"ထပါ"
ချူယွမ်သည် စိတ်ဝင်စားသွားသော်လည်း သူ၏လေသံမှာ အလွန်အမင်း အေးစက်နေဆဲပင်။
သူ၏ အသံမှာ ကောင်းကင်ထက်မှ ကျဆင်းလာသကဲ့သို့ ခန့်ညားထည်ဝါလှသဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ပိုင်ဖုန်းမှာ အသက်ရှူပင် မြန်လာရသည်။
"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်"
"နတ်ဘုရားသားတော်... ကျွန်တော်မျိုး အခုလာရတာက သခင်လေး ကွာစီ ဧကရာဇ် နယ်ပယ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တဲ့အတွက် လာရောက်ဂုဏ်ပြုတာပါ"
"သခင်လေးရဲ့ အနားမှာ ခစားဖို့အတွက် ဒီသူငယ်အိမ်နှစ်ထပ်ပိုင်ရှင်ကို အစေခံမလေးအဖြစ် ခေါ်ဆောင်လာခဲ့သလို၊ ကျွန်တော်မျိုးရဲ့ ခမည်းတော် ဧကရာဇ်ကိုယ်တိုင် သခင်လေးအတွက် အထူးပြင်ဆင်ပေးလိုက်တဲ့ 'နတ်ဘုရားဟင်းလင်းပြင် ကောင်းကင်တောင်ပံ' ဆိုတဲ့ ကွာစီ ဧကရာဇ်လက်နက်ကိုလည်း ဆက်သပါတယ်"
ပိုင်ဖုန်းသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး မျက်နှာတွင် ဖားယားသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သူသည် အဆပေါင်း ရာချီ ချုံ့ထားသည့် ငွေရောင် တောင်ပံတစ်စုံကို ချူယွမ်ထံ ဆက်သလိုက်ပြီး သူငယ်အိမ်နှစ်ထပ် မိန်းကလေးကို ရှေ့သို့ တစ်လှမ်းတက်ရန် အချက်ပြလိုက်သည်။
"စူးအာ... ဒီနေ့ကစပြီး နတ်ဘုရားသားတော်ရဲ့နောက်ကို သေချာလိုက်ပြီး ခစားပေတော့"
"ဒီနေ့ကစပြီး သခင်လေးဟာ မင်းရဲ့ သခင်ပဲ။ သခင်လေးရဲ့ အမိန့်ကို ဘယ်တော့မှ မဖီဆန်ရဘူး မင်းကို သေခိုင်းရင်တောင်... မင်း နာခံရမယ်"
ပိုင်ဖုန်းက တည်ကြည်သော မျက်နှာထားဖြင့် မှာကြားလိုက်သည်။
"နားလည်ပါပြီ အစ်ကိုတော်"
မိန်းကလေးက အသာအယာ ခေါင်းညိတ်လိုက်သည်။
သူမ၏ ထူးကဲလှပသော မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိပေ။
အခြားသူတစ်ဦး၏ အစေခံ ဖြစ်တော့မည်ဆိုသော်လည်း သူမသည် အလွန်အမင်း အေးစက်တည်ငြိမ်နေဆဲပင်။
"ဒီကွာစီ ဧကရာဇ်လက်နက်ကိုတော့ ငါ လက်ခံလိုက်မယ် ဒါပေမဲ့ ဒီမိန်းကလေးက..."
