အခန်း (၉) စာဖတ်ခြင်းနှင့် စာရေးတတ်အောင် သင်ယူခြင်း
"ထင်တဲ့အတိုင်းပဲ သမိုင်းကြောင်းရှိတဲ့ အသုံးအဆောင်ဟောင်းတွေမှာ တာအိုအမှတ်တွေ ပါလေ့ရှိတယ်"
ကူးယွမ်၏ မျက်လုံးများ တောက်ပသွားသည်။ စာအုပ်ပိုင်ရှင်သည် ထိုစာအုပ်ကို အကြိမ်ကြိမ်ဖတ်ရှု ဆင်ခြင်ခဲ့ခြင်းကြောင့် ပိုင်ရှင်၏ အသိအမြင်များမှာ စာအုပ်ထဲသို့ စိမ့်ဝင်သွားပြီး တာအိုအမှတ်များအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
သူသည် စာအုပ်အချို့ကို ဟန်ဆောင်လှန်လှောကြည့်ရာ အမှတ်များ ဆက်တိုက် ရရှိနေသည်။
တာအိုအမှတ် +၃ ရရှိသည်။
တာအိုအမှတ် +၁ ရရှိသည်။
တာအိုအမှတ် +၂၇ ရရှိသည်။
အမှတ် (၂၇) မှတ် ရရှိစေသော ပစ္စည်းမှာ သံချေးတက်နေသည့် ရှေးဟောင်း ကြေးမီးအိမ်ကလေး ဖြစ်သည်။
ဤခရီးစဉ်မှာ ကူးယွမ်အတွက် အလွန်တန်ဖိုးရှိလှပြီး ရရှိထားသော အမှတ်များသည် သူ၏ တောင်ကြွက်ကို အဆင့်မြှင့်တင်ရန် လုံလောက်နီးပါး ရှိနေပြီဖြစ်သည်။
စာအုပ်ရောင်းသည့် ပညာရှိလင်းကျိုးသည် ကူးယွမ်က ပစ္စည်းများကို ကြည့်ရုံသာကြည့်ပြီး မဝယ်သဖြင့် စိုးရိမ်နေသည်။
ကူးယွမ်က ထိုပစ္စည်းများမှာ လင်းကျိုး၏ ဘိုးဘွားပိုင်များဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် အကြံတစ်ခု ရသွားသည်။
"ကျွန်တော် ဘာမှတော့ ဝယ်ဖို့ အစီအစဉ်မရှိဘူး" ကူးယွမ်က ခေါင်းခါလိုက်သည်။
လင်းကျိုးသည် အလွန်စိတ်ပျက်သွားသော်လည်း အတင်းအပြုံးဖန်တီးကာ "ရပါတယ် ရောင်းတာဝယ်တာဆိုတာ နှစ်ဦးသဘောတူမှ ဖြစ်တာပဲလေ" ဟု ဆိုသည်။
သူသည် တစ်နေကုန် ဈေးရောင်းသော်လည်း တစ်ခုမှ မရောင်းရသဖြင့် မိမိကိုယ်ကိုရော မိသားစုကိုပါ ကျွေးမွေးရန် ခက်ခဲနေသူ ဖြစ်သည်။
ထိုစဉ် ကူးယွမ်က ငွေစတစ်တုံးကို လင်းကျိုး၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ လင်းကျိုးမှာ မယုံနိုင်သလို ကြည့်နေစဉ် ကူးယွမ်က ပြောသည်။ "ကျွန်တော် ဘာမှမဝယ်ပေမဲ့ အစ်ကိုကြီးလင်းကို အကူအညီတစ်ခု တောင်းချင်လို့ပါ"
လင်းကျိုးသည် သတိထားပြီး "ကိုယ်ကျင့်တရားနဲ့ မညီတာမျိုးဆိုရင်တော့ ကျွန်တော် လက်မခံနိုင်ဘူးနော်" ဟု ဆိုသည်။
ကူးယွမ်သည် ရိုးသားသော လင်းကျိုးကို ပို၍ သဘောကျသွားပြီး "ကျွန်တော့်ကို စာဖတ် စာရေးသင်ပေးစေချင်တာပါ" ဟု ရှင်းပြလိုက်သည်။
ကူးယွမ်သည် ကြီးကြီးမားမား အောင်မြင်လိုလျှင် စာတတ်ရန်လိုအပ်ကြောင်း သိထားသည်။ မဟုတ်ပါက ကျင့်စဉ်စာအုပ်များ ရလာလျှင်ပင် ဖတ်တတ်မည်မဟုတ်ပေ။
လင်းကျိုးသည် ဝမ်းသာအားရ လက်ခံလိုက်ပြီး သူ၏ နေအိမ်ဖြစ်သော ရွှေချိုမြိန်လမ်းကြားသို့ ကူးယွမ်ကို လိုက်ပြသည်။
လင်းကျိုး၏ အိမ်ကို အတည်ပြုပြီးနောက် ကူးယွမ်သည် အိမ်ပြန်ရန် ပြင်လိုက်သည်။ သို့သော် လမ်းချိုးတစ်ခုအရောက်တွင် သူ၏ နှာခေါင်းက အနံ့တစ်ခုကို ရလိုက်ပြန်သည်။
"ငါ့နားမှာ ခဏခဏ ပေါ်လာနေတာပဲ ငါ့ကို စောင့်ကြည့်နေတာလား"
ကူးယွမ်သည် လမ်းဘေးတွင် ပစ္စည်းဝယ်ဟန်ဆောင်နေသော လူတစ်ဦးကို အေးစက်စွာ ပြုံးကြည့်လိုက်သည်။
သူ၏ကြွက်အနံ့ခံစွမ်းရည်ကြောင့် လူတစ်ဦးစီ၏ ကိုယ်ပိုင်အနံ့ကို မှတ်မိနေခြင်း ဖြစ်သည်။ ဤလူသည် သူ၏အနားတွင် သုံးကြိမ်မြောက် ပေါ်လာခြင်း ဖြစ်သည်။
ငါက မြို့ကို ပထမဆုံးအကြိမ် လာတာ။ ငါနဲ့ ပတ်သက်ခဲ့တာဆိုလို့ ကျန့်ရှုး၊ ယွီတိန်၊ ချန်ဂန်းနဲ့ လင်းကျိုးပဲ ရှိတယ် ချန်ဂန်းနဲ့ လင်းကျိုးကတော့ မဟုတ်နိုင်ဘူး ယွီတိန်ကလည်း ငါလို လူမမည်လေးကို စောင့်ကြည့်မှာ မဟုတ်ဘူး။ ဒါဆိုရင် ကျန့်ရှုးက ဆိုင်ရှင်ရှုးပဲ ဖြစ်ရမယ်။
ကူးယွမ်၏ မျက်လုံးများမှာ အေးစက်ခက်ထန်သွားပြီး "အဲဒီရှုး ဆိုတဲ့ လူကတော့..." ဟု ရေရွတ်လိုက်လေသည်။