အခန်း (၁၃) - ကြယ်သုံးပွင့် ကံကြမ္မာ၏သားတော်
ထျန်းချွဲမြို့တော်မှာ ကောင်းကင်ဘုံကဲ့သို့ပင် ခန့်ညားထည်ဝါလှသည်။
အဆုံးမရှိသော တိမ်တိုက်လွှာများထက်တွင် တည်ရှိပြီး ကိုးထပ်သော ကောင်းကင်ယံအထိ မြင့်မားလှသည်။
အတိုင်းအဆမရှိသော ကောင်းကင်ဘုံနိယာမ အင်းကွက်များမှာ ဟင်းလင်းပြင်တစ်ခုလုံးတွင် သိပ်သည်းစွာ ဖုံးလွှမ်းနေသဖြင့် ထျန်းချွဲမြို့တော်တစ်ခုလုံးမှာ ကောင်းကင်ဘုံမှ နတ်ဘုရားတောင်ကြီးတစ်လုံးအလား ဤလောကကို ထာဝရ ဖိနှိပ်ထားသကဲ့သို့ပင်။
"ကြည့်စမ်း အဲ့ဒါ ရှုထျန်းသန့်စင်နယ်မြေရဲ့ ဝိညာဉ်လှေပဲ… သတင်းတွေအရ အခု ရှုထျန်းနတ်ဘုရားသားတော်ဟာ အသက် ငါးရာတောင် မပြည့်သေးပေမဲ့ သူနဲ့ ရွယ်တူတွေထဲမှာတော့ ပြိုင်ဘက်ကင်းပဲ"
"ဒီသူတော်စင်ဟာ ရှုထျန်းသန့်စင်နယ်မြေရဲ့ ခုနစ်ဆက်မြောက် ဘိုးဘေးကြီးရဲ့ ဝိညာဉ်အစအန ဝင်စားလာတာလို့ ပြောကြတယ်။
အဲ့ဒီဘိုးဘေးကြးဟာ စစ်မှန်တဲ့ ဧကရာဇ် တစ်ပါးဖြစ်ပြီး ဓားတစ်ချက်တည်းနဲ့ ကြယ်စုတန်းကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပဲ"
“.ချူမိသားစု…ရှေးဟောင်းမသေမျိုးမိသားစု ဖြစ်တဲ့ ချူမိသားစုရဲ့ ပါရမီရှင်တွေလည်း ရောက်လာပြီ…အဲ့ဒီဝိညာဉ်လှေက အနည်းဆုံးတော့ သူတော်စင်ဘုရင်အဆင့် ရတနာပဲ… ကွာစီ ဧကရာဇ် လက်နက်တောင် ဖြစ်နိုင်တယ်"
ကောင်းကင်ဖြတ်ကျော်လှေကြီးမှာ ကောင်းကင်ထက်၌ ဝဲပျံနေစဉ် အောက်ဘက်မှ အံ့သြသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ထျန်းချွဲမြို့တော်အတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နေမင်းကိုပင် ကွယ်နိုင်လောက်သော လှေကြီးကို မော့ကြည့်ရင်း အားကျရိုသေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ရှေးဟောင်းမသေမျိုးမျိုးနွယ်…ချူမိသားစု…
ထိုက်ချန်းလောက၏ စစ်မှန်သော ထိပ်တန်းအင်အားစုကြီး ဖြစ်ရာ ထျန်းချွဲမြို့စားမင်းကိုယ်တိုင်ပင် ချူမိသားစုကို ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ရိုသေစွာ ဆက်ဆံရသည်။
ဒုန်း…
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ။