ထိုမိန်းကလေးက ပိုင်ဖုန်းကို 'အစ်ကိုတော်' ဟု ခေါ်သည်ကို ကြားသောအခါ ချူယွမ်က သံသယဖြင့် မေးလိုက်သည်။
"နတ်ဘုရားသားတော်ကို တင်ပြပါရစေ... ဒီမိန်းကလေးရဲ့ အမည်က ပိုင်စူး ပါ။ ကျွန်တော်မျိုးတို့ ထျန်းယွီနတ်ဘုရားမင်းဆက်ရဲ့ တစ်ဆယ့်ကိုးယောက်မြောက် မင်းသမီးလေး ဖြစ်ပါတယ်။"
"သူမဟာ သူငယ်အိမ်နှစ်ထပ်နဲ့ မွေးဖွားလာသူဖြစ်ပြီး ပြိုင်ဘက်ကင်းတဲ့ ကျင့်ကြံခြင်းပါရမီကို ပိုင်ဆိုင်ထားပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးပေမဲ့ နတ်ဘုရားလမ်းစဉ် ၉ဆင့်ရဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ 'နတ်ဘုရားမီးလျှံ' အဆင့်ကို ခြေချနိုင်ခဲ့ပါပြီ။"
"ဒါပေမဲ့..."
ပိုင်ဖုန်း၏ လေသံမှာ ခဏမျှ ရပ်တန့်သွားသည်။
ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများဖြင့် အမူအရာမဲ့စွာ ရပ်နေသော ပိုင်စူးကို ကြည့်ကာ သူက မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ပိုင်စူးဟာ ခံစားချက် မရှိဘဲ မွေးဖွားလာသူပါ သာမန်လူတွေ ခံစားရတဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု ဒါမှမဟုတ် ခွဲခွာရတဲ့ နာကျင်မှုတွေကို သူမ မခံစားနိုင်ပါဘူး..."
"နတ်ဘုရားသားတော်... ပိုင်စူးဟာ သခင်လေးရဲ့ အမိန့်အားလုံးကို အပြည့်အဝ နာခံပါလိမ့်မယ် ဒါပေမဲ့ သူမကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့လည်း ကျွန်တော်မျိုး တောင်းဆိုချင်ပါတယ်…သူမဟာ ကျွန်တော်မျိုးရဲ့ ညီမလေး ဖြစ်ရုံတင်မကဘဲ တကယ့်ကို သနားစရာကောင်းတဲ့ သူတစ်ယောက်မို့လို့ပါ..."
ပိုင်ဖုန်းသည် ပိုင်စူးကို သနားစရာ မြင်ကွင်းတစ်ခုအလား ကြည့်လိုက်သည်။
ဤခံစားချက်ကင်းမဲ့သော မိန်းကလေးမှာ ထျန်းယွီနတ်ဘုရားမင်းဆက်တွင် နှစ်ပေါင်း သန်းချီမှ တစ်ယောက်သာ ပေါ်ထွက်ဖူးသည့် ကျင့်ကြံခြင်း ပါရမီရှင် ဖြစ်သော်လည်း ဤအချက်ကြောင့်ပင် သူမသည် မင်းဆက်အတွင်း၌ အပယ်ခံ ဖြစ်နေခဲ့ရသည်။
သူမသည် အာဏာလုပွဲများကြားတွင် အမြဲ မြေစာပင် ဖြစ်ခဲ့ရသည်။
အကယ်၍ နှစ်ပေါင်းများစွာအတွင်း ပိုင်ဖုန်းသာ ကာကွယ်မပေးခဲ့လျှင် ဤမိန်းကလေးမှာ လောဘရမ္မက်ကြီးသော ဝံပုလွေများ၏ ဝါးမြိုခြင်းကို ခံရပြီး အရိုးပင် ကျန်တော့မည် မဟုတ်ပေ။
သူမကို ချူမိသားစုထံ ပို့ဆောင်ရခြင်းမှာ သူမ၏ ဘေးကင်းရေးအတွက် ဖြစ်သလို၊ ချူယွမ်က သူမအပေါ် အနည်းငယ် ကြင်နာပေးလိမ့်မည်ဟုလည်း မျှော်လင့်သောကြောင့် ဖြစ်သည်။
"အို"
