အခန်း (၆၂) ကလဲ့စားချေမှု အောင်မြင်ခြင်း
ခြံဝင်းလေးက သေးငယ်သပ်ရပ်ပြီး တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အခန်းတစ်ခန်းထဲမှာတော့ မီးလင်းနေဆဲပါ ကူးယွမ်က ရှေ့တိုးသွားပြီး ပြတင်းပေါက် အက်ကြောင်းကနေ ချောင်းကြည့်လိုက်ပါတယ်။
အခန်းထဲမှာတော့ ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ လူငယ်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်စွာ ထိုင်နေပြီ သူ့ရဲ့ ဘယ်ဘက်မှာတော့ လက်ဖဝါးကြီးကြီးနဲ့ အရိုးတည်ဆောက်ပုံ တောင့်တင်းတဲ့ သိုင်းဆရာတစ်ယောက် ရပ်နေပါတယ်။
"ဘတ်တလာဝူး ပြန်မလာသေးဘူးလား"
ချန်ယွမ်ကျေက ခဏကြာမှ မေးလိုက်တယ်။
သိုင်းဆရာက ဦးညွှတ်ပြီး "သခင်လေး... ဘတ်တလာဝူး မနေ့က ထွက်သွားကတည်းက ပြန်မလာသေးပါဘူး။ ဒီကိစ္စက အိမ်တော်သခင်ကြီးကိုတောင် သတိထားမိသွားစေပြီမို့ မနက်ဖြန်ကျရင် သခင်လေးကို ခေါ်ယူမေးမြန်းပါလိမ့်မယ်"
ဒါကို ကြားတော့ ချန်ယွမ်ကျေ ရဲ့ မျက်မှောင်က ပိုပြီးကြုတ်သွားသည်။
"သူ့ကို ကျွန်တော် ခိုင်းလိုက်တာ တစ်ခုခုဖြစ်သွားရင် ကျွန်တော့်မှာ တာဝန်ရှိပြီး အဖေက ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဘတ်တလာဝူးက အမြဲတမ်း စိတ်ချရတဲ့သူပါ ဒီတစ်ခါ ပြန်မလာသလို သတင်းလည်း မပို့ဘူးဆိုတာ တစ်ခုခုဖြစ်နေပြီပဲ"
ဖယောင်းတိုင်မီးအောက်မှာ ချန်ယွမ်ကျေ ရဲ့ မျက်နှာက အရိပ်တွေနဲ့အတူ မှောင်လိုက်လင်းလိုက် ဖြစ်နေပါတယ်။
"ကျွန်တော် သူ့ကို အလုပ်လေးတစ်ခုပဲ ခိုင်းလိုက်တာပါ အဲဒီကူးယွမ်ဆိုတဲ့ ကောင်လေးကို သတ်ခိုင်းလိုက်တာ။ သေချာအောင်လို့ အစိမ်းရောင်ဝါးဂိုဏ်းက ကျန်းမုန့်ကိုပါ ခေါ်သွားခိုင်းတာကို နှစ်ယောက်လုံး ပျောက်သွားတယ်ဆိုတော့ ဒါက ကူးယွမ် နဲ့ ပတ်သက်နေတာ သေချာသလောက်ပဲ"
ကူးယွမ်ဆိုတဲ့ နာမည်ကို ပြောလိုက်ရုံနဲ့ ချန်ယွမ်ကျေရဲ့ မျက်နှာက မည်းမှောင်သွားပါတယ်။ သူက ငယ်ငယ်ကတည်းက ခွေးမွေးပြီး လူတွေကို ကိုက်ခိုင်းရတာကို ဝါသနာပါသူပါ။ လူတွေ အော်ဟစ်ရုန်းကန်တာကို ကြည့်ပြီး ပျော်ရွှင်တတ်တဲ့ စိတ္တဇဝါသနာရှိသူလည်း ဖြစ်ပါတယ်။
"သခင်လေး"
ရုတ်တရက် သိုင်းဆရာက လက်ယှက်နှုတ်ဆက်ရင်း ရက်စက်တဲ့ အကြည့်နဲ့ ပြောပါတယ်။
"ကျွန်တော် သွားပြီး အဲဒီကောင်လေးကို ဖမ်းပေးရမလား သူ့ကြောင့်သာဆိုရင် သခင်ကြီး မေးတဲ့အခါ အဖြေပေးလို့ ရတာပေါ့"
ချန်ယွမ်ကျေ က ခဏ စဉ်းစားပြီး ခေါင်းညိတ်လိုက်ပါတယ်။ "ကောင်းပြီ... မင်းပဲ ကိုင်တွယ်လိုက်တော့။ အရှင်ဖမ်းရင် ပိုကောင်းပေမဲ့ ဖမ်းမရရင်တော့ အရှင်မထားနဲ့"
