အခန်း (၁၆) - ကံကြမ္မာရွေးချယ်ခံ၊ ခမ်းနားသော အစည်းအဝေးကြီး စတင်ပြီ!
ထျန်းချွဲမြို့စားမင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက်။
ချူယွမ်၏ စိတ်ထဲတွင် စနစ်၏ အသံမှာ တစ်ဖန် ပြန်လည်မြည်ဟီးလာပြန်သည်။ သူ အရင်က ခန့်မှန်းထားခဲ့သလိုပင် ဖြစ်နေတော့သည်။
ဤထျန်းချွဲမြို့စားမင်းမှာ အမှန်တကယ်ပင် ထိုက်ချန်းလောက၏ အစွမ်းထက်ဆုံးသော ကံကြမ္မာ၏သားတော် ဖြစ်နေပြီး ဤလောက၏ ကောင်းကင်ဘုံကံတရားကို ကိုယ်စားပြုလုနီးပါး ဖြစ်နေသည့် တည်ရှိမှုမျိုး ဖြစ်နေသည်။
[အမည် - ယွန်းချန်းလန်]
[အဆင့်အတန်း - ထျန်းချွဲမြို့စားမင်း၊ ထိုက်ချန်းလောက၏ ကောင်းကင်ဘုံတာအို နိယာမကို ဆောင်ရွက်သူ]
[ကံတရား - ၁၀၀၀ (ထိုက်ချန်းလောကအတွင်း ရှိနေသရွေ့ သူ၏ ကံတရားမှာ ထာဝရ အမြင့်ဆုံး အခြေအနေတွင် ရှိနေမည်)]
[ကံကြမ္မာ၏သားတော် အဆင့် - ကံကြမ္မာရွေးချယ်ခံ ထူးခြားသော ကံကြမ္မာ၏သားတော်၊ ကောင်းကင်ဘုံ၏ စစ်မှန်သော သားတော်ဖြစ်ပြီး သူ၏ လုပ်ရပ်တိုင်းကို ကောင်းကင်ဘုံက အကာအကွယ် ပေးထားသည်)]
[ကျင့်စဉ် ထာဝရနယ်ပယ် ခြေတစ်လှမ်းအလို ]
[အထူးအခွင့်အရေး - မသိရသေးပါ]
[ကံကြမ္မာရောင်ဝါ အာနိသင် - မသိရသေးပါ]
တစ်ဖက်လူ၏ အချက်အလက်များကို အကျဉ်းချုံး စစ်ဆေးပြီးနောက်။
ချူယွမ်က အသာအယာ ခေါင်းခါလိုက်သည်။ သူ၏ လက်ရှိအဆင့်နှင့်ဆိုလျှင် ဤထျန်းချွဲမြို့စားမင်းကို သတ်ရန်မှာ လုံးဝ မဖြစ်နိုင်သေးကြောင်း သူ သိလိုက်ရသည်။
ချူမိသားစု၏ ဘိုးဘေးကြီး ချူထျန်းဟယ် ကိုယ်တိုင် ထွက်လာလျှင်ပင် သရေကျရုံသာ ရှိပေလိမ့်မည်။
ချူမိသားစု၏ ဝှက်ဖဲအစစ်အမှန်များကို ထုတ်သုံးမှသာလျှင် ထိုသူကို သတ်နိုင်မည့် အခွင့်အရေး ရှိပေလိမ့်မည်။
'သူ့ကို ဒီခေတ်ရဲ့ အစွမ်းထက်ဆုံး ကျွမ်းကျင်သူလို့ ခေါ်တာ တကယ့်ကို ထိုက်တန်ပါတယ်'
ထိုက်ချန်းလောက၏ ကောင်းကင်ဘုံတာအို၏ အကာအကွယ်အောက်တွင် သာမန် ဧကရာဇ်ကြီးများမှာ သူ့ကို အနည်းငယ်မျှပင် ဒဏ်ရာရအောင် မလုပ်နိုင်ကြပေ။
ထာဝရနယ်ပယ် ခြေတစ်လှမ်းအလိုသို့ ရောက်နေသည့် အခြားသော ကျွမ်းကျင်သူများမှလွဲ၍ ဤထျန်းချွဲမြို့စားမင်းကို မည်သူမျှ ဘာမျှ လုပ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ယခုအခါ သူသည် ထျန်းချွဲမြို့စားမင်း ရာထူးကို ရယူထားသဖြင့် ထိုက်ချန်းလောက တစ်ခုလုံး၏ ကောင်းကင်ဘုံတာအို၏ အလိုတော်ကို ကိုယ်စားပြုနေသည်။
