အခန်း (၁၄) - လျူမိသားစု၏ နတ်ဘုရားသမီးတော်၊ လင်လုံမသေမျိုးဘုရင်၏ဝင်စားခြင်း…
"စီမံခန့်ခွဲသူ ကျိုး ကိုး ငါ့ဘက်က အားနာပါတယ်…ငါကတော့ များသောအားဖြင့် အစေခံတွေရဲ့ နာမည်ကို အမှတ်ရနေဖို့ အထူးတလည် အားမထုတ်တတ်ဘူးလေ"
ကျိုးမင်၏ မိတ်ဆက်မှုကို ကြားရသောအခါ ချူယွမ်သည် မည်သည့်အမူအရာမျှ မပြဘဲ ထိုသူကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“စကားလုံး အနည်းငယ်ဖြင့်ပင် သူသည် ကြောက်မက်ဖွယ် ကောင်းလှသော ဤကွာစီ ဧကရာဇ် ကျွမ်းကျင်သူကို အစေခံတစ်ဦးအဖြစ် ရည်ညွှန်းလိုက်ခြင်း ဖြစ်ပြီး အနည်းငယ်မျှပင် မျက်နှာသာ မပေးခဲ့ပေ”
ဤစကားကို ကြားသောအခါ ကျိုးမင်သည် ဒေါသထွက်ပုံမရပေ။
ထို့ပြင် သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး ဆက်လက် ပြောဆိုသည်။
"ဒီတစ်ကြိမ် နဂါးပုန်းအစည်းအဝေးကို အထူး ကမ္ဘာငယ်လေးတစ်ခုထဲမှာ ကျင်းပမှာပါ။ အဲ့ဒီမှာ ဘယ်လို သိုင်းပြိုင်ကွင်းမှ မရှိသလို၊ စည်းကမ်းတွေလည်း သိပ်မရှိဘူး။"
"မြို့စားမင်းရဲ့ ပြောကြားချက်အရဆိုရင် လူမျိုးပေါင်းစုံက ပါဝင်သူ စုစုပေါင်း ဘီလီယံ ၃၇၀ တောင် ရှိတယ် ငါတို့ လူသားမျိုးနွယ်ကတော့ ဘီလီယံ ၁၀ ပဲ ရှိတာ"
"နတ်ဘုရားသားတော်အနေနဲ့ ဒီအစည်းအဝေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အထဲမှာ သေချာ သတိထားရလိမ့်မယ် ဘာလို့လဲဆိုတော့ အဲ့ဒီကမ္ဘာငယ်လေးထဲမှာ ဘယ်လို စောင့်ရှောက်သူမှ လိုက်သွားလို့ မရလို့ပဲ..."
ချူယွမ် ကွာစီ ဧကရာဇ် အဆင့်သို့ တက်လှမ်းသွားသည့် သတင်းကို ချူမိသားစုက ယနေ့တိုင် လျှို့ဝှက်ထားခဲ့သည်။
ထို့ကြောင့် ထျန်းယွီနတ်ဘုရားမင်းဆက်မှလွဲ၍ ကျန်အင်အားစုများမှာ မသိကြသေးပေ။
ထို့ပြင် အထူး ကွာစီ ဧကရာဇ်လက်နက်၏ ဖုံးကွယ်မှုအောက်တွင် ချူယွမ်သည် အပြင်ပန်း၌ နတ်ဘုရင် အဆင့်အဖြစ်သာ ပြသထားသည်။
ကျိုးမင်ပင်လျှင် သူ၏ ကျင့်စဉ်ကို ထိုးဖောက် မမြင်နိုင်ချေ။
တစ်ဖက်လူက သူ့အပေါ် မရိုမသေ ပြုသည်ကို မြင်သောအခါ ကျိုးမင်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီး ဤအခွင့်အရေးကို သုံး၍ ချူယွမ်၏ မာန်မာနကို နှိမ်ချရန် ကြံစည်နေတော့သည်။
"စီမံခန့်ခွဲသူ ကျိုးက စိတ်ပူလွန်းနေပါပြီ ငါ ဘာလုပ်ရမလဲဆိုတာ ငါ့ဘာသာငါ သိပါတယ်"