ဧရာမ ကောင်းကင်ဖြတ်ကျော်လှေကြီးမှာ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ချူယွမ်နှင့် အခြားသူများ လှေပေါ်မှ ဆင်းလာကြပြီး ကောင်းကင်ထက်ရှိ အတိုင်းအဆမရှိ ခန့်ညားလှသော မြို့တော်ကြီးကို ငုံ့ကြည့်လိုက်ကြသည်။
ဒုန်း…
ရုတ်တရက် လှေဆိပ်ကွင်းပြင်တွင် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
၎င်းမှာ ရှုထျန်းသန့်စင်နယ်မြေမှ ဝိညာဉ်လှေ ဆိုက်ရောက်လာခြင်း ဖြစ်ပြီး လူပေါင်း တစ်ထောင်ခန့် လှေပေါ်မှ ဆင်းလာကြသည်။
ဤအချိန်တွင် ရှုထျန်းနတ်ဘုရားသားတော်မှာ ချူယွမ်ထံသို့ အေးစက်သော အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။
သူသည် တစ်စုံတစ်ခုကို အလိုလို ခံစားမိပုံရသည်။
ဤချူမိသားစု နတ်ဘုရားသားတော်နှင့် တစ်ခါမျှ မဆုံဖူးသော်လည်း သူ၏ စိတ်ထဲတွင် အကြောင်းမဲ့ အလွန်တရာ မုန်းတီးစိတ်များ ဖြစ်ပေါ်နေခြင်းပင်။
[တိန်… ကြယ်သုံးပွင့် ကံကြမ္မာ၏သားတော် တစ်ဦးကို တွေ့ရှိပါသည် အိမ်ရှင်အနေဖြင့် ၎င်းကို အနိုင်ယူခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းဖြင့် ဗီလိန်မှတ် အမြောက်အမြား ရရှိနိုင်ပြီး အလယ်အလတ်အဆင့် ကောင်းကင်ဘုံကံတရားကိုလည်း လုယူနိုင်မည် ဖြစ်သည်]
ရောက်ရှိလာသော အကြည့်ကို ခံစားမိသည်နှင့်။
ချူယွမ်ကလည်း လှည့်ကြည့်လိုက်ရာ စနစ်၏ အသံမှာလည်း ပေါ်ထွက်လာတော့သည်။
ရှုထျန်းသန့်စင်နယ်မြေမှ မြင့်မြတ်သားတော် မှာ စစ်မှန်သော ကံကြမ္မာ၏သားတော် တစ်ဦး ဖြစ်နေသည်။
ထို့အပြင် ချူယွမ်၏ အနှုတ်ကံတရားကြောင့် သူသည် ချူယွမ်ကို ရန်သူအဖြစ် စတင်မြင်နေပြီ ဖြစ်သည်။
"ရှုထျန်းသန့်စင်နယ်မြေရဲ့ မြင့်မြတ်သားတော်”
[အမည် - လူမင်]
[အဆင့်အတန်း - ရှုထျန်းသန့်စင်နယ်မြေ၏ မြင့်မြတ်သားတော်]
[ကံတရား - ၃၁၀]
[ကံကြမ္မာ၏သားတော် အဆင့် - ကြယ်သုံးပွင့်]
(မှတ်ချက် - ကံကြမ္မာ၏သားတော် အဆင့်မှာ ကြယ်တစ်ပွင့်မှ ကိုးပွင့်အထိ ရှိပြီး အထူးအဆင့်အဖြစ် 'ကံကြမ္မာရွေးချယ်ခံ' ရှိသည်)
[ကျင့်စဉ် - နတ်ဘုရင် နယ်ပယ် အထွတ်အထိပ်]
[အထူးအခွင့်အရေး - ခန္ဓာကိုယ်အတွင်း၌ ဧကရာဇ်တစ်ပါး၏ ဝိညာဉ်အစအန ရှိသည်။ ငယ်စဉ်က ရှေးဟောင်းနဂါးဧကရာဇ်၏ သွေးအနှစ်သာရကို ရရှိခဲ့ပြီး 'သွေးနတ်ဘုရား နဂါးခန္ဓာ' ကို အောင်မြင်စွာ ပိုင်ဆိုင်ထားသူ]