ရှေးဟောင်းမသေမျိုးမိသားစု သုံးခုပင်လျှင် သူ့ကို အလွန်အမင်း သတိထားကြရသည်။
ထျန်းချွဲမြို့စားမင်း၏ အကြည့်မှာ တစ်ကွင်းလုံးကို ဝေ့ကြည့်လိုက်သည်။
ထို့နောက် သူ၏ နက်ရှိုင်းကာ မိုးခြိမ်းသံသဖွယ် ကျယ်လောင်လှသော အသံမှာ မြို့တော်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
“ငါဟာ ထျန်းချွဲမြို့စားမင်း ဖြစ်တယ်… ကောင်းကင်ဘုံရဲ့ အလိုတော်အရ ဒီတစ်ကြိမ် နဂါးပုန်းအစည်းအဝေးရဲ့ အိမ်ရှင်အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်တယ်”
ထိုအသံမှာ နံနက်ခင်း ခေါင်းလောင်းသံကြီးကဲ့သို့ပင် ကောင်းကင်ဘုံ၏ ခန့်ညားထည်ဝါမှုများနှင့်အတူ ဆင်းသက်လာခဲ့သည်။
တစ်ခဏချင်းမှာပင် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။
နိုင်ငံငယ်လေးများနှင့် ဂိုဏ်းငယ်လေးများမှ ပါရမီရှင်များစွာမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မြေပြင်ပေါ်၌ ပြပ်ပြပ်ဝပ်ကာ တဆတ်ဆတ် တုန်နေကြတော့သည်။
ထျန်းချွဲမြို့စားမင်း၏ စကားလုံးများမှာ ကိုးထပ်သော ကောင်းကင်ဘုံမှ နတ်ဘုရားမိုးကြိုးများ ပေါက်ကွဲသွားသကဲ့သို့ပင်။
စကားလုံး တိုင်းမှာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည်။
“ဒီတစ်ကြိမ် နဂါးပုန်းအစည်းအဝေးကို 'ဟင်းလင်းပြင်နယ်မြေ' လို့ ခေါ်တဲ့ ကမ္ဘာငယ်လေးထဲမှာ ကျင်းပသွားမှာ ဖြစ်တယ်”
“ဟင်းလင်းပြင်နယ်မြေဟာ အလွန်တရာ ကျယ်ပြောပြီး မိစ္ဆာတွေနဲ့ ကြောက်မက်ဖွယ် သားရဲတွေ အမြောက်အမြား ရှိနေတယ်။
သူတို့ကို သတ်ဖြတ်ခြင်းအားဖြင့် မင်းတို့ဟာ သက်ဆိုင်ရာ အမှတ်တွေကို ရရှိလိမ့်မယ်။
နောက်ဆုံး အမှတ်အဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံး တစ်သောင်းထဲမှာ ပါဝင်တဲ့သူတွေဟာ ဒီနဂါးပုန်းအစည်းအဝေးရဲ့ အောင်နိုင်သူတွေ ဖြစ်လာကြလိမ့်မယ်”
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ချူယွမ် အပါအဝင် ပါရမီရှင် အမြောက်အမြား၏ လက်ထဲတွင် အနက်ရောင် တိုကင်ပြား တစ်ခုစီ ပေါ်လာသည်။
အတွင်းသို့ ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်သောအခါ လက်ရှိအမှတ် '၀' ဟု ပေါ်လာသည်။
အမှတ်များသည် ဤနဂါးပုန်းအစည်းအဝေး၏ အရာအားလုံးကို ဆုံးဖြတ်ပေးမည့် အချက်ပင် ဖြစ်သည်။