စကားအဆုံးမှာ ဘာတုံ့ပြန်မှုမှ မရှိတာကြောင့် ချန်ယွမ်ကျေ မော့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ သိုင်းဆရာဟာ မျက်နှာတစ်ခုလုံး ပြာနှမ်းပြီး မြေပြင်ပေါ် လဲကျသေဆုံးသွားတာကို တွေ့လိုက်ရပါတယ်။ အလောင်းအောက်ကနေ အပြာရောင် ကင်းခြေများ အကြီးကြီးတစ်ကောင် ထွက်လာပါတယ်။
"မကောင်းတော့ဘူး"
ချန်ယွမ်ကျေ က လူမိုက်ဆိုပေမဲ့ လူအမဟုတ်ပါဘူး။ အန္တရာယ်ကို သတိပြုမိတာနဲ့ နောက်ဆုတ်ပြီး အော်ဟစ်ဖို့ ပြင်ပါတယ်။ လူတွေ သတိထားမိအောင် ဆူညံအောင် လုပ်မှ သူ ဘေးကင်းမှာပါ။
ဒါပေမဲ့ သူပါးစပ်ဟလိုက်တာနဲ့ သူ့ရဲ့ ဝမ်းဗိုက်ကို ပြင်းထန်တဲ့ လက်သီးချက် တစ်ချက် ထိမှန်သွားပါတယ်။ ကူးယွမ်ရဲ့ လက်သီးက တူနဲ့ ထုလိုက်သလို ပြင်းထန်လွန်းတာကြောင့် ချန်ယွမ်ကျေ ဟာ လေထဲလွင့်ထွက်သွားပြီး နံရိုးတွေ ကျိုးသွားကာ အသံတောင် ထွက်မလာတော့ပါဘူး။
သူ မြေပြင်ပေါ် လဲကျနေတုန်းမှာပဲ ဓားတစ်လက်ကို ကိုင်ထားတဲ့ ချောမောတဲ့ လူငယ်တစ်ယောက် သူ့ရှေ့မှာ ရပ်နေတာကို မြင်လိုက်ရပါတယ်။
"အင်း... မင်းပဲ ကူးယွမ်"
"ဟုတ်တယ် ငါပဲ"
ကူးယွမ်က ခေါင်းညိတ်ပြီး စကားမဆုံးခင်မှာပဲ ဓားအိမ်နဲ့ ချန်ယွမ်ကျေ ရဲ့ ပါးစပ်ကို ရိုက်လိုက်ရာ သွားတွေ အကုန်ကျိုးထွက်ပြီး မျက်နှာ တစ်ခြမ်းလုံး သွေးချင်းချင်းနီသွားသည်။
ကူးယွမ်က ချန်ယွမ်ကျေ ရဲ့ လက်ကို ခြေထောက်နဲ့ နင်းခြေပစ်လိုက်ပြီး "မင်းအဖေ ချန်မိသားစုရဲ့ အိမ်တော်သခင် ဘယ်မှာလဲ"
ချန်ယွမ်ကျေက မဖြေဘဲ နေပေမဲ့ လည်ပင်းကို ဓားနဲ့ အနည်းငယ် လှီးလိုက်တဲ့အခါမှာတော့ သူ ကြောက်လန့်တကြား အော်ပြောပါတော့တယ်။ "အဖေက စာကြည့်ခန်းထဲမှာ ရှိနေမှာပါ အခုရက်ပိုင်း လုပ်ငန်းတွေ အဆင်မပြေလို့ စာကြည့်ခန်းထဲမှာပဲ အလုပ်လုပ်နေတာပါ"
ကူးယွမ်က ခေါင်းညိတ်လိုက်ပြီး လက်ကောက်ဝတ်ကို လှုပ်ရှားကာ ဓားနဲ့ ချန်ယွမ်ကျေ ရဲ့ လည်ပင်းကို အပြတ်လှီးလိုက်ပါတယ်။ ချန်ယွမ်ကျေဟာ ကြောက်လန့်တကြားနဲ့ လည်ပင်းကို အသည်းအသန် အုပ်ထားပေမဲ့ သွေးတွေကတော့ လက်ကြားထဲကနေ ပန်းထွက်နေပါတယ်။
"မင်းအရင်က လုပ်ခဲ့တဲ့ကံတွေ ဒီနေ့ အကျိုးပေးတာပဲ။ ဒါမင်းကိုယ်တိုင်ရှာတဲ့ ဒုက္ခပဲ ချန်ယွမ်ကျေ"
ကူးယွမ်က အေးစက်စွာ ကြည့်နေပါတယ် ခဏအကြာမှာတော့ ချန်ယွမ်ကျေ ငြိမ်သက်သွားသည်။
ကူးယွမ်ဟာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည် ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရပြီး ကလဲ့စားချေမှု အောင်မြင်သွားတဲ့အတွက် စိတ်ထဲမှာ အလွန် ပေါ့ပါး လန်းဆန်းသွားခဲ့တော့သည်။