အခန်း (၁၂) - ထျန်းချွဲမြို့တော်သို့ ဦးတည်ခြင်း၊ မျက်မှောက်ခေတ်၏ အကြီးကျယ်ဆုံးသော ဧကရာဇ်
ခုနစ်ရက် ကြာပြီးနောက်။
ချူမိသားစု၊ ရှန့်ယွန်းနယ်ပယ်။
"ကျွန်တော်မျိုးတို့... နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်"
ယနေ့သည် ချူမိသားစု၏ ပါရမီရှင်များစွာတို့ နဂါးပုန်းအစည်းအဝေးသို့ ပါဝင်ဆင်နွှဲရန် ထွက်ခွာမည့်နေ့ ဖြစ်သည်။
ချူမိသားစု၏ သိုင်းကွင်းပြင်ကျယ်ထက်တွင် လူပင်လယ်ကြီးသဖွယ် လူအုပ်ကြီးမှာ သိပ်သည်းညိုမှောင်နေတော့သည်။
ချူမိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်စေ၊ မျိုးနွယ်ခွဲမှဖြစ်စေ ပါရမီရှင်အားလုံးသည် ဤနေရာသို့ စုရုံးရောက်ရှိနေကြသည်။
ချူယွမ် ပေါ်လာသည်ကို မြင်သည်နှင့် လူအားလုံးက တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
ချူမိသားစု၏ နတ်ဘုရားသားတော်မှာ အမြင့်မြတ်ဆုံးနှင့် အထူးကဲဆုံးသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။
ယနေ့ ရောက်ရှိနေသူများမှာ မိမိတို့မျိုးဆက်၏ ဂုဏ်ဆောင်ပါရမီရှင်များ ဖြစ်ကြသော်လည်း ချူယွမ်၏ ရှေ့မှောက်တွင်မူ အနည်းငယ်မျှပင် မရိုမသေ မပြုရဲကြပေ။
ယနေ့တွင် နတ်ဘုရားသားတော် ချူယွမ်ကိုယ်တိုင်က ချူမိသားစု၏ ခေတ်ပြိုင်ပါရမီရှင်များကို ဦးဆောင်၍ နဂါးပုန်းအစည်းအဝေးသို့ သွားရောက်မည် ဖြစ်သည်။
ချူမိသားစုဝင်များ၏ အမည်နာမများကို ကောင်းကင်ဘုံနိယာမ ရွှေစာရင်းထက်သို့ တစ်ဖန်ပြန်၍ တက်လှမ်းစေတော့မည် ဖြစ်သည်။
"အင်း"
သိုင်းကွင်းပြင်ကို ငုံ့ကြည့်ရင်း ချူယွမ်က အသာအယာ ခေါင်းညိတ်လိုက်သည်။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူ၏နောက်တွင်မူ လော့အာနှင့် ပိုင်စူးတို့က တိတ်ဆိတ်စွာ ရပ်နေကြသည်။
ခုနစ်ရက်တာ အချိန်အတွင်း ပိုင်စူးမှာ ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေထဲ၌ နှစ်ပေါင်း ခုနစ်ရာတိတိ ကျင့်ကြံခဲ့သည်။
သူမ၏ လက်ရှိကျင့်စဉ်မှာ ချူယွမ် မျှော်လင့်ထားသည်ထက်ပင် သာလွန်နေပြီး ခြေလှမ်း၀က် သူတော်စင် နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ခြေလှမ်း၀က်သူတော်စင် အဆင့်သို့ ရောက်ရှိခြင်း..
