အခန်း (၁၀) - ကွာစီ ဧကရာဇ် အလယ်အလတ်အဆင့်၊ ထျန်းယွီနတ်ဘုရားမင်းဆက်မှ လက်ဆောင်
ချူယွမ်၏ နတ်ဘုရားသားတော် စံအိမ်တော်အတွင်းသို့ ညမှောင်ရိပ် ကျရောက်လာခဲ့သည်။
[တိန်… ဧကရာဇ်အသွင်ပြောင်းဆေးလုံး သုံးလုံး၏ ဆေးစွမ်းကို ဝါးမြိုပြီးနောက်၊ အိမ်ရှင်သည် ကွာစီ ဧကရာဇ် အလယ်အလတ်အဆင့် (ပြည့်စုံခြင်း) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်]
အကြီးဆုံးဦးလေးဖြစ်သူ ချူပေချန်း ပေးအပ်ခဲ့သော ဧကရာဇ်အသွင်ပြောင်းဆေးလုံး သုံးလုံးကို ယခုအခါ ချူယွမ်က အပြည့်အဝ သန့်စင်ပြီး ဖြစ်သည်။
စနစ်၏ အာနိသင်ကြောင့် ဆေးဖော်စပ်မှု ဖြစ်စဉ်တစ်ခုလုံးမှာပင် ပုံမှန်ထက် ပိုမိုမြန်ဆန်ခဲ့သည်။
နာရီအနည်းငယ်အတွင်းမှာပင် ချူယွမ်သည် ကွာစီ ဧကရာဇ် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
[အိမ်ရှင် - ချူယွမ်]
[ကံတရား - အနှုတ် ၉၀၀ (ချိပ်ပိတ်ထားဆဲ၊ သက်ရောက်မှုမရှိသေး)]
[ကျင့်စဉ် - ကွာစီ ဧကရာဇ် အလယ်အလတ်အဆင့် (ဗီလိန်မှတ် ၁၀၀,၀၀၀ သုံးစွဲပါက အဆင့်မြင့်သို့ တက်လှမ်းနိုင်သည်)]
[ခန္ဓာကိုယ် - ထာဝရကပ်ဘေး မိစ္ဆာခန္ဓာ (ချိပ်ပိတ်ထားဆဲ၊ ကံတရား အနှုတ် ၅၀၀ ရောက်ရှိပါက 'ထာဝရကပ်ဘေး' စွမ်းအားကို စတင်အသုံးချနိုင်မည်)]
[ဗီလိန်မှတ် - ၃၀,၀၀၀]
[ကျင့်စဉ်ကျမ်း - ကောင်းကင်ဧကရာဇ်ဝင်စားခြင်း ကျမ်းစာ (မပြည့်စုံသော နိယာမ၊ လက်ရှိ ပထမအဆင့်။ ဗီလိန်မှတ်ကို သုံး၍ ကျင့်စဉ်တိုးတက်မှုကို မြန်ဆန်စေနိုင်သည်)]
[နတ်ဘုရားစွမ်းရည် - ၃၃ ထပ် ကောင်းကင်ဘုံ ဖန်တီးခြင်း နတ်ဘုရားလက်သီး (မသေမျိုးဘုရင်နိယာမ)၊ ဧကရာဇ်ကောင်းကင်လက်ဝါး (ဧကရာဇ်အဆင့်)၊ ရှေးဟောင်းဧကရာဇ် ကောင်းကင်ဖုံးတံဆိပ် (ဧကရာဇ်အဆင့်)၊ ဟင်းလင်းပြင်နတ်ဘုရား ဝိညာဉ်ခွင်းရိပ် (ဧကရာဇ်အဆင့်)...]
[မှော်ရတနာ - ဟောက်ဧကရာဇ် နက်နဲကောင်းကင်မျှော်စင် (ဧကရာဇ်လက်နက်)၊ ယင်ယန် ထိုက်ယီဓား (ကွာစီ ဧကရာဇ်လက်နက်)၊ နဂါးဧကရာဇ် မှောင်ရိပ်ဝတ်စုံ (ကွာစီ ဧကရာဇ်လက်နက်)၊ ငွေရောင်ကောင်းကင် လမင်းလက်စွပ် (ကွာစီ ဧကရာဇ်လက်နက်)...]