[ကံကြမ္မာရောင်ဝါ အာနိသင် - မသိရသေးပါ]
ချူယွမ် တစ်ချက်ကြည့်လိုက်ရုံနှင့် တစ်ဖက်လူ၏ အချက်အလက်များမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
ကြယ်သုံးပွင့် ကံကြမ္မာ၏သားတော် အနေဖြင့် ဤလူမင်မှာ မုန့်ဟန်ထက် များစွာ သာလွန်သည်။
မုန့်ဟန်မှာ 'ဉာဏ်နည်းစေသော ရောင်ဝါ' သာ ရှိသော်လည်း ဤလူတွင်မူ ဧကရာဇ် ၏ ဝိညာဉ်အစအနအပြင် 'ခန္ဓာကိုယ်အမျိုးအစား တစ်သောင်း စာရင်း' တွင် အဆင့် (၁၇) ရှိသော 'သွေးနတ်ဘုရား နဂါးခန္ဓာ' ကိုလည်း ပိုင်ဆိုင်ထားသည်။
သွေးနတ်ဘုရား နဂါးခန္ဓာ…
၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်း သန်းချီက နဂါးမျိုးနွယ်စု၏ နဂါးဧကရာဇ်များထဲမှ တစ်ဦးဖြစ်သော 'သွေးပင်လယ် နဂါးဧကရာဇ်' ပိုင်ဆိုင်ခဲ့သည့် အထူးသွေးမျိုးဆက် ဖြစ်သည်။
ဤသွေးမျိုးဆက်နှင့်ဆိုလျှင် မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အဆုံးမရှိသော သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲနိုင်သည်။
ထိုသွေးပင်လယ် မခန်းခြောက်သရွေ့ ခန္ဓာကိုယ်မှာ ပျက်စီးမည် မဟုတ်ပေ။
ထို့အပြင် သာမန်လူထက် အဆပေါင်း ရာချီ၊ ထောင်ချီသော ဝိညာဉ်စွမ်းအင် သိုလှောင်မှုရှိသဖြင့် နတ်ဘုရားစွမ်းရည်များကို စိတ်ကြိုက် အသုံးချနိုင်သည်။
မူလ သွေးပင်လယ် နဂါးဧကရာဇ်၏ သွေးပင်လယ်မှာ မိုင်ပေါင်း ဘီလီယံ သုံးရာအထိ ကျယ်ဝန်းသည်ဟု ဆိုကြသည်။
သူသည် အခြားသော ဧကရာဇ် သုံးပါးနှင့် နှစ်ပေါင်း တစ်ထောင်ကြာ တိုက်ခိုက်ခဲ့သော်လည်း စွမ်းအား လုံးဝမကုန်ခမ်းခဲ့ဘဲ နောက်ဆုံးတွင် ထိုဧကရာဇ် သုံးပါးလုံး အားကုန်သွားကြသည်။
တစ်ဦးမှာ သေဆုံးသွားပြီး ကျန်နှစ်ဦးမှာ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရသည်။
သို့သော် သွေးနတ်ဘုရား နဂါးခန္ဓာမှာ မည်မျှပင် သန်မာပါစေဦးတော့…
လူမင်မှာ လောလောဆယ်တွင် နတ်ဘုရင် အဆင့်သာ ရှိသေးသည်။
ထျန်းချွဲမြို့တော်အတွင်း၌ လုပ်ရန် မသင့်တော်သေးသော်လည်း နဂါးပုန်းအစည်းအဝေး တရားဝင် စတင်သည်နှင့်...