ချူယွမ်သည် အမူအရာမဲ့နေသော သူငယ်အိမ်နှစ်ထပ် မိန်းကလေးကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ ခေါင်းခါလိုက်မိသည်။
သူမသည် အနာဂတ်တွင် အကန့်အသတ်မဲ့ ပါရမီရှိသည့် သူငယ်အိမ်နှစ်ထပ်ပိုင်ရှင် ဖြစ်သော်လည်း၊ လက်ရှိတွင်မူ အမိန့်ပေးသမျှကိုသာ နာခံတတ်သည့် ခံစားချက်ကင်းမဲ့သော ရုပ်သေးရုပ်လေး တစ်ရုပ်မျှသာ ဖြစ်နေသည်။
ထိုခဏ၌ ချူယွမ်သည် နှမြောတသမှုကို ခံစားလိုက်ရပြီး သူမ၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
[အမည် - ပိုင်စူး]
[အဆင့် - နတ်ဘုရားမီးလျှံနယ်ပယ် နှောင်းပိုင်းအဆင့်]
[ကံတရား - အနှုတ် ၄၀၀ (ကံဆိုးမှုများ ဖိစီးနေသူ၊ အပယ်ခံဘဝဖြင့် မွေးဖွားလာသူ၊ ကံကြမ္မာ၏သားတော်များ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးရန် အလွန်လွယ်ကူသူ)]
[ခန္ဓာကိုယ် - ကောင်းကင်ချိပ်ပိတ် နှလုံးသားခန္ဓာ (ဝမ်းနည်းပျော်ရွှင်မှု ကင်းမဲ့စွာ မွေးဖွားလာသူ၊ ခံစားချက် လုံးဝမရှိသော်လည်း ကျင့်ကြံခြင်းအရှိန်နှင့် နားလည်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး သာမန်ပါရမီရှင်များကို များစွာ ကျော်လွန်သည်)]
[အထူးစွမ်းရည် - အမြင့်မြတ်ဆုံး သူငယ်အိမ်နှစ်ထပ် (အမြင့်ဆုံးသော သူငယ်အိမ်နှစ်ထပ်များထဲမှ တစ်ခု၊ အသန့်စင်ဆုံးနှင့် အမြင့်မားဆုံး စွမ်းအားကို ထိန်းချုပ်နိုင်သူ..မွေးရာပါ လမ်းစဉ်သူတော်စင်)]
ကံတရား အနှုတ် လေးရာ ဟုတ်လား…
ထျန်းယွီနတ်ဘုရားမင်းဆက်ရှိ လူတိုင်းက သူမကို ထူးဆန်းသော အရာတစ်ခုအဖြစ် ကြည့်ကြသည်မှာ မဆန်းတော့ပေ။
တစ်ခဏမျှ ငြင်းပယ်ရန် စဉ်းစားခဲ့သော ချူယွမ်သည် ယခုအခါ ဂရုဏာစိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။
ပိုင်စူးမှာ သူနှင့် ဆင်တူလှသည်။
နှစ်ဦးစလုံးမှာ မွေးရာပါ အနှုတ်ကံတရားများ ရှိသည့် ကပ်ဘေး၏ သားသမီးများ ဖြစ်ကြသည်။
ကံကြမ္မာ၏သားတော်များ၏ ရှေ့မှောက်၌ ဤကဲ့သို့သော တည်ရှိမှုမျိုးကို ရန်သူအဖြစ် သတ်မှတ်ခံရလေ့ရှိပြီး နည်းမျိုးစုံဖြင့် ဖျက်ဆီးခြင်း ခံရတတ်သည်။
သူမကိုသာ ဒီအတိုင်း ပစ်ထားလိုက်လျှင် နောင်တစ်ချိန်တွင် ကံကြမ္မာ၏သားတော် တစ်ဦးဦး၏ လက်ထဲတွင် အသက်ဆုံးရှုံးသွားရပေလိမ့်မည်။
ထို့အပြင် သူမမှာ သူငယ်အိမ်နှစ်ထပ်ပိုင်ရှင် ပါရမီရှင်တစ်ဦး ဖြစ်သဖြင့် အနာဂတ်တွင် အလွန်တရာ အစွမ်းထက်လာမည် ဖြစ်သည်။
သေချာ ပြုစုပျိုးထောင်ပေးလျှင် သူမသည် သူ့အတွက် အားကိုးရသော လက်ရုံးတစ်ခု ဖြစ်လာနိုင်ပေသည်။
"ထားလိုက်ပါတော့..."