နောက်တစ်ခဏတွင် ချူယွမ်သည် စိတ်မရှည်သကဲ့သို့ လက်ကို ဝှေ့ယမ်းကာ အေးစက်စွာ ပြောလိုက်သည်။
သူ၏ အပြုအမူမှာ ယင်ကောင်တစ်ကောင်ကို မောင်းထုတ်နေသကဲ့သို့ပင်။
ချက်ချင်းဆိုသလို ကျိုးမင်၏ အကြည့်များ အေးစက်သွားသော်လည်း သူသည် ချက်ချင်းပင် ဟန်ကိုယ့်ဖို့ ပြန်လုပ်ကာ အပြုံးတစ်ခုဖြင့် ဘာမျှ ထပ်မပြောတော့ဘဲ ထွက်ခွာသွားသည်။
ဤမြင်ကွင်းကို ကြည့်နေသော အခြားအင်အားစုများမှ ပါရမီရှင်များမှာ ထိတ်လန့်တကြား ချွေးပြန်ကုန်ကြသည်။
ထိုသူမှာ ကွာစီ ဧကရာဇ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည် ချူမိသားစု၏ နတ်ဘုရားသားတော်မှာ မည်မျှပင် မြင့်မြတ်ပါစေဦးတော့၊ ဤကဲ့သို့သော သဘောထားမျိုးဖြင့် မဆက်ဆံသင့်ပေ မဟုတ်ပါလား။
အကယ်၍ ထိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးသာ ဒေါသထွက်သွားလျှင် တစ်ချက်တည်းနှင့် အရိုးပင် မကျန်အောင် ရိုက်သတ်ခံရမည်ကို မကြောက်ဘူးလား။
တစ်ခဏအတွင်း ထျန်းချွဲမြို့ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ချူမိသားစု နတ်ဘုရားသားတော်၏ မာန်ဝံ့ထည်ဝါလှသော အပြုအမူက ကျင့်ကြံသူအားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
သို့သော် သူတို့မသိသည်မှာ ချူယွမ်၏ စစ်မှန်သော အဆင့် မှာလည်း ကွာစီ ဧကရာဇ် အဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် အခြားသော ကွာစီ ဧကရာဇ် တစ်ဦးနှင့် ဆက်ဆံရာတွင် အထူးတလည် ရိုသေနေစရာ မလိုခြင်းပင် ဖြစ်သည်။
တကယ်တမ်း တိုက်ခိုက်ကြလျှင် မည်သူက အနိုင်ရမည်ကိုပင် မသိနိုင်ချေ။
"လျူမိသားစုရဲ့ ဝိညာဉ်လှေလည်း ရောက်လာပြီ… ချူမိသားစုနဲ့ လျူမိသားစု ရှေးဟောင်းမသေမျိုးမိသားစု နှစ်ခုစလုံး ရောက်လာပြီဆိုတော့ ဒီတစ်ကြိမ် နဂါးပုန်းအစည်းအဝေးကတော့ အရင်ကထက် ပိုပြင်းထန်တော့မှာပဲ"
တိတ်ဆိတ်မှု ခဏအကြာတွင် ကောင်းကင်ထက်မှ နောက်ထပ် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြန်သည်။
ရှေးဟောင်း ကြေးနီလှေကြီးတစ်စုံ ကောင်းကင်ကို ဖြတ်သန်းလာသည်ကို အားလုံး မြင်လိုက်ကြရသည်။
ဤရှေးဟောင်းလှေမှာ ချူယွမ်၏ လှေထက် မနိမ့်ပေ အလွန်တရာ ကြီးမားလှသည်။
