အခန်း (၈၉) အရိုးစုမိစ္ဆာ
ကူးယွမ်ဟာ အိတ်ထဲကနေ အဖြူရောင်ကျောက်စိမ်း အဆောင်ပြားလေးတစ်ခုကို ထုတ်ယူပြီး လက်နဲ့ညှစ်ချေလိုက်သည်။
ဂျောက်
ကျောက်စိမ်းအဆောင်ပြားလေး ကြေမွသွားပြီးနောက် သူဟာ အာဝူကို ပြန်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်က သဲလွန်စတွေကို ဖျောက်ဖျက်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ ခေတ္တအကြာမှာပဲ သူ့ဘေးနားကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး... မိစ္ဆာအိုကြီး ရွှမ်ယုံ ဘယ်မှာလဲ"
ကူးယွမ် လှည့်ကြည့်လိုက်တော့ ခါးအနည်းငယ် ကိုင်းနေပြီး ဆံပင်ဖြူဖွေးနေတဲ့ အဘိုးကြီးချန်ကို တွေ့လိုက်ရသည်။ ဒီအဘိုးကြီးက တကယ်ပဲ ခြေရာလက်ရာဖျောက်ပြီး မြန်မြန်ဆန်ဆန် ရောက်လာတာပဲလို့ သူ တွေးလိုက်မိသည်။
ကူးယွမ်က အဖြစ်အပျက်အားလုံးကို အတိုချုပ် ရှင်းပြလိုက်ပြီး သူဟာ အရိုးစုသန့်စင်မှု အဆင့်ကို ရောက်နေတဲ့ သိုင်းသမားတစ်ယောက် ဖြစ်နေပြီဆိုတာကို မဖုံးကွယ်ထားပေမဲ့ "လိပ်ချပ်ဝတ်သိုင်း" ရဲ့ အဆင့်မြင့်ကျင့်စဉ်တွေကိုတော့ လျှို့ဝှက်ထားပါတယ်။ ချန်ယွမ်ဖုန်းကို သူ ဘယ်လိုသတ်ခဲ့လဲဆိုတာကိုတော့ အဖော်တွေ ပါတယ်ဆိုတဲ့ သဘောမျိုး ဝေဝေဝါးဝါးပဲ ဖြေလိုက်သည်။
အဘိုးကြီးချန်က ဂူထဲက အလောင်းပုံတွေနဲ့ တိုက်ပွဲခြေရာတွေကို ကြည့်ပြီး ခေတ္တ ငြိမ်သက်သွားသည်။
"စောစောက မြင်လိုက်ရတဲ့ အရိုးစုက မိစ္ဆာအိုကြီး ရွှမ်ယုံ ကျင့်ကြံထားတဲ့ အရိုးစုမိစ္ဆာပဲ ဖြစ်ရမယ်။ ဒါက မိစ္ဆာဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ အရိုးဖြူမိစ္ဆာဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ ဒါပေမဲ့ ဒီကျင့်စဉ်က သာမန်အရိုးစုမိစ္ဆာအဆင့်ထက် ကျော်လွန်ဖို့ဆိုတာ သူတို့ဂိုဏ်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ သိမှ ရမှာ... သူက ဘာလို့ ဆယ်စုနှစ်တစ်ခုမက အချိန်ပေးပြီး ဒါကိုလုပ်နေတာလဲ"
အဘိုးကြီးချန်က တစ်ခုခုကို ရိပ်မိသွားသလိုနဲ့ ကူးယွမ်ရဲ့ ပုခုံးကို ပုတ်လိုက်သည်။
"ကူးကလေး... မင်း တော်တယ် ငါ လူမမှားဘူး ကဲ... သွားကြစို့"
"ဘယ်ကိုလဲ" လို့ ကူးယွမ်က ကြောင်တောင်တောင်နဲ့ မေးလိုက်တော့
"မိစ္ဆာအိုကြီး ရွှမ်ယုံကို သွားရှာမှာပေါ့ မင်းမွေးထားတဲ့ ကင်းခြေများက အရိုးစုနောက်ကို လိုက်နေတာ ငါမသိဘူး ထင်နေလား။ ငါက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူပဲ... မင်းရဲ့ လှည့်ကွက်လေးတွေကို ငါ့ရဲ့ ဝိညာဉ်အာရုံနဲ့ တစ်ချက်ကြည့်ရုံနဲ့ သိတယ်"
(တကယ်တော့ နောက်ကလိုက်နေတာ ကင်းခြေများမဟုတ်ဘဲ ကြွက်လေး အာဟွမ်ပါ) လို့ ကူးယွမ်က စိတ်ထဲကပဲ ပြောလိုက်သည်။ အဘိုးကြီးချန်က သူ့ကိုဆွဲခေါပြီး လေပေါ်မှာ ပျံသန်းသလို အမြန်နှုန်းနဲ့ ခေါ်သွားလိုက်လေသည်။ ဒါဟာ သိုင်းပညာမဟုတ်ဘဲ လေညင်းစီးတဲ့ "မှော်ပညာ" တစ်မျိုးပါပဲ။
မကြာခင်မှာပဲ သူတို့ဟာ တောင်ပေါ်က ပျက်စီးနေတဲ့ နတ်ကွန်းဟောင်းတစ်ခုနားကို ရောက်လာခဲ့သည်။ အာဟွမ်ရဲ့ အမြင်အာရုံအရ အရိုးစုဟာ အဲဒီထဲကို ဝင်သွားတာ သေချာပါတယ်။
အဘိုးကြီးချန်က ကူးယွမ်ကို ပုခုံးပုတ်ပြီး "ကောင်လေး... ဒီမှာပဲ ငြိမ်ငြိမ်လေး စောင့်နေ ငါ မင်းကို ကိုယ်ပျောက်မှော် အကာအကွယ် လုပ်ပေးထားမယ်။ ငါ အကူအညီလိုမှ မင်း လာခဲ့" လို့ ပြောပြီး အခိုးအငွေ့တစ်ခုလို ပျောက်ကွယ်သွားသည်။
ကူးယွမ်ဟာ ကျောက်တုံးကြီးတစ်ခုနောက်မှာ ပုန်းပြီး အာဟွမ်ရဲ့ အမြင်အာရုံကတစ်ဆင့် နတ်ကွန်းကို စောင့်ကြည့်နေလိုက်သည်။
ဝုန်း
ရုတ်တရက် ကျောက်သားနဲ့ သစ်သားတွေနဲ့ ဆောက်ထားတဲ့ နတ်ကွန်းကြီးဟာ ပေါက်ကွဲထွက်သွားလေသည်။ မြေကြီးဟာ ပေတစ်ရာပတ်လည်တုန်ခါသွားပြီး မီးခိုးရောင် လျှပ်စီးတန်းတွေဟာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ဒါဟာ အဘိုးကြီးချန် ပြောဖူးတဲ့ ယင်လျှပ်စီးပုတီးရဲ့ အစွမ်းပါပဲ။ ကူးယွမ်ဟာ အဝေးကနေ ကြည့်နေတာတောင် အဲဒီဖျက်ဆီးအားပြင်းတဲ့ လျှပ်စီးတွေကြောင့် ကြက်သီးမွှေးညင်းတွေတောင်ထသွားရလေသည်။