အခန်း (၅၂) အဆင့်မြင့်သိုင်းကျမ်း
"အလယ်အလတ်တန်းစား သိုင်းကျမ်းလား"
ရှမုန့်ရွှယ်အနည်းငယ် အံ့ဩသွားသော်လည်း အလွန်အမင်းတော့ မဟုတ်ပေ။ သူမကိုယ်တိုင်က အဆင့်မြင့်သိုင်းကျမ်းကို ကျင့်ကြံနေသူ မဟုတ်ပါလား။
ကူးယွမ်ကဲ့သို့ နောက်ခံမရှိသူတစ်ဦးက အလယ်အလတ်ကျမ်းကို မည်သို့ရလာသနည်းဟုသာ သူမ သိချင်နေခြင်း ဖြစ်သည်။
သူမက ခေါင်းညိတ်ရင်း ဒီကျမ်းက ငါတို့ဆီမှာ မှတ်တမ်းမရှိသေးဘူးဆိုရင် တခြားအလယ်အလတ်ကျမ်းနဲ့ လဲလို့ရသလို အမှတ်၅၀၀ နဲ့လည်း လဲလို့ရတယ် ဒါပေမဲ့ တစ်ခုတော့ရှိတယ် ငါတို့နဲ့ လဲပြီးရင် ဒီသိုင်းကို အပြင်မှာ ပြန်မပြန့်ပွားစေရဘူးဟု ရှင်းပြသည်။
ကူးယွမ်က အဆင့်မြင့်သိုင်းကျမ်းတစ်စောင်၏ ဈေးနှုန်းကို မေးမြန်းရာ အမှတ် ၅,၀၀၀ အထိ ပေးရကြောင်း သိလိုက်ရသဖြင့် မှင်တက်သွားတော့သည်။
သူ ဓားစာခံခရီးစဉ်မှာ အသက်နှင့်ရင်းပြီး လုပ်ခဲ့ရတာမှ အမှတ် ၂၀ သာ ရခဲ့သည် မဟုတ်ပါလား ၅,၀၀၀ ဆိုသည်မှာ မည်မျှဝေးကွာလှသနည်း။
"ဘာလို့ ဒီလောက်ကွာရတာလဲ" ဟု သူက မေးမိသည်။
ရှမုန့်ရွှယ်က နှာခေါင်းရှုံ့ကာ "အလယ်အလတ်သိုင်းတွေက အင်းနိတ် အဆင့်ရဲ့ ကိုယ်တွင်းအင်္ဂါသန့်စင်မှုမှာတင် ရပ်သွားရော အဆင့်မြင့်သိုင်းတွေကမှ အင်းနိတ်ရဲ့ အထွတ်အထိပ်အထိ ရောက်နိုင်ပြီး နောင်တစ်ချိန် နတ်လူသားနယ်ပယ်အတွက် အခြေခံကောင်းတွေ ချပေးနိုင်တာ။ ဒါကြောင့် အရမ်းတန်ဖိုးရှိတာပေါ့" ဟု ပြန်ပြောသည်။
ကူးယွမ်သည် သူမ၏ခွင့်ပြုချက်ဖြင့် အဆင့်မြင့်သိုင်းကျမ်းများရှိရာ စင်သို့ သွားရောက်ကြည့်ရှုခွင့် ရခဲ့သည်။ ထိုစင်ပေါ်တွင် စိတ်ဝင်စားဖွယ် ကျမ်းအချို့ ရှိနေသည်။
*ခရမ်းရောင်ချီ ကောင်းကင်ပိုက်ကွန်သိုင်း: အသက်ရှည်စေပြီး နောင်တွင် လမ်းစဉ်သစ်များသို့ ဆက်သွယ်ပေးနိုင်သော ကိုယ်တွင်းကျင့်စဉ်။
စန်းယင် ကင်းခြေများလက်သည်း: အလွန်အမင်း အဆိပ်ပြင်းပြီး သံမဏိကိုပင် ဖျက်ဆီးနိုင်သော တိုက်ခိုက်ရေးသိုင်း။
လျှို့ဝှက်လိပ်ခွံသိုင်း: ခန္ဓာကိုယ်ကို သံမဏိကဲ့သို့ မာကျောစေပြီး ဓား၊ လှံ၊ မီး၊ ရေ တို့ကို ခံနိုင်ရည်ရှိစေကာ လိပ်နက်ကြီး၏ ခွန်အားကို ရရှိစေသော ကိုယ်ခံသိုင်း။
ကူးယွမ်သည် လျှို့ဝှက်လိပ်ခွံသိုင်းကို မြင်သောအခါ မျက်လုံးများ တောက်ပလာသည်။
သူသည် မြွေရစ်ပတ်ခြင်းစွမ်းရည်ကြောင့် မြွေနှင့်ပတ်သက်သော သိုင်းများတွင် အောင်မြင်နေသူ ဖြစ်သည်။ အကယ်၍ လိပ်တစ်ကောင်ကိုသာ ယဉ်ပါးအောင် လုပ်နိုင်ပြီး ဤသိုင်းကို ကျင့်ကြံပါက သူ၏ အစွမ်းမှာ မည်မျှကြီးမားလာမည်နည်း။
မြွေနှင့် လိပ်ပေါင်းစပ်ခြင်းမှာ ဒဏ္ဍာရီလာ လိပ်နက်မဟုတ်ပါလား။
သို့သော် ၅,၀၀၀ ဆိုသော အမှတ်မှာ လောလောဆယ်တွင် မဖြစ်နိုင်သဖြင့် ကူးယွမ်သည် စိတ်လျှော့ကာ အလယ်အလတ်တန်းစား သိုင်းကျမ်းတစ်ခုနှင့်သာ လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် စင်ပေါ်တွင် ရှာဖွေရင်း လှည့်လည်သောမြွေခြေလှမ်းအမည်ရှိ ကိုယ်ဖော့သိုင်းကျမ်းကို တွေ့ရှိသွားသည်။
ဤသိုင်းမှာ မြွေ၏လှုပ်ရှားမှုကို အတုယူထားခြင်းဖြစ်သဖြင့် ကူးယွမ်အတွက် အလွန်ပင် သင့်တော်လှသည်။ ခြေလှမ်းများမှာ လျင်မြန်ဖြတ်လတ်ပြီး လျှို့ဝှက်ဆန်းပြားသည်။
ကူးယွမ်၏ အမြင်တွင် သိုင်းလောက၌ ကျင်လည်ရာ၌ ခန္ဓာကိုယ်သန်မာခြင်း သို့မဟုတ် တိုက်ခိုက်ရေး ကောင်းခြင်းထက် မြန်မြန်ပြေးနိုင်ခြင်းက အသက်ရှင်သန်ရန်အတွက် အရေးကြီးဆုံးဟု ယူဆထားပေသည်။