လှေကိုယ်ထည်ပေါ်ရှိ ရှေးဦးအင်းကွက်များမှ ထွက်ပေါ်လာသော ဖိအားကြောင့် လူအများမှာ အသက်ရှူပင် ကြပ်လာကြသည်။
"ဒါ လျူမိသားစုရဲ့ 'ကြယ်စင်လွတ်မြောက် ရှေးဟောင်းလှေ' မဟုတ်လား… ကြယ်ပေါင်း တစ်သိန်းရဲ့ အနှစ်သာရတွေကို အသုံးပြုပြီး လျူမိသားစုရဲ့ ဧကရာဇ်အဆင့် လက်နက်ပညာရှင်ကိုယ်တိုင် ဖန်တီးထားတာလို့ ပြောကြတယ်"
"ဒါက ဧကရာဇ်လက်နက်ပဲ သူ့တန်ဖိုးက ဖြတ်လို့မရဘူး ချူမိသားစု နတ်ဘုရားသားတော်ရဲ့ လှေထက်တောင် သာလွန်နိုင်တယ်"
လူအုပ်ကြီးက တစ်ဦးပြီးတစ်ဦး အာမေဍိတ်သံများ ပြုလိုက်ကြသည်။
ဧကရာဇ်လက်နက်တစ်ခုကို စီးနင်းလာခြင်းမှာ တကယ့်ကို တုန်လှုပ်စရာပင်။
ရှေးဟောင်းမသေမျိုးမိသားစုများသာ ဤကဲ့သို့သော အရင်းအမြစ်များကို ပိုင်ဆိုင်နိုင်ကြသည်။
လှေပေါ်တွင် လျူမိသားစုမှ ပါရမီရှင်များနှင့် ကျွမ်းကျင်သူ အမြောက်အမြား ရှိနေသည်။
တစ်ဦးချင်းစီမှာ အလွန်နုပျိုကြသော်လည်း သူတို့၏ အရှိန်အဝါမှာ သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သည်။
ခေါင်းဆောင်အဖြစ် ရပ်နေသူမှာ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။
သူမ၏ လှပသော မျက်နှာထက်တွင် အေးစက်သော အရိပ်အယောင်များ ရှိနေသည်။
သူမ၏ ကိုယ်ဟန်မှာ သွယ်လျလှပပြီး ရင်ဘတ်ကို လက်ပိုက်ကာ ရပ်နေပုံမှာ ကိုးထပ်သော ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် မသေမျိုးနတ်သမီးတစ်ပါးအလား မြင့်မြတ်လှသည်။
"အဲ့ဒါ လျူမိသားစုရဲ့ ဒဏ္ဍာရီလာ နတ်ဘုရားသမီးတော်လား… နတ်သမီးလေးတစ်ပါးအတိုင်းပဲ သန့်စင်ပြီး မြင့်မြတ်လိုက်တာ"
(((မျိုးနွယ်စုတွေက နတ်ဘုရားသားတော် /သမီးတော် လို့သုံးတယ်။ နယ်မြေ တွေက မြင့်မြတ်သားတော် ၊သန့်စင် သမီးတော် လို့သုံးတယ် )))
"လျူမိသားစုရဲ့ နတ်ဘုရားသမီးတော်ဟာ ကျင့်ကြံသက် နှစ်တစ်ရာတောင်မပြည့်သေးဘဲ ကွာစီ သူတော်စင် အဆင့်ကို ရောက်ခဲ့တယ်လို့ သတင်းထွက်နေတာ…သူမမှာ ခန္ဓာကိုယ်အမျိုးအစား တစ်သောင်း စာရင်းမှာ အဆင့် (၃) ရှိတဲ့ 'လင်လုံခန္ဓာ' ရှိတယ် အဲ့ဒါက မွေးရာပါ လမ်းစဉ်ခန္ဓာ ဖြစ်ပြီး မသေမျိုးစွမ်းအားနဲ့ အနီးစပ်ဆုံးပဲ။"
"ဒီလို ပါရမီမျိုးကတော့ တကယ့်ကို ပြိုင်ဘက်ကင်းပဲ"
"အကယ်၍ သူမသာ အသက်မတိုခဲ့ရင် အနာဂတ်မှာ မသေမျိုးဧကရာဇ် တစ်ပါး ဖြစ်လာမှာ သေချာတယ်"
...