ဟက်…
အဲ့ဒီအချိန်ဟာ ဒီကံကြမ္မာ၏သားတော်အတွက် နိဂုံးပဲ…
ချူယွမ်သည် စိတ်ထဲမှ ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားသည်။
"နတ်ဘုရားသားတော် ကြွရောက်လာတာ ကျွန်တော်မျိုးတို့အတွက် ဂုဏ်ယူစရာပါပဲ ထျန်းချွဲမြို့တော်က သေချာ ကြိုဆိုခွင့်မရတာ ခွင့်လွှတ်ပေးပါ"
ညင်သာပြီး ယဉ်ကျေးလှသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် ဟင်းလင်းပြင်မှာ လှိုင်းထသွားပြီး ငွေဖြူရောင် ဝတ်စုံဝတ်ထားကာ နက်ရှိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။
သူ၏ နက်မှောင်သော မျက်ဝန်းများမှာ ကြယ်စင်ပင်လယ်ကဲ့သို့ ဖြစ်ပြီး တစ်ကိုယ်လုံးမှ အထွတ်အထိပ် ခန့်ညားထည်ဝါမှုများ ထွက်ပေါ်နေသည်။
နိုင်ငံငယ်လေးများမှ ပါရမီရှင်အချို့မှာ ထိုသူကို တစ်ချက်ကြည့်ရုံနှင့်ပင် ခန္ဓာကိုယ်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားကြသည်။
"ခင်ဗျားက ဘယ်သူလဲ"
ချူယွမ်က မျက်မှောင် အနည်းငယ် ကြုတ်ကာ မေးလိုက်သည်။
သူသည် ဤလူကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးနေသော်လည်း အမှတ်မရနိုင်ဘဲ ဖြစ်နေသည်။
ချူယွမ်၏ စကားကို ကြားသောအခါ ထိုအမျိုးသားက ပြုံးမြဲပြုံးနေဆဲပင်။
သူသည် ပညာရှိဟန်ဖြင့် ကျောက်စိမ်းယပ်တောင်ကို အသာအယာ ခတ်ရင်း ရယ်မောလိုက်သည်။
"နတ်ဘုရားသားတော်က အလုပ်များတဲ့သူဆိုတော့ ကျွန်တော့်ကို မမှတ်မိတာ မဆန်းပါဘူး…ကျွန်တော်က ထျန်းချွဲမြို့စားမင်း စံအိမ်တော်ရဲ့ စီမံခန့်ခွဲသူ ကျိုးမင် ပါ… ဒီနေ့ သခင်လေးကို လာရောက် ဂါရဝပြုတာပါ"
ထျန်းချွဲမြို့စားမင်း စံအိမ်တော်၏ စီမံခန့်ခွဲသူ ကျိုးမင်…
သူသည် ထျန်းချွဲမြို့စားမင်း၏ လက်အောက်ရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
သတင်းများအရ သူသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကတည်းက ကွာစီ ဧကရာဇ် နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး ဧကရာဇ် အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်သည်။
ယခုအခါ ဤကွာစီ ဧကရာဇ် ကျွမ်းကျင်သူကိုယ်တိုင် လူကိုယ်တိုင် ရောက်ရှိလာခြင်းပင်…ဤအချက်ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အမြောက်အမြားမှာ ရိုသေလေးစားသော မျက်လုံးများဖြင့် လှည့်ကြည့်ကြတော့သည်။
ကွာစီ ဧကရာဇ် အထွတ်အထိပ် အဆင့် တစ်ဦး…
နိုင်ငံငယ်လေးများနှင့် ဂိုဏ်းငယ်လေးများမှ ပါရမီရှင်များမှာ အထပ်ထပ်သော ရွေးချယ်မှုများကို ကျော်ဖြတ်ပြီးမှ ထျန်းချွဲမြို့တော်သို့ ဝင်ခွင့်ရခဲ့ကြသူများဖြစ်ရာ အတိုင်းအဆမရှိ တုန်လှုပ်သွားကြသည်။
သူတို့၏ နိုင်ငံများ သို့မဟုတ် ဂိုဏ်းများတွင်မူ ကွာစီ ဧကရာဇ် တစ်ပါးမှာ စစ်မှန်သော နတ်ဘုရားတစ်ပါးဖြစ်ပြီး အရာအားလုံးကို စိုးမိုးထားသူ ဖြစ်သည်။
ထိုကဲ့သို့သော တည်ရှိမှုမျိုးမှာ မည်သည့် ထိပ်တန်းအင်အားစုတွင်မဆို ထိပ်တန်းပုဂ္ဂိုလ်ဖြစ်ပြီး ခြေတစ်ချက်ဆောင့်ရုံနှင့် ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်သူ ဖြစ်သည်။
သို့သော် ယခုမူ ထိုသို့သော ပုဂ္ဂိုလ်ကြီးက သူတို့နှင့် သက်တူရွယ်တူ လူငယ်တစ်ဦးရှေ့တွင် ပြုံးရွှင်စွာ ဦးညွှတ်နေသည် မဟုတ်ပါလား။
"ကွာ... ကွာစီ ဧကရာဇ်..."
