အခန်း (၄၂) ကြက်သီးထဖွယ် သွေးစုပ်မျှော့များ
ဝေချွမ်း၏စကားများကို ကြားပြီးနောက် ကူးယွမ်နှင့် ယုတိန်ခန်းမဘက်မှ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်မှာ ဆွံ့အသွားကြပြီး ရင်ထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရသည်။
ဝေချွမ်းသည် လူကောင်းမဟုတ်သော်လည်း သူပြောသွားသည်မှာ မှန်ကန်နေသည်။
ယနေ့ဖြစ်ရပ်မှာ အလွန်ပင် ရှင်းလင်းလှသည်။ ဤခရီးစဉ်မှာ ယုတိန်ခန်းမ အဆင့်မြင့်လူကြီးများ၏ ထောင်ချောက်တစ်ခုသာဖြစ်ပြီး သာမန်အစောင့်များနှင့် ဆေးပင်ရှာဖွေသူများမှာ ထိုဂိမ်းထဲမှ အသုံးချခံ နယ်ရုပ်များသာ ဖြစ်သည်။
သူတို့ သေခြင်းရှင်ခြင်းက အရေးမကြီးဘဲ ဝေချွမ်းကို ဖမ်းဆီးထားနိုင်ဖို့ကသာ အဓိကဖြစ်သည် ဤလုပ်ရပ်မှာ အမှန်တကယ်ပင် စိတ်ပျက်ဖွယ် ကောင်းလှသည်။
ကူးယွမ်သည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်လိုက်သည်။ အချို့မှာ ခန္ဓာကိုယ် မပြည့်စုံတော့ဘဲ ဗိုက်ပွင့်ကာ အူများ ထွက်နေကြသည်။ အချို့မှာမူ ယင်ကောင်အဆိပ်ကြောင့် ပုပ်ပွနေသော ရွှံ့နွံများကဲ့သို့ ဖြစ်နေသည်။
ပင်ပန်းနွမ်းနယ်နေသော ကျိုးကျုံးပင်လျှင် လက်မောင်းတစ်ဖက် ရင်းနှီးလိုက်ရပြီး ကျန်လက်တစ်ဖက်ဖြင့် ပုဆိန်ကို အားကိုးတကြီး ကိုင်ကာ လဲကျလုနီးပါး ဖြစ်နေသည်။
ကူးယွမ်သည် ရင်ထဲ၌ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ အသေခံသွားသူများမှာ အချည်းနှီး သေဆုံးသွားခြင်းသာ ဖြစ်သည်။
နောက်ပိုင်းတွင် ယုတိန်ခန်းမက နစ်နာကြေးပေးမည်ဆိုဦးတော့ အသက်မရှိတော့လျှင် ငွေက ဘာအသုံးကျတော့မည်နည်း။
သူသည် ရန်ဟန်နှင့် အထွေထွေမန်နေဂျာ လော်ရှန့် တို့အပေါ် ထားရှိသော သတိဝီရိယမှာ ပို၍ မြင့်တက်လာသည်။
ယုတိန်ခန်းမမှာ အေးအေးဆေးဆေး နေထိုင်ရမည့်နေရာဟု သူထင်ခဲ့သော်လည်း ယခုတော့ အာဏာရှိသူများ၏ စကားတစ်ခွန်းအတွက် အောက်ခြေလူတန်းစားများက အသက်ပေးနေရသည့် နေရာမှန်း သိလိုက်ရပြီဖြစ်သည်။
ရန်ဟန်သည် ကူးယွမ်နှင့် အခြားသူများ၏ မျက်နှာပျက်နေသည်ကို သတိပြုမိလိုက်သဖြင့် အဖွဲ့သားများ စိတ်ဝမ်းမကွဲစေရန် အမြန်ဖျောင်းဖျလိုက်သည်။
အားလုံးပဲ ဟိုလူပြောတာတွေကို မယုံကြနဲ့။ ဒီနေ့ဖြစ်ရပ်က မတော်တဆမှု သက်သက်ပါပဲ။ အဲဒီလူကို သတ်နိုင်ရင် လူတစ်ယောက်ကို ငွေစင် ၅၀ စီ ဆုချမယ်လို့ ငါအာမခံတယ်။
သေဆုံးသွားသူတွေရဲ့ မိသားစုကိုလည်း ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးမှာပါ။