ကောင်းကင်ထက်ရှိ လှေကြီးကို ကြည့်ကာ လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
[တိန်…ကြယ်ခြောက်ပွင့် ကံကြမ္မာ၏သမီးတော် တစ်ဦးကို တွေ့ရှိပါသည်…အိမ်ရှင်အနေဖြင့် ၎င်းကို အနိုင်ယူခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းဖြင့် ဗီလိန်မှတ် အမြောက်အမြားနှင့် ကောင်းကင်ဘုံကံတရား အမြောက်အမြားကို လုယူနိုင်မည် ဖြစ်သည်]
ချူယွမ်သည်လည်း ထိုဘက်သို့ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
သူသည် လျူမိသားစု နတ်ဘုရားသမီးတော်ကို ကြည့်လိုက်သည်နှင့် စနစ်၏ အသိပေးချက်မှာ ပေါ်လာတော့သည်။
လျူမိသားစုသည် ချူမိသားစုကဲ့သို့ပင် ရှေးဟောင်းမသေမျိုးမိသားစု တစ်ခု ဖြစ်သည်။
အတိတ်ကာလတွင် မသေမျိုး အမြောက်အမြား ပေါ်ထွက်ခဲ့ဖူးသော မိသားစု ဖြစ်သည်။
လက်ရှိတွင် မိသားစုနှစ်ခု၏ ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်း သန်းချီကမူ ရေနှင့်မီးကဲ့သို့ ရန်သူများ ဖြစ်ခဲ့ကြပြီး စစ်ပွဲများစွာ ဖြစ်ပွားခဲ့ဖူးသည်။
ယခု လျူမိသားစုမှ လျူယွမ်ရှီးမှာ အသက် ၅ နှစ်ကတည်းက 'မွေးရာပါ ဧကရာဇ်' ဟု ခေါ်တွင်ခြင်းခံရကာ ထိုက်ချန်းလောကတွင် ကျော်ကြားခဲ့သူ ဖြစ်သည်။
သူမသည် အနှစ်တစ်ရာအတွင်း ခြေလှမ်း၀က်သူတော်စင် အဆင့်သို့ ရောက်ရှိခဲ့ပြီး မျိုးဆက်သစ်လူငယ် အမြောက်အမြားကို အထက်စီးမှ ကြည့်နိုင်ခဲ့သည်။ သူမ၏ ပါရမီမှာ ဤလောကတွင် ထိပ်တန်းအဆင့် ဖြစ်ပြီး နောင်တစ်ချိန်တွင် ဧကရာဇ် ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
[အမည် - လျူယွမ်ရှီး]
[အဆင့်အတန်း - လျူမိသားစု၏ နတ်ဘုရားသမီးတော်၊ အထက်လောကမှ လင်လုံမသေမျိုးဘုရင်၏ ဝင်စားခြင်း]
[ကံတရား - ၆၉၀]
[ကံကြမ္မာ၏သမီးတော် အဆင့် - ကြယ်ခြောက်ပွင့်]
[ကျင့်စဉ် - ခြေလှမ်း၀က်သူတော်စင် နယ်ပယ် ]
[အထူးအခွင့်အရေး - ကိုးပေါက်လင်လုံခန္ဓာ၊ ခန္ဓာကိုယ်အတွင်း၌ မပြည့်စုံသော မသေမျိုးဘုရင် တရားအနှစ်သာရ ရှိနေခြင်း၊ မသေမျိုးဧကရာဇ် ကျင့်စဉ်ဖြစ်သော 'ကံကြမ္မာကြီး နည်းလမ်း']
[ကံကြမ္မာရောင်ဝါ အာနိသင် - မသိရသေးပါ]
သူမ၏ အချက်အလက်များကို စစ်ဆေးပြီးနောက် ချူယွမ်၏ အကြည့်မှာ အနည်းငယ် တည်ကြည်သွားသည်။
ဤမိန်းကလေးမှာ မသေမျိုးဘုရင် တစ်ပါး၏ ဝင်စားခြင်း ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထို့ပြင် သူမ၏ ခန္ဓာကိုယ်ထဲတွင် အတိတ်ဘဝမှ ကျန်ရှိနေသော မသေမျိုးဘုရင် တရားအနှစ်သာရ အစအနများ ရှိနေသေးသည်။
မသေမျိုးဘုရင် တရားအနှစ်သာရ ဆိုသည်မှာ စွမ်းအား အနည်းငယ်မျှ ထုတ်သုံးရုံနှင့်တင် ကောင်းကင်ကို တုန်လှုပ်စေနိုင်သည့် စွမ်းအားကြီး ဖြစ်သည်။
ချူယွမ်၏ ကျင့်စဉ်မှာ ကွာစီ ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်နေသော်လည်း ဤမိန်းကလေးကို သတ်ပြီး ဗီလိန်မှတ်နှင့် ကံတရားများကို လုယူနိုင်ရန်မှာ လုံးဝ သေချာမှု မရှိသေးပေ။
ထို့ပြင် လျူမိသားစုမှာလည်း ရှေးဟောင်းမသေမျိုးမိသားစု တစ်ခု ဖြစ်ရာ သူမကို သတ်မိလျှင် မိသားစုနှစ်ခုကြား စစ်ပွဲဖြစ်ပွားကာ အလုပ်ရှုပ်စရာများ ဖြစ်လာပေလိမ့်မည်။
"ထားလိုက်ပါတော့... လျူယွမ်ရှီး... မင်းက လောလောဆယ် ငါ့ရဲ့ သားကောင် မဟုတ်သေးပါဘူး..."