မိစ္ဆာများနှင့် သားရဲများကို သတ်လျှင် အမှတ်ရမည် ဖြစ်သလို၊ အခြားသူများကို သတ်ဖြတ်၍ သူတို့၏ တိုကင်ပြားများကို လုယူလျှင်လည်း ထိုသူတို့၏ အမှတ်အားလုံးကို ရရှိမည် ဖြစ်သည်။
ဟင်းလင်းပြင်နယ်မြေမှာ အလွန်တရာ အန္တရာယ်များလှသည်။
ပါရမီရှင်တိုင်းတွင် အပြင်သို့ ပြန်လည်ထွက်ခွာနိုင်မည့် အခွင့်အရေး တစ်ကြိမ်စီ ရှိသော်လည်း သာမန်အားဖြင့် မည်သူမျှ ဤအခွင့်အရေးကို လွယ်လွယ်နှင့် လက်လျှော့ကြမည် မဟုတ်ပေ။
ချူယွမ်သည် တိုကင်ပြားကို ကိုင်ထားရင်း ကောင်းကင်တွင် ဖြည်းဖြည်းချင်း ပေါ်လာသော နဂါးပုန်းအဆင့်သတ်မှတ်ချက်၏ ဧရာမ ပုံရိပ်ယောင်ကြီးကို ကြည့်လိုက်သည်။
ဤအစည်းအဝေးအတွင်း ဖြစ်ပျက်သမျှကို ထျန်းချွဲမြို့တော်မှနေ၍ ထိုက်ချန်းလောက၏ အရပ်ရပ်သို့ ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။
မည်သည့်ကျင့်ကြံသူမဆို အတွင်း၌ ဖြစ်ပျက်သမျှကို မိမိတို့မျက်စိနှင့် တပ်အပ် မြင်တွေ့ရမည်ဖြစ်ပြီး— နဂါးပုန်းအဆင့်သတ်မှတ်ချက် ပေါ်ထွက်လာသည်ကို သက်သေပြုနိုင်ကြလိမ့်မည်။
“ချူဟောင် ချူယွီချင်း... မင်းတို့က ငါတို့ ချူမိသားစုရဲ့ ထူးချွန်တဲ့ ပါရမီရှင်တွေ ဖြစ်တယ်။
နှစ်ပေါင်း တစ်ထောင် ကျင့်ကြံပြီးနောက်မှာ သူတော်စင်နယ်ပယ်ကို ရောက်နေကြပြီ”
“ဒီတစ်ကြိမ်မှာတော့ မင်းတို့ရဲ့ စွမ်းရည်တွေကို ဟင်းလင်းပြင်နယ်မြေထဲမှာ ထုတ်ပြပြီး နဂါးပုန်းအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာတွေရအောင် ကြိုးစားကြပါ!”
ချူယွမ်က သူ၏နောက်တွင် ရှိနေသော ချူမိသားစု မျိုးဆက်သစ် နှစ်ဦးကို လှည့်၍ ပြောလိုက်သည်။
ယခုတစ်ခေါက် သူခေါ်လာသော ပါရမီရှင်များထဲတွင် ဤနှစ်ဦးမှာ ကျင့်စဉ်အမြင့်ဆုံး ဖြစ်သည်။
အထူးသဖြင့် ချူဟောင်မှာ ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေထဲတွင် နှစ်ပေါင်း တစ်ထောင့်နှစ်ရာ ကျင့်ကြံခဲ့ပြီး ယခုအခါ သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
သူသည် မဟာသူတော်စင် အဆင့်သို့ ရောက်ရန် နီးစပ်နေပြီဖြစ်ရာ အလွန်တရာ ကြောက်စရာကောင်းလှသည်။
ချူယွီချင်းမှာလည်း မနိမ့်ပါချေ၊ သူမသည်လည်း သူတော်စင်နယ်ပယ်သို့ ခြေချထားပြီး ဖြစ်သည်။
ဤနှစ်ဦး ပေါင်းစပ်လိုက်လျှင် ပါရမီရှင်များစွာအတွက် အိပ်မက်ဆိုး ဖြစ်လာပေလိမ့်မည်။