ချူယွမ်သည် စိတ်ထဲမှ သက်ပြင်းချကာ ခေါင်းညိတ်လျက် ဆိုလိုက်သည်။
"ကောင်းပြီ ဒီနေ့ကစပြီး သူမဟာ ငါ့အနားမှာ ခစားရမယ့် အစေခံမလေးတွေထဲက တစ်ယောက် ဖြစ်လိမ့်မယ်။"
"မင်း စိတ်ချလက်ချ ပြန်နိုင်ပါတယ် ငါ့ရဲ့ အစေခံ ဖြစ်လာရတယ်ဆိုတာ လူပေါင်းများစွာ အိပ်မက်မက်ပေမဲ့ မရနိုင်တဲ့ အခွင့်အရေးမျိုးပဲ"
"ငါကတော့ သူမကို မတရား ဆက်ဆံမှာ မဟုတ်ဘူး"
စကားအဆုံးတွင် ချူယွမ်သည် သူ၏လက်ချောင်းကို တစ်ချက် လှုပ်လိုက်ရာ လက်ဝါးခန့်ရှိသော ကျောက်စိမ်းသေတ္တာလေးတစ်လုံးမှာ ပိုင်စူး၏ ရင်ခွင်ထဲသို့ တည်ငြိမ်စွာ ကျရောက်သွားသည်။
"ဒါက 'ကိုးကြိမ်လှည့် နတ်ဘုရားဆက်သွယ်ဆေးလုံး' ပဲ!"
"ပိုင်စူး... မင်းရဲ့ အသက်အရွယ်နဲ့ နတ်ဘုရားမီးလျှံနယ်ပယ်ကို ရောက်တာ မဆိုးပါဘူး”
“ဒါပေမဲ့ ငါ့မျက်စိထဲမှာတော့ အားနည်းနေသေးတယ်…နောက်ရက်အနည်းငယ်မှာ မင်းဟာ ငါ့ချူမိသားစုရဲ့ ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီး ဒီဆေးလုံးတွေကို သုံးစွဲပြီး ကျင့်ကြံရမယ်”
“ပြီးမှ ငါနဲ့အတူ နဂါးပုန်းအစည်းအဝေးကို လိုက်ခဲ့ရမယ်"
"လော့အာ... သူမကို ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေကို ခေါ်သွားလိုက်။"
ကိုးကြိမ်လှည့် နတ်ဘုရားဆက်သွယ်ဆေးလုံး။ ၎င်းမှာ နတ်ဘုရားနယ်ပယ်တွင် အမြင့်မြတ်ဆုံး ဆေးလုံးအဖြစ် သတ်မှတ်ခံရပြီး တန်ဖိုးမှာ ဖြတ်၍ မရနိုင်ပေ။
ဆေးလုံးတစ်လုံးတည်းနှင့်ပင် ကျွမ်းကျင်သူတစ်ဦးကို ဖန်တီးနိုင်သည်ဟု ဒဏ္ဍာရီများက ဆိုကြသည်။
အကယ်၍ ဤဆေးလုံးကို ထိုက်ချန်းလောကတွင် ချပြလိုက်လျှင် နိုင်ငံအများအပြားမှာ သွေးချောင်းစီး တိုက်ခိုက်ကြပေလိမ့်မည်။
သို့သော် ချူယွမ်မှာမူ ဤဆေးလုံး (၁၂) လုံးတိတိကို ပိုင်စူးအား ပေါ့ပေါ့ပါးပါးပင် ပေးအပ်လိုက်သည်။
အသက် ၁၇ နှစ်တွင် နတ်ဘုရားမီးလျှံနယ်ပယ် နှောင်းပိုင်းသို့ ရောက်ရှိခြင်းမှာ တစ်လောကလုံးကို တုန်လှုပ်စေနိုင်သော်လည်း၊ အသက် ၂၀ ကျော်နှင့် ကွာစီ ဧကရာဇ် ဖြစ်နေသော ချူယွမ်၏ ရှေ့တွင်မူ သာမန်မျှသာ ဖြစ်သည်။
ထို့ကြောင့် သူသည် ဤနတ်ဘုရားဆေးလုံးများကို ပေးအပ်ကာ သူမ၏ ကျင့်စဉ်အဆင့် တိုးတက်စေရန် လျှို့ဝှက်နယ်မြေသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ နတ်ဘုရားသားတော်"