သူမ၏ သူငယ်အိမ်နှစ်ထပ်မှာလည်း စွမ်းအားအချို့ အမှန်တကယ် နိုးထလာခဲ့ပြီ ဖြစ်သည်။
အကယ်၍ စဦး သူတော်စင် တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် သူမသည် အရေးနိမ့်လိမ့်မည် မဟုတ်ပေ။
ဘေးနားရှိ လော့အာမှာမူ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။
သူမ၏ အပြစ်ပြောစရာမရှိသော မျက်နှာထက်တွင် အမြဲတမ်း အပြုံးနုနုလေး ရှိနေသဖြင့် အိမ်နီးချင်းအိမ်မှ မိန်းကလေးတစ်ဦးကဲ့သို့ အေးချမ်းကာ သိမ်မွေ့လှပနေသည်။
သူမ၏ ပတ်ဝန်းကျင်၌ သူတော်စင်အရှိန်အဝါများ ရံဖန်ရံခါ ထွက်ပေါ်လာမှသာ ဤအမြဲပြုံးနေသော မိန်းကလေးမှာ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သည့် သူတော်စင် အဆင့်ကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်း ခွဲခြားနိုင်ပေလိမ့်မည်။
ကျင့်ကြံခြင်း သက်တမ်း ရှစ်ရာအတွင်း သူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့ခြင်းပင်။
ချူယွမ်၏ အနားတွင် ကာလရှည်ကြာ ခစားခဲ့သော အစေခံတစ်ဦးအနေဖြင့် လော့အာ၏ ပါရမီမှာ ပိုင်စူးထက် အနည်းငယ်မျှ မနိမ့်ပါချေ။
သူမသည် အလွန်ရှားပါးလှသော 'နတ်ဘုရားဝိညာဉ်ခန္ဓာ' ကို ပိုင်ဆိုင်ထားသည်။ သူမ ကိုယ်တိုင် မကျင့်ကြံလျှင်ပင် ကောင်းကင်နှင့် မြေကြီးကြားရှိ သန့်စင်သော ဝိညာဉ်စွမ်းအင်များမှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် စီးဝင်နေပြီး မည်သည့် အဟန့်အတားမျှမရှိဘဲ အဆင့်မှာ အမြဲတမ်း မြင့်တက်နေခြင်း ဖြစ်သည်။
လွန်ခဲ့သော သုံးနှစ်က ချူယွမ် မိသားစုမှ တစ်ဦးတည်း ထွက်ခွာသွားစဉ်က လော့အာမှာ ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေသို့ မဝင်ရသေးဘဲ နောက်မှသာ လျှို့ဝှက်နယ်မြေထဲ၌ နှစ်ပေါင်း ရှစ်ရာကြာ ကျင့်ကြံပြီးနောက် သူမသည်လည်း သူတော်စင်နယ်ပယ်သို့ အောင်မြင်စွာ ခြေချနိုင်ခဲ့ခြင်းပင်။
"လူစုံပြီဆိုရင်တော့... ထွက်ခွာကြစို့"
အောက်ရှိ လူအုပ်ကြီးကို ကြည့်ကာ ချူယွမ်က အပိုစကားမပြောဘဲ အေးဆေးစွာ ဆိုလိုက်သည်။
ဝေါ…
သူ၏ အမိန့်သံအဆုံးတွင် တောင်ကြီးတစ်လုံးအလား ကြီးမားလှသော 'ကောင်းကင်ဖြတ်ကျော်လှေ' သည် သိုင်းပြိင်ကွင်းပေါ်သို့ ပျံတက်လာတော့သည်။
"ဘုရားရေ.. ဒါ နတ်ဘုရားသားတော်ရဲ့ ကောင်းကင်ဖြတ်ကျော်လှေပဲ…ကွာစီ ဧကရာဇ်လက်နက်ကြီးပ…စစ်မှန်တဲ့ ကွာစီ ဧကရာဇ်လက်နက်ကြီး"
"ငါ ချူဖုန်း တစ်ယောက် မျိုးနွယ်ခွဲဝင် ဖြစ်ပေမဲ့ ဒီနေ့ နတ်ဘုရားသားတော်ရဲ့လှေပေါ်ကို တက်ခွင့်ရပြီ အခု သေရရင်တောင် နောင်တမရှိတော့ဘူး"
"နတ်ဘုရားသားတော်ကရော ဒီနဂါးပုန်းအစည်းအဝေးမှာ ပါဝင်မှာလားမသိဘူး။
သတင်းတွေအရဆိုရင် သခင်လေးဟာ အသက် ၂၀ ကျော်ပဲ ရှိသေးပေမဲ့ ကွာစီ ဧကရာဇ် အဆင့်ကို ရောက်နေပြီတဲ့... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ"
"အသက် ၂၀ ကျော်နဲ့ ကွာစီ ဧကရာဇ် ဟုတ်လား…ရှူး..."