မတော်တဆမှုဟုတ်လား ဒါဆိုရင် မင်းက ဘာလို့ မသေတာလဲ ကူးယွမ်က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
ယုတိန်ခန်းမဘက်တွင် အဆင့်မြင့်လူကြီးများကို ဖယ်လိုက်လျှင် အသက်ရှင်ကျန်ရစ်သူ ၅ ယောက်ထက် မပိုတော့ပေ။
"ဝေချွမ်း မင်းရဲ့ဒဏ်ရာတွေကို အအေးမိပိုးဖလံဂူနဲ့ ခဏပဲ ဖိနှိပ်ထားနိုင်တာ ငါသိတယ်။ မင်းသာ အခု လက်နက်ချရင် အသက်ချမ်းသာပေးဖို့ ငါကတိပေးတယ်" ဟု လော်ရှန့်က ပြောလိုက်သည်။
သို့သော် ဝေချွမ်းမှာ အင်းနိတ်ကျင့်ကြံမှုတွင် သူတို့ထက် သာလွန်နေသဖြင့် အမှန်တကယ် သတ်နိုင်ရန်မှာ မလွယ်ကူမှန်း သူသိသည်။
"လက်နက်ချရမယ်" ဝေချွမ်းက လှောင်ပြောင်လိုက်သည်။
မင်းက ငါ့ကို လက်နက်ချခိုင်းဖို့ မထိုက်တန်သေးဘူး.အဘိုးကြီးမိုနဲ့ လော်ရှန့် ဒီနေ့ မင်းတို့ ပေးခဲ့တဲ့ လက်ဆောင်တွေကို ငါမှတ်ထားမယ် နောက်တစ်ခါ တွေ့ရင် မင်းတို့ကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ပစ်မယ်။
ပြောပြီးသည်နှင့် ဝေချွမ်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ပူဖောင်းတစ်ခုကဲ့သို့ ကွဲအက်ကာ ပျောက်ကွယ်သွားတော့သည်။
၎င်းမှာ တစ္ဆေလိပ်ပြာကို အသုံးပြု၍ ထွက်ပြေးသွားခြင်း ဖြစ်သည်။
ဝေချွမ်း ပျောက်ကွယ်သွားပြီးနောက် ရန်ဟန်၏ မျက်နှာမှာ ရုတ်တရက် ဖြူဖတ်ဖြူလျော် ဖြစ်လာသည်။ သူ၏ အင်္ကျီကို မလှန်ကြည့်လိုက်ရာ ဗိုက်ပေါ်တွင် လက်သီးဆုပ်ခန့်ရှိသော စိမ်းဖန့်ဖန့် မျှော့ကြီးများ တွယ်ကပ်၍ သွေးစုပ်နေသည်ကို တွေ့လိုက်ရသဖြင့် ကြက်သီးများပင် ထသွားတော့သည်။
သူသည် ထိုမျှော့များကို ဆွဲခွာလိုက်ရာ သွေးများ ပန်းထွက်လာပြီး အားအင်ကုန်ခမ်းကာ လဲကျသွားတော့သည်။
"သွေးစုပ်အဆိပ်မျှော့ပဲ"
အဘိုးကြီးမိုနှင့် လော်ရှန့်တို့လည်း ထိတ်လန့်သွားကာ မိမိတို့ ကိုယ်ပေါ်တွင် ဂူပိုးမွှားများ ရှိမရှိ အမြန်စစ်ဆေးကြရသည်။
လော်ရှန့်မှာလည်း သူ၏ခြေထောက်တွင် အဆိပ်ရှိသော ပိုးကောင်တစ်ကောင်ကို တွေ့သဖြင့် အမြန်သတ်ပစ်လိုက်ရသော်လည်း အဆိပ်ကြောင့် ခြေထောက်မှာ ထုံကျင်လာတော့သည်။
သူသည် အဆိပ်ဖြေဆေးကို အမြန်သောက်ကာ ကျင့်ကြံအားဖြင့် အဆိပ်ထုတ်ရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် ဓားပြခေါင်းဆောင် သံကျားမှာ လူအများ အာရုံပျံ့လွင့်နေသည်ကို အခွင့်ကောင်းယူကာ သူ၏ အပေါင်းအပါများကိုပင် ထားခဲ့၍ အဝေးသို့ ထွက်ပြေးသွားတော့သည်။ သို့သော် လက်ရှိတွင် မည်သူမျှ သူ့နောက်သို့ လိုက်ရန် အချိန်မရှိကြတော့ပေ။