သူသည် စနစ်စာမျက်နှာကို တစ်ချက်ကြည့်လိုက်သည်။
အကယ်၍ ဗီလိန်မှတ်ကို သုံးပြီး ကွာစီ ဧကရာဇ် အဆင့်မြင့်သို့ တက်လှမ်းချင်လျှင် ဗီလိန်မှတ် (၁၀၀,၀၀၀) အထိ လိုအပ်မည် ဖြစ်သည်။
၎င်းမှာ အလယ်အလတ်အဆင့်သို့ တက်စဉ်ကထက် နှစ်ဆတိတိ ပိုများခြင်း ဖြစ်သည်။
ထို့အပြင် ဗီလိန်မှတ်မှာ ကျင့်စဉ်အဆင့် မြှင့်ရန်အတွက်သာ မဟုတ်ပေ။
ချူယွမ် ကျွမ်းကျင်ထားသော ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည် အားလုံးကိုလည်း ဗီလိန်မှတ်ကို သုံး၍ အထွတ်အထိပ်သို့ ရောက်အောင် မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်သည်။
ဥပမာအားဖြင့်...
ကောင်းကင်ဧကရာဇ်ဝင်စားခြင်း ကျမ်းစာမှာ မပြည့်စုံသေးသော်လည်း ၎င်း၌ စုစုပေါင်း အဆင့်သုံးဆင့် ရှိသည်။
ပထမအဆင့် - ကောင်းကင်နိယာမများကို ကိုင်တွယ်ခြင်း။
ဤသည်မှာ ချူယွမ် လက်ရှိ ရောက်ရှိနေသော အဆင့်ဖြစ်သည်။
အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်ပါက ကောင်းကင်ဘုံ တာအို၏ နိယာမစည်းမျဉ်းအားလုံးကို ထိန်းချုပ်နိုင်ကာ အမြင့်မြတ်ဆုံးသော ကောင်းကင်နိယာမများကို အသုံးချ၍ အရာအားလုံးကို နှိမ်နင်းသတ်ဖြတ်နိုင်သည်။
ဒုတိယအဆင့် - ကံကြမ္မာသည် အကြောင်းတရား။
လောကပေါင်းသောင်းချီရှိ သက်ရှိအားလုံး၏ ကံကြမ္မာကို စိုးမိုးကာ ကံကြမ္မာမြစ်ကြီး၏ မြစ်ဖျားခံရာသို့ ခြေချနိုင်ခြင်း ဖြစ်သည်။
“ငါသည်ပင် ကံကြမ္မာ ကံကြမ္မာသည်ပင်ငါ”
ဖြစ်သည်။
တတိယအဆင့် - လောကအားလုံး၏ သံသရာ။
ဤမပြည့်စုံသော ကောင်းကင်ဧကရာဇ်ဝင်စားခြင်း ကျမ်းစာ၏ အမြင့်ဆုံး နယ်ပယ်သို့ ရောက်ရှိခြင်း ဖြစ်သည်။
ထိုနယ်ပယ်မှာ ချူယွမ်၏ အတိတ်ဘဝမှ ဖခင်ဖြစ်သူပင် တက်လှမ်းရန် ပျက်ကွက်ခဲ့သော နယ်မြေ ဖြစ်သည်။
ဤအဆင့်ကို ကျော်ဖြတ်နိုင်ပါက ကံကံ၏အကျိုး သံသရာနှင့် ကောင်းကင်ဘုံ ဖန်တီးမှုအားလုံးကို အမှန်တကယ် စိုးမိုးနိုင်လိမ့်မည်။
၎င်းမှာ ဒဏ္ဍာရီလာ... မသေမျိုးဧကရာဇ်ထက်ပင် မြင့်မားသော 'ကမ္ဘဦး နတ်ဘုရား' အဆင့် ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည် ချူယွမ်သည် ဤကျင့်စဉ်၏ အဝင်ဝသို့ အောင်မြင်စွာ ရောက်ရှိခဲ့သော်လည်း ဤကျင့်စဉ်၏ အကျိုးကျေးဇူးမှာ သူ့အတွက် ကန့်သတ်ချက်များ ရှိနေသေးသည်။
အချိန်အတော်များများတွင် ၎င်းကို သူ၏ အစွန်းရောက် ကပ်ဘေးကံကြမ္မာကို နှိမ်နင်းရန်သာ သုံးရပြီး ကောင်းကင်နိယာမအားလုံးကို ထိန်းချုပ်နိုင်သည့် အာနိသင် မရှိသေးပေ။
[ကောင်းကင်ဧကရာဇ်ဝင်စားခြင်း ကျမ်းစာ (ပထမအဆင့် ဗီလိန်မှတ် တစ်ထရီလီယံ သုံးစွဲပါက ဒုတိယအဆင့် 'ကံကြမ္မာသည် အကြောင်းတရား' သို့ တိုက်ရိုက် မြှင့်တင်နိုင်သည်)]
ဒုတိယအဆင့်သို့ တိုက်ရိုက် မြှင့်တင်ရန် လိုအပ်သော ဗီလိန်မှတ် အရေအတွက်ကို မြင်လိုက်ရသောအခါ ချူယွမ်သည် စနစ်ကို ရိုက်သတ်ချင်စိတ်ပင် ပေါက်သွားတော့သည်။
ဗီလိန်မှတ် တစ်ထရီလီယံ တိတိ လိုအပ်သည်တဲ့လား။
တစ်ခုခု မှားနေပြီလား။
ဗီလိန်မှတ် တစ်ထရီလီယံ ဆိုသည်မှာ ထိုက်ချန်းလောက တစ်ခုလုံးရှိ ကံကြမ္မာ၏သားတော် အားလုံးကို သတ်ပစ်လျှင်ပင် ရနိုင်မည် မဟုတ်ပါချေ။
"စနစ်... မင်း တော်တော် ……”
“ဗီလိန်မှတ် တစ်ထရီလီယံ ဆိုတာက..."
