် ကျင့်ကြံလာတာတောင် ဧကရာဇ်ကျင့်စဉ်ရဲ့ အရိပ်အယောင်ကိုတောင် မမြင်ဖူးသေးဘူး"
"ဧကရာဇ်ကျင့်စဉ်"
ကောင်းကင်နှင့် မြေကြီးမှာ တုန်လှုပ်သွားပြီး ကြည့်ရှုနေသူအားလုံး၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားရသည်။
သူတို့အားလုံး၏ အသားများမှာ တဆတ်ဆတ် တုန်လာကြသည်။
ဒါက စစ်မှန်တဲ့ ဧကရာဇ်ကျင့်စဉ် ဖြစ်သည်…
ရှေးခေတ်ကတည်းက ဧကရာဇ်ကြီးများ ဖြစ်လာခဲ့သူတိုင်းမှာ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့ ဖန်တီးခဲ့သော ဧကရာဇ်ကျင့်စဉ်များမှာလည်း ထိုခေတ်၏ အမြင့်ဆုံးသော ပညာရပ်များ ဖြစ်ကြသည်။
စစ်မှန်သော ဧကရာဇ်ကျင့်စဉ် တစ်ခုသည် ထိပ်တန်း သန့်စင်ရာနယ်မြေများ သို့မဟုတ် ရှေးဟောင်းမိသားစုများတွင်ပင် ဝှက်ဖဲအဆင့် တည်ရှိမှုမျိုး ဖြစ်သည်။
ထို့အပြင် ဧကရာဇ်ကျင့်စဉ်တစ်ခုကို နားလည်သဘောပေါက်ရန်မှာ အလွန် ခက်ခဲလှသည်။
ကွာစီ ဧကရာဇ် အဆင့်မှာပင် လေ့လာနိုင်ပါက ပြိုင်ဘက်ကင်း ပါရမီဟု သတ်မှတ်ခံရမည် ဖြစ်သည်။
သို့သော် ဤချင်အန်းမှာမူ…
သူသည် နှစ်ပေါင်း နှစ်ထောင်ကျော်သာ ကျင့်ကြံခဲ့ပြီး သူတော်စင်နယ်ပယ်မှာသာ ရှိသေးသည်။
သူသည် ဧကရာဇ်ကျင့်စဉ်ကို သင်ယူထားရုံသာမက ကျွမ်းကျင်ပိုင်နိုင်သည့် အဆင့်သို့ပင် ရောက်နေပြီ ဖြစ်သည်။
"ဒါ... ချူမိသားစု နတ်ဘုရားသားတော်ကတော့ ဒီတစ်ခါ တကယ် အန္တရာယ်ရှိသွားပြီ"
"ဒီ ထာဝရညဉ့် မိစ္ဆာနယ်မြေက လောကမှာ ရှိသမျှ ဝိညာဉ်တွေရဲ့ စွမ်းအားကို လုယူနိုင်တယ်လို့ ပြောကြတယ် ဒဏ္ဍာရီအရ ထာဝရညဉ့် မိစ္ဆာဧကရာဇ်ဟာ ဒီနယ်မြေကို သုံးပြီး ဧကရာဇ်ကြီး ငါးပါးကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်ခဲ့ဖူးတယ်"
"ဒီနယ်မြေကို ဖြန့်လိုက်တာနဲ့ ကမ္ဘာကြီးက အဆုံးမရှိတဲ့ ညဉ့်နက်ထဲ ရောက်သွားတာပဲ…ဒါက ထိပ်တန်း ဧကရာဇ်ကျင့်စဉ် တစ်ခုပဲ… ရှေးဟောင်း မသေမျိုးမိသားစု သုံးခုတောင်မှ ဒါကို လိုချင်နေကြမှာ သေချာတယ်"
အပြင်လောကတွင် မည်သူမျှ ချူယွမ်ဘက်မှ မရှိကြပေ။
သူတို့၏ အမြင်တွင် ချူမိသားစု နတ်ဘုရားသားတော်သည် ယနေ့ ကျရှုံးတော့မည် ဖြစ်သည်။
သူ၏ အသက်ကို ကယ်ရန် ဝှက်ဖဲများ ရှိနေဦးမည် ဖြစ်သော်လည်း၊ နဂါးပုန်းအစည်းအဝေးတွင် ပါဝင်ခွင့် ဆုံးရှုံးသွားမည်ဖြစ်ကာ ဟင်းလင်းပြင်နယ်မြေမှ ကန်ထုတ်ခံရမည်မှာ သေချာလှသည်။
သူသည် ကောင်းကင်ဘုံတာအို၏ ရွှေစာရင်းနှင့် လွဲချော်ရတော့မည် ဖြစ်သည်။