ကောင်းကင်ထက်သို့ ဝဲပျံလာသော လှေကြီးကို မြင်သောအခါ အောက်ရှိ ချူမိသားစု ပါရမီရှင်များမှာ စိတ်လှုပ်ရှားမှုဖြင့် ဆူညံသွားတော့သည်။
အထူးသဖြင့် ချူယွမ် ကွာစီ ဧကရာဇ် ဖြစ်သွားသည့် သတင်းကို ခပ်သဲ့သဲ့ ကြားထားကြသည့် တိုက်ရိုက်မျိုးဆက်ဝင်များမှာ ပို၍ စိတ်လှုပ်ရှားနေကြသည်။
အသက် ၂၀ ကျော်နှင့် ကွာစီ ဧကရာဇ်… ဤသည်မှာ တစ်လောကလုံးကို တုန်လှုပ်စေသည့် သတင်းပင် ဖြစ်သည်။
ထိုက်ချန်းလောက၏ အဆုံးမဲ့ သမိုင်းကြောင်းတစ်လျှောက်တွင်ပင် အသက်အငယ်ဆုံး ကွာစီ ဧကရာဇ်မှာ အချိန် (၁,၃၀၀) နှစ်တိတိ ယူခဲ့ရသည် မဟုတ်ပါလား။
လွန်ခဲ့သော နှစ်ပေါင်း သန်း ၈၀ ကျော်က နဂါးပုန်းအဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ် ရခဲ့ဖူးသော 'တောက်ယွမ်ဖာ' ဆိုသူ ဖြစ်သည်။
သူသည် အသက် ၁,၃၀၀ တွင် ကွာစီ ဧကရာဇ် ဖြစ်ခဲ့ပြီး အသက် ၂,၄၀၀ တွင် ဧကရာဇ် အဆင့်ထိ ရောက်လာခဲ့သည်။
နောက်ဆုံးတွင် နှစ်ပေါင်း နှစ်သိန်းအကြာ၌ အထက်လောကသို့ တက်လှမ်းကာ ထာဝရ မသေမျိုး ဖြစ်သွားခဲ့သည်။
သို့သော် ယခုမူ...
'တောက်ယွမ်ဖာ ဧကရာဇ်' တင်ထားခဲ့သော ထိုရှေးဟောင်းစံချိန်မှာ လုံးဝ ရိုက်ချိုးခံရတော့မည် ဖြစ်သည်။
အသက် ၂၀ ကျော်နှင့် ကွာစီ ဧကရာဇ် ဖြစ်နေပြီဆိုလျှင် နတ်ဘုရားသားတော်သည် မည်သည့်အချိန်တွင် ဧကရာဇ် အဆင့် ဖြစ်လာမည်နည်း။
အသက် ၅၀၀ တွင်လား…
သို့မဟုတ် နောက်ထပ် နှစ် ၁၀၀….အကြာတွင်လား….
ချူမိသားစု ပါရမီရှင်များ၏ နှလုံးသားမှာ များစွာ တုန်လှုပ်နေကြသည်။
သူတို့ တစ်ဦးချင်းစီမှာ ထိုက်ချန်းလောက၏ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသော်လည်း နတ်ဘုရားသားတော်၏ ပါရမီမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကိုမူ စိတ်ကူးပင် မယဉ်နိုင်ကြတော့ပေ။
မကြာမီ ချူမိသားစုဝင်များ လှေပေါ်သို့ တဖွဲဖွဲ တက်ရောက်လာကြပြီးနောက် ချူယွမ်သည်လည်း ဖြည်းညှင်းစွာ လှေပေါ်သို့ တက်လှမ်းလိုက်သည်။
နဂါးပုန်းအစည်းအဝေး ကျင်းပရာ နေရာမှာ အလွန်ထူးခြားသည်။
၎င်းမှာ မည်သည့် အင်အားစု၏ လက်အောက်တွင်မျှ မရှိသော ဧရာမ ကောင်းကင်မြို့တော်ကြီးတစ်ခု၏ အထက်တွင် တည်ရှိသည်။
ထိုမြို့ကို 'ထျန်းချွဲမြို့တော်' ဟု ခေါ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ထျန်းချွဲမြို့၏ မြို့စားမင်းတိုင်းမှာ ကောင်းကင်ဘုံ၏ အလိုတော်ကို ကိုယ်စားပြုသူများဖြစ်ကြပြီး ထိုက်ချန်းလောက တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ဖြစ်သော ဧကရာဇ်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။
အကယ်၍ ချူထျန်းဟယ် သို့မဟုတ် ချန်းဝူနဂါးသခင် ကဲ့သို့သော လောကပြင်ပတွင် ပုန်းအောင်းနေသည့် ပုဂ္ဂိုလ်ကြီးများ ထွက်မလာခဲ့လျှင်— ကောင်းကင်ဘုံနိယာမ၏ စွမ်းအားကို ထိန်းချုပ်နိုင်သော ထျန်းချွဲမြို့စားမင်းမှာ ဤမျက်မှောက်ခေတ်၏ နံပါတ်တစ် ကျွမ်းကျင်သူဟု ခေါ်ဆိုထိုက်ပေသည်။
"ထျန်းချွဲမြို့စားမင်း မျက်မှောက်ခေတ်ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူ"
"ဟက်... အမည်ခံ သက်သက်ပါပဲ..."