ချူယွမ်သည် စိတ်ထဲမှ မကျေမနပ် ကျိန်ဆဲလိုက်မိသည်။
[တိန်… အိမ်ရှင်ကို အကြောင်းပြန်ရလျှင်၊ ကောင်းကင်ဧကရာဇ်ဝင်စားခြင်း ကျမ်းစာမှာ မသေမျိုးဧကရာဇ်ထက် မြင့်မားသော အဆင့်သို့ ရောက်ရှိစေနိုင်သည့် နိယာမ ကျမ်းစာ ဖြစ်သည်။ ဒုတိယအဆင့်သို့ ရောက်ရှိသည်နှင့် အိမ်ရှင်သည် ကံကြမ္မာကို စိုးမိုးသူတစ်ဦး ဖြစ်လာမည်ဖြစ်ရာ အထက်လောကမှ မသေမျိုးဘုရင်များပင် အိမ်ရှင်၏ ရှေ့မှောက်၌ ဘာမျှ မဟုတ်တော့ပေ]
[ဗီလိန်မှတ် တစ်ထရီလီယံ ဆိုသော ဈေးနှုန်းမှာ အလွန်တရာ သင့်တော်သည်ဟု စနစ်က ယုံကြည်ပါသည်]
မသေမျိုးဘုရင် အဆင့်ထက် သာလွန်သော အစွမ်းကို ရရန်အတွက် ဗီလိန်မှတ် တစ်ထရီလီယံ ဟုတ်လား။
စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ချူယွမ်သည် ပြန်လည်စဉ်းစားကြည့်ကာ ၎င်းမှာ အမှန်တကယ်ပင် သင့်တော်ကြောင်း လက်ခံလိုက်သည်။
သူ၏မိခင် ကုရွှေယီသည် တစ်ချိန်က မသေမျိုးဘုရင် တစ်ပါး ဖြစ်ခဲ့ဖူးသည်။
မသေမျိုးဘုရင် တစ်ပါးမှာ မည်မျှအထိ အစွမ်းထက်သနည်း။
ကုရွှေယီ၏ ဖော်ပြချက်အရ ထိုက်ချန်းလောကကဲ့သို့ ကျယ်ပြောလှသော ကမ္ဘာကြီးမှာ မသေမျိုးဘုရင် တစ်ပါး၏ မျက်မှောက်၌ ဖန်စကျင်ကျောက်လုံးလေး တစ်လုံးမျှသာ ဖြစ်သည်။
ထိုကဲ့သို့သော တည်ရှိမှုကို သာမန်စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။
မသေမျိုးဘုရင်တိုင်းမှာ မရေမတွက်နိုင်သော ကာလပတ်လုံး ကျင့်ကြံပြီးမှ မသေမျိုးဘုရင် တရားအနှစ်သာရကို စုစည်းနိုင်သူများ ဖြစ်ကြသည်။
လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် စကြဝဠာများကို ဖန်တီးနိုင်၊ ဖျက်ဆီးနိုင်ကာ လောကပေါင်းသောင်းချီကို အမှုန့်ပြုနိုင်သည်။
စိတ်ကူးတစ်ချက်ဖြင့်ပင် အတိုင်းအဆမရှိ ကျယ်ပြောလှသော ကမ္ဘာသစ်များကို ဖန်တီးကာ အဆုံးမဲ့ကာလတိုင်အောင် တည်တံ့စေနိုင်သည်။
ထို့ကြောင့်ပင် ထိုတည်ရှိမှုကို 'ပရမ်းပတာ အစစ်အမှန် မသေမျိုး' ဟုလည်း ခေါ်ဆိုကြသည်။
အချိန်၊ ဟင်းလင်းပြင်၊ ကံကံ၏အကျိုး သို့မဟုတ် ကံကြမ္မာတို့က မချည်နှောင်နိုင်သော မသေမျိုးတို့၏ ဘုရင်၊ အဆုံးစွန်သော တည်ရှိမှုကြီး ဖြစ်သည်။
၎င်းမှာ မသေမျိုးဘုရင် တစ်ပါး၏ တန်ခိုးအာဏာပင်။
ဗီလိန်မှတ် တစ်ထရီလီယံ သုံးပြီး မသေမျိုးဘုရင် ဖြစ်လာရမည်ဆိုလျှင်... တကယ်တော့ ဈေးမကြီးလှပေ။
"ထားလိုက်ပါတော့ အခု ငါ့မှာရှိတဲ့ ဗီလိန်မှတ်က နည်းလွန်းသေးတယ်"