“စိတ်ချပါ နတ်ဘုရားသားတော်၊ ကျွန်တော်မျိုးတို့ မိသားစုရဲ့ ဂုဏ်သိက္ခာအတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ”
ချူဟောင်နှင့် ချူယွီချင်းတို့က ရိုသေစွာ ဦးညွှတ်ပြီး စိတ်လှုပ်ရှားစွာ ပြန်လည်ဖြေကြားလိုက်ကြသည်။
သူတို့၏ ကတိကို ကြားသောအခါ ချူယွမ်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“ဘုန်း”
ဤအချိန်တွင် ထျန်းချွဲမြို့စားမင်းက စည်းကမ်းချက်များကို ရှင်းပြပြီးနောက် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော ဟင်းလင်းပြင် အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။ ထိုအထဲသို့ ဝင်ရောက်ခြင်းအားဖြင့် 'ဟင်းလင်းပြင်နယ်မြေ' ထဲသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
“ငါ ထျန်းချွဲမြို့စားမင်းအနေနဲ့... ဒီတစ်ကြိမ် နဂါးပုန်းအစည်းအဝေးကို တရားဝင် စတင်ကြောင်း ကြေညာလိုက်တယ်”
“ဝူး ….ဝှစ် ... ဝှစ်…”
စကားအဆုံးတွင် မရေမတွက်နိုင်သော ပုံရိပ်များမှာ ကောင်းကင်သို့ ပျံတက်သွားကြပြီး အလင်းတန်းများအဖြစ် ဟင်းလင်းပြင်နယ်မြေ အက်ကြောင်းထဲသို့ တိုက်ရိုက် တိုးဝင်သွားကြတော့သည်။
ဝိန်း… ဝိန်း…
ခဏချင်းအတွင်း လူပေါင်း တစ်သန်းကျော် ဝင်ရောက်သွားသည်။
သို့သော် အမြောက်အမြားမှာလည်း အပြင်သို့ ပြန်လည်ကန်ထုတ်ခံလိုက်ရပြီး မျက်နှာများမှာ ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြသည်။
“သွားပြီ… ငါ မိသားစုရဲ့ လျှို့ဝှက်နယ်မြေထဲမှာ နှစ်ပေါင်း သုံးထောင့်တစ်ရာ ကျင့်ကြံခဲ့တာ။ နဂါးပုန်းအစည်းအဝေးရဲ့ “အသက်’ကန့်သတ်ချက်ကို ကျော်သွားပြီ
ဝတ်ရုံနီနှင့် လူငယ်တစ်ဦးမှာ နာကျည်းစွာ အော်ဟစ်လိုက်သည်။
သူ ဟင်းလင်းပြင်နယ်မြေထဲသို့ ဝင်လိုက်သည်နှင့် ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကို ကန်ထုတ်လိုက်ခြင်း ဖြစ်ပြီး သူ၏ လက်ထဲရှိ တိုကင်ပြားမှာလည်း ပြာအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ သူ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
နဂါးပုန်းအစည်းအဝေးတွင် ပါဝင်ရန် သတ်မှတ်ချက်မှာ ဝိညာဉ်သက်တမ်း အနှစ် သုံးထောင်အောက် ဖြစ်ရမည်။
အပြင်လောကတွင် ကျင့်ကြံသည်ဖြစ်စေ၊ အချိန်နှင့်ဟင်းလင်းပြင် လျှို့ဝှက်နယ်မြေထဲတွင် ကျင့်ကြံသည်ဖြစ်စေ ဝိညာဉ်သက်တမ်းထဲသို့ ထည့်သွင်းရေတွက်မည် ဖြစ်ရာ အနည်းငယ်မျှပင် လိမ်ညာ၍ မရပေ။
ဟူး….