"အဲ့ဒီလူက ဘယ်သူမို့လို့ ကွာစီ ဧကရာဇ် တစ်ပါးက ကိုယ်တိုင်ကိုယ်ကျ လာကြိုနေရတာလဲ"
"ဟက်… မင်းကတော့ တောသားပဲ…အဲ့ဒါ လက်ရှိ ချူမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ စစ်မှန်တဲ့ မျိုးဆက်ပဲ…သူက မင်းတို့ စိတ်ကူးယဉ်နိုင်တာထက် ပိုမြင့်မြတ်တယ်"
"ဟုတ်တယ်…ကွာစီ ဧကရာဇ်ကို ထားလိုက်ဦး။ ဧကရာဇ် အဆင့်ကို အခုမှ ရောက်ခါစ လူတွေတောင် ဒီသခင်လေးနဲ့ တွေ့ရင် ရိုရိုသေသေ ဆက်ဆံရတာ။ နည်းနည်းလေးတောင် မရိုမသေ မလုပ်ရဲကြဘူး"
"အဲ့ဒီလောက်တောင် ကြောက်စရာကောင်းတာလား..."
ကျိုးမင် ပေါ်လာခြင်းကြောင့် ကျင့်ကြံသူ အမြောက်အမြားမှာ များစွာ တုန်လှုပ်သွားကြသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံငယ်လေးများမှ ပါရမီရှင်များအားလုံးသည် ကောင်းကင်အထိ လက်လှမ်းမီသော အင်အားစုကြီးတစ်ခု၏ အမည်ကို သိရှိသွားကြတော့သည် ၎င်းမှာ ချူမိသားစု ပင် ဖြစ်သည်။
ချူမိသားစု၏ နတ်ဘုရားသားတော်မှာ မြင့်မြတ်လှသော ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးကဲ့သို့ပင် အကယ်၍သာ ထိုနတ်ဘုရားသားတော်၏ မျက်နှာသာပေးမှုကို အနည်းငယ်မျှ ရရှိခဲ့လျှင် သူတို့၏ အနာဂတ် ကျင့်ကြံခြင်းလမ်းခရီးမှာ အပူအပင်မရှိ ချောမွေ့နေပေလိမ့်မည်။
ဤအရာအားလုံးမှာ သူ၏ အဆင့်အတန်းကြောင့်သာ ဖြစ်သည်။
စစ်မှန်သော ရှေးဟောင်းမသေမျိုးမိသားစု၏ နတ်ဘုရားသားတော်၊ ဧကရာဇ် နှစ်ပါး၏ မျိုးဆက် ဖြစ်နေခြင်းပင်။
ချူယွမ်အနေဖြင့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုဘဲ သူ၏ ကြောက်မက်ဖွယ်ကောင်းလှသော အဆင့်အတန်း တစ်ခုတည်းနှင့်တင် အရာအားလုံးကို ဖိနှိပ်ရန် လုံလောက်နေပါတော့သည်။