"ဒါပေမဲ့ နဂါးပုန်းအစည်းအဝေးက မကြာခင် စတော့မှာပဲ ဗီလိန်မှတ်တွေ ထပ်ရဖို့အတွက် စိတ်ပူနေစရာ မလိုတော့ဘူး"
ဤသို့တွေးရင်း ချူယွမ်သည် ခေါင်းယမ်းလိုက်သည်။
သူ၏ လက်ရှိ ကွာစီ ဧကရာဇ် ကျင့်စဉ်နှင့်ဆိုလျှင် သူသည် ထိုက်ချန်းလောက၏ အမြင့်ဆုံး အစွမ်းအနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဆင့်နိမ့် ကံကြမ္မာ၏သားတော် တစ်ယောက်၊ နှစ်ယောက်ကို သတ်၍ ရလာမည့် ဗီလိန်မှတ်မှာ သူ့အတွက် သိပ်အဓိပ္ပာယ် မရှိတော့ပေ။
လောလောဆယ်တွင် သူသည် အလောမကြီးဘဲ နဂါးပုန်းအစည်းအဝေး စတင်မည့်အချိန်ကိုသာ အေးအေးဆေးဆေး စောင့်ဆိုင်းနေရန် လိုအပ်သည်။
"နတ်ဘုရားသားတော်... ထျန်းယွီနတ်ဘုရားမင်းဆက်က စေလွှတ်လိုက်တဲ့ သံတမန်ဟာ သခင်လေးအတွက် လက်ဆောင်တွေ ယူလာပြီး တွေ့ဆုံခွင့် တောင်းခံနေပါတယ်"
ဤအချိန်တွင် စံအိမ်ပြင်ပမှ ချူမိသားစု အစောင့်တစ်ဦး၏ အသံ ထွက်ပေါ်လာပြီး ချူယွမ်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
"အို"
ချူယွမ်သည် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
သူ ပြန်ရောက်လာသည်မှာ ယနေ့မှ ဖြစ်သည်။
တစ်စုံတစ်ယောက်က သူ ကွာစီ ဧကရာဇ် အဆင့်သို့ တက်လှမ်းသွားခြင်းနှင့် လင်ရွှီသန့်စင်ရာနယ်မြေ ပျက်စီးသွားခြင်း သတင်းကို ဤမျှ မြန်မြန်ဆန်ဆန် သိရှိသွားခဲ့ပြီလား။
ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်လာပေးသည်ဆိုတော့ သူတို့က မဟာမိတ်ဖွဲ့ချင်နေတာလား။
"သူ့ကို ဝင်ခွင့်ပြုလိုက်"
ကလပ်…
သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် နတ်ဘုရားသားတော် စံအိမ်၏ တံခါးကြီးများ ပွင့်သွားတော့သည်။ ထျန်းယွီနတ်ဘုရားမင်းဆက်မှာ ထိုက်ချန်းလောကရှိ အကျော်ကြားဆုံးသော နိုင်ငံကြီးများထဲမှ တစ်ခုဖြစ်ပြီး 'ထျန်းယွီဧကရာဇ်' ဟု ခေါ်သော ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးလည်း အုပ်ချုပ်လျက်ရှိသည်။
နှစ်ပေါင်းများစွာအတွင်း သူတို့နှင့် ချူမိသားစု၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ခဲ့သည်။
တစ်စုံတစ်ယောက်က လက်ဆောင်လာပေးသည်ဆိုမှတော့ သူ တွေ့ဆုံပေးရန် ဝန်မလေးပေ။
သို့သော် ထိုလက်ဆောင်က ဘာဖြစ်မလဲ…