အောက်ရှိ ကျယ်ပြောလှသော ရှန့်ယွန်းနယ်ပယ်ကို ငုံ့ကြည့်ရင်း ချူယွမ်က အေးစက်စွာ ပြုံးလိုက်သည်။
အကယ်၍ သူ၏ ချူမိသားစုသာ စွမ်းအားအပြည့် ထုတ်သုံးလိုက်လျှင် ထျန်းချွဲမြို့တော်ပင်လျှင် သူတို့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် သူ့ကို ပို၍ စိတ်ဝင်စားစေသော အချက်မှာ...
ကောင်းကင်ဘုံတာအို၏ အလိုတော်ကို ဆောင်ရွက်နေသော ထိုမြို့စားမင်း၏ ကံတရားစောင့်ရှောက်မှုမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ကြီးမားနေပေလိမ့်မည်။
'ကံကြမ္မာ၏သားတော်' ဆိုသော စကားလုံးမှာ သူ့အတွက် မလုံလောက်တော့ဘဲ 'ကံကြမ္မာ၏ ရွေးချယ်ခံ' ဟု ခေါ်မှသာ မှန်ကန်ပေလိမ့်မည်။
အကယ်၍သာ ထိုသူကို သူ အမဲလိုက်နိုင်မည်ဆိုလျှင်...
ခဏတာအတွင်း ရဲတင်းလှသော အတွေးတစ်ခုမှာ ချူယွမ်၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာသည်။
မျက်မှောက်ခေတ်၏ အကြီးကျယ်ဆုံးသော ဧကရာဇ် ကောင်းကင်ဘုံ တာအို၏ အလိုတော်ကို ဆောင်ရွက်နေသည့် အထွတ်အထိပ် အစွမ်းထက် ပုဂ္ဂိုလ်ကြီးကို အမဲလိုက်ရန်….ဤစကားကို အခြားသူတစ်ဦးက ပြောလျှင် တစ်လောကလုံးက ရူးသွပ်နေသည်ဟု လှောင်ပြောင်ကြပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ…
ချူယွမ်၏ အကြည့်မှာ အလွန်တရာ တည်ကြည်နေပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။
အရာအားလုံးမှာ သူ၏ လက်ဖဝါးထဲတွင် ရှိနေသကဲ့သို့ပင်။
သူသည် ချူမိသားစု၏ နတ်ဘုရားသားတော် ဖြစ်သည် မိစ္ဆာခန္ဓာကို ပိုင်ဆိုင်ထားသည်၊
သူ၏ နောက်ခံမှာလည်း ထိုက်ချန်းလောကရှိ လူသားများ စိတ်ကူးကြည့်နိုင်သည်ထက် များစွာ သာလွန်သည်။
ထို့အပြင် သူ့တွင် စနစ်လည်း ရှိနေသေးသည်။
ဤလောက၏ ကံကြမ္မာရွေးချယ်ခံ၊ နံပါတ်တစ် ဧကရာဇ် ဖြစ်နေပါစေဦးတော့ သူ ချူယွမ်မှာ ထိုသူကို အထက်စီးမှ ကြည့်နိုင်သည့် အရည်အချင်း ရှိနေဆဲပင်။
ကံကြမ္မာ၏သားတော် အားလုံးမှာ မည်မျှပင် သန်မာပါစေ သူ၏ သားကောင်များထက် မပိုပါချေ။
ဝေါ…
ကောင်းကင်ဖြတ်ကျော်လှေကြီးသည် မိုင်ပေါင်း သန်းချီသော ကောင်းကင်ပြင်ကို ဖြတ်သန်းသွားပြီး တောက်ပသော သက်တန့်ရောင်စဉ်တန်းကြီးကို ချန်ထားရစ်ခဲ့သည်။
လှေပတ်လမ်းထက်တွင် ရပ်နေသော ချူယွမ်၏ မျက်ဝန်းများတွင် အေးစက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
ထျန်းချွဲမြို့တော်သို့ ရောက်ရှိပေတော့မည်