နောက်ထပ် ဟင်းလင်းပြင် လှိုင်းထမှုတစ်ခု ဖြစ်ပေါ်လာပြန်ပြီး ဤတစ်ကြိမ်တွင် လူပေါင်း တစ်သောင်းခန့်မှာ နယ်မြေထဲမှ ကန်ထုတ်ခံလိုက်ရသည်။
ဤသူများမှာ အသက်ကန့်သတ်ချက်ကို ကျော်လွန်နေသော်လည်း လိမ်ညာ၍ ကံစမ်းကြည့်လိုသူများ ဖြစ်ကြသည်။
“မြို့စားမင်းခင်ဗျာ…ကျွန်တော်က အသက် သုံးထောင်ကျော်တာ နာရီပိုင်းလေးပဲ ရှိပါသေးတယ်… ကျွန်တော့်ကို ဒီအစည်းအဝေးမှာ ပါဝင်ခွင့်ပေးပါလို့ တောင်းပန်ပါတယ်”
ခန့်ညားသော လူငယ်တစ်ဦးက ထျန်းချွဲမြို့စားမင်းရှေ့တွင် ဒူးထောက်၍ အော်ဟစ်တောင်းပန်နေသည်။
သူ၏ နောက်ခံမှာလည်း မသေးပါချေ။
သူသည် ရှေးဟောင်းမိသားစု ဖြစ်သော ယွမ်မိသားစု၏ သူတော်စင်သားတော် ဖြစ်သည်။
ယွမ်မိသားစုမှာ ဘိုးဘေးများထဲတွင် ဧကရာဇ် တစ်ပါးထက်မက ပေါ်ထွက်ခဲ့ဖူးသော အင်အားကြီး မိသားစု ဖြစ်သည်။
သူသည် ဤနဂါးပုန်းအစည်းအဝေးတွင် တောက်ပနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း အသက်ကန့်သတ်ချက် နာရီပိုင်းလေး ကျော်လွန်သွားရုံနှင့် ကန်ထုတ်ခံရခြင်းကို သူ မည်သို့ ကျေနပ်နိုင်ပါမည်နည်း။
သို့သော် ထျန်းချွဲမြို့စားမင်းက သူ့ကို အနည်းငယ်မျှပင် အဖက်မလုပ်ပေ။
ယွမ်မိသားစု သူတော်စင်သားတော်မှာ ပို၍ ဆူညံလာသည်ကို မြင်သောအခါ ကောင်းကင်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ဧရာမ လျှပ်စီးတိမ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ဤအချက်က သူ့ကို ချက်ချင်း ပါးစပ်ပိတ်သွားစေပြီး ထိတ်လန့်တကြား ဆုတ်ခွာသွားစေတော့သည်။
'ဒီထျန်းချွဲမြို့စားမင်းက ကောင်းကင်ဘုံနိယာမ စွမ်းအားကို တကယ်ပဲ ကျွမ်းကျင်နေတာပဲ။ စိတ်ကူးလိုက်ရုံနဲ့ လျှပ်စီးဘေးဒဏ်ကို ဆင့်ခေါ်နိုင်တယ်'
ချူယွမ်သည် ဟင်းလင်းပြင်တွင် ဝဲပျံနေသော ထျန်းချွဲမြို့စားမင်းကို ကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဤလူမှာ အတိုင်းအဆမရှိ နက်နဲကြောင်း ပို၍ ခံစားလိုက်ရသည်။
သို့သော် မကြာမီ သူ၏ အတွေးများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ဟင်းလင်းပြင်နယ်မြေ အဝင်ဝသို့ အကြည့်ကို ပြန်ပို့လိုက်သည်။
“သွားကြစို့… ငါလည်း ဒီအစည်းအဝေးကို အတော်လေး မျှော်လင့်နေမိတယ်...”
အေးဆေးစွာ ရယ်မောရင်း ချူယွမ်သည် သူ၏နောက်မှ ချူမိသားစု ပါရမီရှင်များကို ဦးဆောင်ကာ အဝင်ဝသို့ ပျံသန်းသွားတော့သည်။
ဝှူး….
ချူယွမ်နှင့် အခြားသူများ၏ ပုံရိပ်များမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်မှာပင် ချူယွမ် မသိလိုက်ဘဲ…ကောင်းကင်ထက်၌ ရှိနေသော ထျန်းချွဲမြို့စားမင်းသည် အောက်သို့ ငုံ့ကြည့်လိုက်သည်။
ချူယွမ်၏ ပုံရိပ်ကို မြင်လိုက်ရသည့် ခဏတွင် သူ၏ မျက်ဝန်းထဲ၌ ဖမ်းဆုပ်ရန် ခက်ခဲလှသော အရောင်တစ်ချက် လက်သွားခဲ့လေသည်။