ချူယွမ်သည် စိတ်ထဲမှ ခန့်မှန်းနေစဉ်မှာပင် စံအိမ်အတွင်းသို့ ဝတ်စုံဖြူဝတ် လူငယ်တစ်ဦး လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ ထိုလူငယ်မှာ အလွန်တရာ ချောမောခန့်ညားပြီး ဝတ်စုံဖြူမှာ လေထဲတွင် လွင့်နေသဖြင့် ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားသားတော်တစ်ပါးအလား။
ချူယွမ်ကို အာရုံအဖမ်းစားနိုင်ဆုံး အချက်မှာ ထိုလူငယ်၏ မထင်မရှားသော ကျင့်စဉ်အရှိန်အဝါပင်။
ဤမျှ နုပျိုသော အသက်အရွယ်နှင့် နတ်ဘုရားလမ်းစဉ် ၉ဆင့်သို့ ခြေချနိုင်ခဲ့သည်တဲ့လား။
ဤလူငယ်၏ ပါရမီမှာ မုန့်ဟန်တို့ထက်ပင် အဆပေါင်းများစွာ သာလွန်နေပေသည်။
"ထျန်းယွီနတ်ဘုရားမင်းဆက်ရဲ့ သတ္တမမြောက်မင်းသား ပိုင်ဖုန်း က နတ်ဘုရားသားတော် ချူကို ဂါရဝပြုပါတယ်"
ထျန်းယွီနတ်ဘုရားမင်းဆက်မှ ရောက်လာသူ စုစုပေါင်း သုံးဦး ရှိသည်။
ခေါင်းဆောင်ဖြစ်သူ သတ္တမမင်းသား ပိုင်ဖုန်းက အဓိကနေရာတွင် ထိုင်နေသော ချူယွမ်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
သူ၏နောက်တွင်မူ အဘိုးအိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦး ပါလာကြသည်။
အဘိုးအိုမှာ ခါးကုန်းနေပြီး ငွေရောင်ဆံပင်များ ရှိသော်လည်း သူ၏ မျက်ဝန်းများမှာမူ စူးရှလှသည်။
ချူယွမ်သည် ထိုအဘိုးအိုမှာ သူတော်စင်တစ်ဦး ဖြစ်ကြောင်း၊ ဤသတ္တမမင်းသား၏ စောင့်ရှောက်သူ ဖြစ်နိုင်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
သို့သော် ထိုအဘိုးအိုထက် ဘေးက မိန်းကလေးငယ်က ချူယွမ်၏ အကြည့်ကို ပိုမိုဆွဲဆောင်နေသည်။
ထိုမိန်းကလေးမှာ အသက် ၁၅၊ ၁၆ နှစ်ခန့်သာ ရှိသေးပြီး ချစ်စရာကောင်းလှသည်။
သူမ၏ အလှမှာ လူ့လောကနှင့် မသက်ဆိုင်ဘဲ အိမ်မက်တစ်ခုအလား ထူးခြားလွန်းလှသည်။
အထူးခြားဆုံးမှာ သူမ၏ မျက်ဝန်းများပင် သူမ၏ မျက်ဝန်းအိမ်အတွင်းဝယ် နက်မှောင်သော သူငယ်အိမ် နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်နေကြသည်။
၎င်းမှာ အစင်ကြယ်ဆုံးသော ပုံဆောင်ခဲနက်များဖြင့် ပြုလုပ်ထားသကဲ့သို့ နက်ရှိုင်းအေးစက်ကာ မြင့်မြတ်လှသော စွမ်းအားများ ထွက်ပေါ်နေသည်။
သူငယ်အိမ်နှစ်ထပ် …
သူ့ရှေ့ရှိ မိန်းကလေးငယ်မှာ မွေးရာပါ သူတော်စင်အဖြစ် သတ်မှတ်ခံရလေ့ရှိသော ရှားပါးလှသည့် သူငယ်အိမ်နှစ်ထပ် ပိုင်ရှင် ပါရမီရှင်တစ်ဦး ဖြစ်နေသည်။
ချူယွမ်သည် စိတ်ဝင်စားသွားတော့သည်။
ဤသူငယ်အိမ်နှစ်ထပ်ပိုင်ရှင် မိန်းကလေးမှာ ထျန်းယွီနတ်ဘုရားမင်းဆက်က သူ့ကို ပေးအပ်ချင်သည့် 'လက်ဆောင်' လား…