သူသည် စိတ်ထဲမှ တွေးလိုက်ပြီး လျူယွမ်ရှီးကို သတ်ရန် အစီအစဉ်ကို ခေတ္တ လက်လျှော့လိုက်သည်။
"ချူယွမ်... နင် ဘာကို ကြည့်နေတာလဲ"
"ဟက်... နင်နဲ့ငါက ရှေးဟောင်းမသေမျိုးမိသားစုရဲ့ မျိုးဆက်တွေ ဖြစ်ပေမဲ့ နင်နဲ့ငါ့ရဲ့ လမ်းစဉ်က လုံးဝ မတူဘူး။ နင် ငါ့နောက်ကို လိုက်ဖို့ ကြံစည်နေတုန်းပဲလို့တော့ မပြောနဲ့နော်"
ဤအချိန်တွင် လျူယွမ်ရှီး၏ အလွန်အေးစက်သော အသံမှာ ချူယွမ်၏ နားထဲသို့ ရောက်ရှိလာသည် သူမ၏ စကားလုံးများတွင် လှောင်ပြောင် သရော်မှုများ ပါဝင်နေသည်။
"ဟမ်"
ချက်ချင်းဆိုသလို ချူယွမ်သည် တစ်စုံတစ်ခုကို သတိရသွားသည်။
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ အတိတ်က ဤမိန်းကလေးနောက်သို့ လိုက်ခဲ့ဖူးပုံရသည်။
သို့သော် ကျင့်စဥ်အဆင့် ကွာခြားချက်ကြောင့် သူမ၏ နှိမ်ချခြင်းကို အကြိမ်ကြိမ် ခံခဲ့ရပြီး မျက်နှာပျက်ခဲ့ရဖူးသည်။
ဤအချက်ကြောင့် ချူယွမ်၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ဤမိန်းကလေးမှာ... သူမဘာသာ သေတွင်းတူးနေခြင်းပင် ဖြစ်သည်။
"လော့အာ..ပိုင်စူး... သွားကြစို့"
ချူယွမ်သည် နောက်လှည့်ကြည့်မနေတော့ဘဲ လျူယွမ်ရှီးကို ဂရုမစိုက်တော့ဘဲ ချူမိသားစု ပါရမီရှင်များကို ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။
"ဟွန့်"
ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း လျူယွမ်ရှီး၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသော အပြုံးတစ်ခု ပေါ်လာသည်။
သူမသည် အတိတ်ဘဝက ကိုးထပ်သော ကောင်းကင်ဘုံမှ မြင့်မြတ်သော မသေမျိုးဘုရင် အဆင့် ဖြစ်ခဲ့သူ ဖြစ်သည်။
ချူယွမ်မှာ ချူမိသားစု၏ နတ်ဘုရားသားတော် ဖြစ်နေပါစေဦးတော့၊ သူမ၏ မျက်စိထဲတွင် ဘာမျှ မဟုတ်ပေ။
အမှန်အတိုင်း ပြောရလျှင် သူမသည် သူ့ကို မြင်သည်နှင့် စိတ်ပျက်မိခြင်းပင် ဖြစ်သည်။
လျူယွမ်ရှီးသည် အကြည့်ကို လွှဲလိုက်ပြီး ရှုထျန်းသန့်စင်နယ်မြေမှ လူအုပ်စုထံသို့ ကြည့်လိုက်ရာ သူမ၏ အကြည့်မှာ ဖြည်းဖြည်းချင်း နူးညံ့သွားသည်။
ခဏအကြာတွင် လျူမိသားစုလှေပေါ်မှ အစေခံမလေးတစ်ဦး ဆင်းသွားကာ…
"ရှုထျန်းမြင့်မြတ် သားတော်... ကျွန်မတို့ သခင်မလေးက စကားပြောဖို့အတွက် လှေပေါ်ကို ဖိတ်ကြားလိုက်ပါတယ်”