အခန်း (၅၃) ရူးသွပ်မှု
လျှို့ဝှက်လိပ်ခွံသိုင်းကို လောလောဆယ် မရနိုင်သေးသော်လည်း လှည့်လည်သောမြွေခြေလှမ်းနှင့် မိုးမခပွင့်ဓားသိုင်းတို့ကို ရရှိခဲ့သဖြင့် ကူးယွမ်အတွက် ဤခရီးစဉ်မှာ အချည်းနှီးမဖြစ်ခဲ့ပေ။
သူတို့ သိုလှောင်ရုံအထွက်တွင် အဘိုးချန်က ကူးယွမ်၏ ကျားနက်လက်သီးနှင့် လှည့်လည်သောမြွေခြေလှမ်းလဲလှယ်မှုကို မှတ်တမ်းတင်ပေးလိုက်သည်။
ကူးယွမ် ထွက်ခွာရန် ခြေလှမ်းအနည်းငယ် လှမ်းအပြီးတွင် သူ၏ နားထဲသို့ အိုမင်းရင့်ရော်သော အသံတစ်သံ တိုးဝင်လာသည်။
ကောင်လေး မင်း တကယ်လို့လျှို့ဝှက်လိပ်ခွံသိုင်းကို လိုချင်တယ်ဆိုရင် မနက်ဖြန်ညကျရင် ဂေါင်လျူလမ်းကြားကို လာခဲ့ ငါ အဲဒီမှာ စောင့်နေမယ်။
ကူးယွမ် ရုတ်တရက် လှည့်ကြည့်လိုက်သော်လည်း အဘိုးချန်မှာ ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်၍ ပျင်းရိစွာ မှေးနေဆဲပင်။ ဘေးမှ ရှမုန့်ရွှယ်မှာလည်း ဘာမှ သိရှိပုံမရပေ။
ဤအသံကို သူတစ်ယောက်တည်းသာ ကြားခဲ့ရခြင်း ဖြစ်သည်။ ကူးယွမ်သည် အဘိုးချန်ကို တစ်ချက် စိုက်ကြည့်ပြီးနောက် ဘာမှမပြောဘဲ ထွက်ခွာလာခဲ့သည်။
ယုတိန်ခန်းမမှ အထွက်တွင် ရှမုန့်ရွှယ်က ကူးယွမ်နောက်သို့ လိုက်လာပြီး ကြေးသော့တစ်ခုကို ပစ်ပေးလိုက်သည်။
ခုနက ကျားသစ်သန္ဓေဆေးရည်က ငါ့အဖေပေးတဲ့ ဆုလာဘ် ဒီသော့တွေကတော့ ငါ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်လွှာပဲ။
ဒါချန်ကုန်းလမ်းကြားအဆုံးမှာရှိတဲ့ အိမ်ဝိုင်းရဲ့ သော့တွေပဲ မင်း မြို့ထဲမှာ နေစရာမရှိသေးဘူး မဟုတ်လား အဲဒီမှာ ခေတ္တနေလို့ရတယ်။
"ကျေးဇူးတင်ပါတယ် သခင်မလေး" ကူးယွမ်က မငြင်းဘဲ လက်ခံလိုက်သည်။ မြို့နှင့် ရွာကို နေ့တိုင်း ကူးသန်းနေရသည်မှာ တကယ်ပင် ပင်ပန်းလှသည်။
ရှမုန့်ရွှယ်က ဆက်လက်၍ သတိပေးစကား ပြောကြားခဲ့သည် "ပြီးတော့ တစ်ခု သတိထားဖို့ပြောချင်တယ် အခုတလော ချင်ပြည်နယ်က မငြိမ်မသက် ဖြစ်နေတယ် မိစ္ဆာတွေတင်မကဘူး လူသတ်နေတဲ့ နာမ်ဆိုးတွေပါ ရှိနေတယ်။
ငါသိရသလောက် ဘေလျန်းခရိုင်ထဲမှာတင် လွန်ခဲ့တဲ့ ရက်ပိုင်းက သူဌေးတစ်ဦးရဲ့ မိသားစုဝင် ၂၆ ယောက်လုံး အသတ်ခံလိုက်ရတယ်။ ကလေးလေးတွေကိုတောင်မချန်ဘူး။
