အခန်း (၄၇) အတွေးလွန်ပြီး အံ့ဩတုန်လှုပ်ခြင်း
နောက်တစ်နေ့ နံနက်စောစော။
ယုတိန်ခန်းမ၏ အဝင်ဝတွင် အစေခံ ကျန်းဆန်းသည် ဖောက်သည်များကို စောင့်ကြိုရင်း တာဝန်ကျနေသည်။
ဆောင်းတွင်း၏ အအေးဒဏ်ကြောင့် သူသည် လက်ကိုပွတ် ခြေကိုဆောင့်ရင်း လစာထုတ်လျှင် အနွေးထည်ဝယ်ရန် တွေးတောနေမိသည်။
ယုတိန်ခန်းမ၏ အစေခံအလုပ်မှာ စည်းကမ်းကြီးသော်လည်း အခြားစားသောက်ဆိုင်များထက် လစာပိုကောင်းသဖြင့် ရွာပြန်လျှင် သူက မျက်နှာပွင့်သူ ဖြစ်သည်။
ထိုစဉ် ခန့်ညားထည်ဝါသော လူငယ်လေးတစ်ဦး သူတို့ထံ လျှောက်လာသည်။ ချမ်းအေးလှသော ရာသီတွင် ပါးပါးလျလျသာ ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်စောင် ချိတ်ဆွဲထားသည်။
သူ၏ အသားအရေမှာ ဝင်းပနေပြီး အထူးသဖြင့် စူးရှတောက်ပသော မျက်ဝန်းများက လူကို ဆွဲဆောင်နေသည်။
ကျန်းဆန်းက ပြုံးရွှင်စွာ ဆီးကြိုလိုက်သည်။ "သခင်လေးကူး ဒီနေ့ တော်တော်စောသားပဲ။ ဝိညာဉ်ဆေးပင်တွေများ တူးမိလာလို့လားခင်ဗျာ"
ရောက်လာသူမှာ ကူးယွမ်ပင်ဖြစ်သည်။ သူက ရယ်မောရင်း ဆေးပင်ဆိုတာ မြက်ပင်မှ မဟုတ်တာ တူးရလွယ်မလား ဒါပေမဲ့ တကယ်တူးမိတဲ့နေ့ကျရင်တော့ မင်းကို သေချာပေါက် အရက်တိုက်ပါ့မယ်" ဟု ပြန်ပြောလိုက်သည်။
ကျန်းဆန်းနှင့် ကူးယွမ်တို့ ခဏတာ စကားစမြည် ပြောဆိုကြသည်။ ကူးယွမ် အထဲသို့ ဝင်သွားပြီးနောက် ကျန်အစေခံနှစ်ဦးက ကျန်းဆန်းကို ကဲ့ရဲ့ကြသည်။
ကျန်းဆန်းရာ မင်းက အဲဒီကောင်လေးကို ဘာလို့ ဒီလောက် ဖားနေရတာလဲ သူက ရောက်တာ တစ်လပဲ ရှိသေးတဲ့ လူသစ်ပဲဟာကို
ကျန်းဆန်းက မကျေမနပ်ဖြင့် ပြန်ပြောသည်။ "လူသစ်ဖြစ်ပေမဲ့ သခင်လေးကူးက ငါ့ကို အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ် အခြားသူတွေလို အောက်ခြေလူတန်းစားဆိုပြီး အထင်မသေးဘူး။ မင်းတို့ သူငယ်ချင်း သိုင်းဆရာတစ်ယောက်ဆီမှာ တပည့်ခံရပြီးကတည်းက မင်းတို့ကို လူလိုမှကြည့်ရဲ့လား"
အစေခံနှစ်ဦးမှာ ဆွံ့အသွားကြသည်။
စကားပြောနေစဉ်မှာပင် ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ရန်ကျန့်ဖေးလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေပြီး လက်မောင်းတစ်ဖက်မှာလည်း ပတ်တီးအဖွေးသားနှင့် ဆေးနံ့များ ထွက်နေသည်။
အစေခံများက အရိုအသေပေးသော်လည်း သူက လှည့်ပင်မကြည့်ဘဲ အထဲသို့ ခပ်တည်တည် ဝင်သွားသည်။
အစေခံများက စိတ်ထဲမှ ကဲ့ရဲ့လိုက်ကြသည်။ ဒီလို မောက်မာတဲ့သူက တတိယသခင်မလေးကို လိုက်နေတာလား အိမ်မက်မက်နေတာပဲ ဖြစ်မှာပါ ဟု တွေးနေကြသည်။
ထိုစဉ် ရန်ကျန့်ဖေးက အထဲမှ ပြန်ထွက်လာပြီး အေးစက်စွာ မေးလိုက်သည်။ "ကူးယွမ် ရောက်လာသေးလား" ကျန်းဆန်းက အမြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ခုလေးတင်ပဲ အထဲဝင်သွားပါတယ်"
ရန်ကျန့်ဖေးက နှာခေါင်းတစ်ချက်ရှုံ့ကာ အထဲသို့ ပြန်ဝင်သွားသည်။
ခဏအကြာတွင် မျက်ခုံးကောင်း နှုတ်ခမ်းလှလှနှင့် လှပချောမောသော ရှမုန့်ရွှယ်လျှောက်လာသည်။ အစေခံများက ညွှတ်တွတ်စွာ ဂါရဝပြုကြသည်။ သူမသည် အထဲသို့ ဝင်ခါနီးမှ ရပ်လိုက်ပြီး လှည့်မေးပြန်သည်။
"နေဦး ခုနက ကူးယွမ်ကို မြင်လိုက်မိလား"
"ဗျာ သခင်လေးကူးကိုလား"
အစေခံသုံးဦးစလုံး ကြောင်အသွားကြသည်။
ရန်ကျန့်ဖေးက ကူးယွမ်ကို ရှာတာကတော့ ရန်စစရာ ရှိလို့ဖြစ်နိုင်ပေမယ့် တတိယသခင်မလေးကပါ ဘာလို့ ကူးယွမ်ကို ရှာနေရတာလဲ။
ရန်ကျန့်ဖေး၏ မျက်နှာပျက်နေမှုနှင့် သခင်မလေး၏ စိတ်ဝင်စားမှုကို ဆက်စပ်တွေးတောမိပြီး သူတို့အားလုံး ဟင်း ခနဲ သက်ပြင်းချလိုက်ကြသည်။
သူတို့ရင်ထဲတွင် ထိတ်လန့်ဖွယ် ကောလာဟလတစ်ခု စတင်အသက်ဝင်လာပြီး ပတ်ဝန်းကျင် အပူချိန်ပင် ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
အတွင်းဘက်တွင် ကူးယွမ်သည် ကောင်တာတစ်ခုသို့သွားကာ သူ၏ကျင့်ကြံမှုအတွက် လိုအပ်သော ဆေးပုလင်းများကို ဝယ်ယူလိုက်သည်။
သူ၏ မြွေရစ်ပတ်ခြင်းစွမ်းရည်ကြောင့် အကြောသန့်စင်ခြင်းအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ယခုတစ်ခေါက် ခရီးစဉ်တွင် အင်းနိတ်ပညာရှင်များ၏ တိုက်ခိုက်မှုနှင့် မှော်လက်နက်များကို မြင်တွေ့ခဲ့ရသဖြင့် သူသည် ပိုမို ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း သိလိုက်ရသည်။
အထူးသဖြင့် အရိုးသန့်စင်ခြင်းအဆင့်ရှိသူများကို ရင်ဆိုင်နိုင်ရန် သူ၏ အစွမ်းမှာ လုံလောက်မှု မရှိသေးပေ။