အပြာနုရောင် ဝတ်စုံဝတ်ထားသော လော့အာ ရောက်ရှိလာပြီး အမူအရာမဲ့နေဆဲ ဖြစ်သော ပိုင်စူးကို ချူမိသားစု၏ ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေသို့ ခေါ်ဆောင်သွားတော့သည်။
ချူမိသားစု၏ ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေမှာ ရှန့်ယွန်းနယ်ပယ်၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသည်။
ထိုနေရာတွင် နှစ်ပေါင်းတစ်ရာ ကျင့်ကြံခြင်းမှာ ပြင်ပကမ္ဘာ၏ တစ်ရက်နှင့်သာ ညီမျှသည်။
အကယ်၍ ချူမိသားစုမှ ဧကရာဇ်ကြီးများက သူတို့၏ စွမ်းအားကို အသုံးပြုမည်ဆိုပါက ပြင်ပကမ္ဘာ၏ တစ်ရက်ကို အတွင်းကမ္ဘာ၏ နှစ်ပေါင်းတစ်သောင်းနှင့် ညီမျှအောင်ပင် လုပ်ဆောင်နိုင်ပြီး ကျွမ်းကျင်သူ အမြောက်အမြားကို ချက်ချင်း ဖန်တီးနိုင်သည်။
နဂါးပုန်းအစည်းအဝေး ကျင်းပရန် ၇ ရက်သာ လိုတော့သည်။
ပိုင်စူးသည် လျှို့ဝှက်နယ်မြေအတွင်း နှစ်ပေါင်း ၇၀၀ ကြာ ကျင့်ကြံရမည် ဖြစ်ပြီး၊ ချူမိသားစု၏ အဆုံးမရှိသော အရင်းအမြစ်များကိုပါ ပေါင်းစပ်လိုက်လျှင် သူမ၏ ကျင့်စဉ်မှာ သိသိသာသာ တိုးတက်လာပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော် သခင်လေးရဲ့ ပြုစုပျိုးထောင်မှုနဲ့ဆိုရင် ကျွန်တော်မျိုးရဲ့ ညီမလေးဟာ မကြာခင်မှာ အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
မိန်းကလေးနှစ်ဦး ထွက်ခွာသွားသည်ကို မြင်သောအခါ ပိုင်ဖုန်းသည် စိတ်သက်သာရာရသွားပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"လက်ဆောင် ပို့ဆောင်ပြီးပြီဆိုတော့ ဒီနေ့အတွက် နတ်ဘုရားသားတော်ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး”
“နောက် ၇ ရက်နေရင် ကျင်းပမယ့် နဂါးပုန်းအစည်းအဝေးမှာ သခင်လေးကို ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်"
စကားအဆုံးတွင် သူသည် အလေးအနက် ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
တစ်ခဏအတွင်းမှာပင် ကျယ်ပြောလှသော စံအိမ်တော်ကြီးအတွင်း၌ ချူယွမ် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
သူ၏ မျက်ဝန်းများတွင် မှောင်ရိပ်များ လက်ခနဲ ဖြစ်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
အတော်ကြာမှ သူက အေးစက်စွာ ပြုံးလိုက်မိသည်။
"နောက် ၇ ရက်နေရင်... အဲ့ဒီ ကံကြမ္မာ၏သားတော်တွေက ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ရတာပဲ..."