လူသတ်သမားက မိစ္ဆာလမ်းစဉ်က အင်းနိတ်ပညာရှင်တစ်ယောက်လို့ ယူဆရတယ် အခုထိ ဖမ်းမမိသေးဘူး ဒါကြောင့် သတိထားပါ။
အတွင်းခန်းတွင် ရှမင်းယန်နှင့် ရှမုန့်ရွှယ်တို့ စကားပြောနေကြသည်။
"အဖေ ကူးယွမ်က ကိုယ်ပိုင်အမြင် ရှိလွန်းတယ် ထိန်းချုပ်ရ ခက်နိုင်တယ်နော်" ဟု ရှမုန့်ရွှယ်က ဆိုသည်။
ရှမင်းယန်က အေးအေးဆေးဆေးပင် ပြန်ပြောသည်။ သူ့မှာ ကိုယ်ပိုင်အမြင် ရှိမရှိဆိုတာ အရေးမကြီးဘူး သူယုတိန်ခန်းမမှာ ရှိနေသရွေ့ အင်းနိတ်အဆင့်ကို တက်လှမ်းချင်နေသရွေ့ ငါတို့ရဲ့ အလိုအတိုင်းပဲ လုပ်ဆောင်ရမှာပဲ။
သူက ဆက်လက်၍ ရှမုန့်ရွှယ်ကို မှာကြားသည်။ မင်းကပါရမီ သိပ်မထူးချွန်ပေမဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတယ်လို့ အဘိုးကြီးမိုက ပြောထားတယ်။
မကြာခင် ဂိုဏ်းချုပ်ဆီက လူကြီးတစ်ယောက် လာလိမ့်မယ် အဲဒီအချိန်မှာ မင်းသာ စွမ်းဆောင်နိုင်ရင် ဆေးဘုရင်တောင်ရဲ့ တပည့် ဖြစ်လာနိုင်တယ်။ ဒါက မင်းအတွက် အကြီးမားဆုံး အခွင့်အရေးပဲ သေချာဆုပ်ကိုင်ထား။
ကူးယွမ်သည် ရှမုန့်ရွှယ် ပေးသော အိမ်ဝိုင်းသစ်သို့ ရောက်ရှိလာသည်။ အိပ်ခန်း၊ စာကြည့်ခန်း၊ မီးဖိုချောင် နှင့် မြင်းဇောင်းများပါဝင်သော အတော်လေး ခမ်းနားသည့် အိမ်တစ်လုံး ဖြစ်သည်။ ဤကဲ့သို့ အိမ်မျိုးမှာ အနည်းဆုံး ငွေစင် ၁,၀၀၀ ကျော် တန်ဖိုးရှိပေသည်။
"အိမ်တစ်လုံး လက်ဆောင်ပေးတယ် ပြီးတော့ မိစ္ဆာတွေအကြောင်း သတိပေးတယ်" ကူးယွမ်က ပြုံးစစဖြင့် ရေရွတ်လိုက်သည်။ ငါ့ကို ဒီလောက် ဂရုစိုက်နေတာ ဒီသခင်မလေး ငါ့ကို သဘောကျနေတာလား မသိဘူး။
သူက နောက်ပြောင်လိုက်ခြင်းသာ ဖြစ်သည်။ သူ့ကိုယ်သူ သေချာသိပါသည်။ သူ့တွင် ထူးခြားသော ပါရမီရှိကြောင်း သူတို့ သိရှိသွားသောကြောင့် သိမ်းသွင်းလိုခြင်းသာ ဖြစ်ကြောင်း သူ နားလည်ထားသည်။
သူသည် အိမ်ဝိုင်းထဲတွင် အာဟွမ် နှင့် ဗိုက်ပူတို့ကို လွှတ်ပေးလိုက်သည်။ အာဟွမ်က မှောင်ရိပ်ခိုရာ ထောင့်စွန်းများသို့ တိုးဝင်သွားပြီး ဗိုက်ပူကမူ အိမ်ထဲရှိ ကြွက်များကို တစ်ကောင်ပြီးတစ်ကောင် လိုက်လံဝါးမြိုရင်း ဧည့်ခံပွဲကြီး ကျင်းပနေတော့သည်။