အခန်း (၄၁) ချောင်းမြောင်းတိုက်ခိုက်ခြင်း
ကူးယွမ်သည် သူ၏လက်မောင်းပေါ်ရှိ အဆိပ်ရည်များကို သူတစ်ပါးသတိမထားမိစေရန် အမြန်သုတ်ပစ်လိုက်ပြီး မဆိုင်းမတွပင် နောက်သို့ ဆုတ်ခွာလိုက်သည်။
ယနေ့ဖြစ်ရပ်များမှာ သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေပြီး အလွန်ပင် ထူးဆန်းလှသည်။
ဝေချွမ်းဘက်က အသာစီးရနေပုံရသော်လည်း ရန်ဟန်တို့ဘက်ကလည်း သာမန်မဟုတ်ပေ။ အနည်းဆုံးတော့ အစောင့်များထဲတွင် လှုပ်ရှားမှုမရှိသေးသော အင်းနိတ်ကိုယ်ခံပညာရှင်တစ်ဦး ရှိနေသေးသည်ကို ကူးယွမ် မှတ်မိနေသည်။
အခြေအနေမှာ အလွန်အန္တရာယ်များသဖြင့် သူကဲ့သို့ အဆင့်နိမ့်သူတစ်ဦးအဖို့ ဝေးဝေးမှာနေခြင်းကသာ အကောင်းဆုံးဖြစ်သည်။ အသက်ရှင်ဖို့က အရေးကြီးဆုံး မဟုတ်ပါလား။
ဆုတ်ခွာနေရင်း ကူးယွမ် လှမ်းကြည့်လိုက်ရာ အလောင်းစားယင်ကောင်အုပ်ကြီးမှာ အဘိုးကြီးမိုကို ဝိုင်းရံထားသော်လည်း အဘိုးကြီးမို၏ အဖြူရောင်အလင်းဒိုင်းမှာမူ တုန်လှုပ်ခြင်းမရှိပေ။
"ဟွန်း" ဝေချွမ်းက နှာခေါင်းရှုံ့လိုက်ပြီး
"ပေါက်ကွဲစမ်း" ဟု အမိန့်ပေးလိုက်သည်။
ဖုန်း... ဖုန်း... ဖုန်း ယင်ကောင်များမှာ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားပြီး စားပစ်နိုင်သော အဆိပ်ရည်များကို အလင်းဒိုင်းပေါ်သို့ ပန်းထုတ်လိုက်ကြသည်။ အလင်းဒိုင်းမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် အဘိုးကြီးမိုသည် အဖြူရောင် ကျောက်စိမ်းရုယီတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းပေါ်မှ ထွက်ပေါ်လာသော ဖိအားမှာ အလွန်ပင် ကြီးမားလှသည်။
သူက ကျောက်စိမ်းရုယီကို တစ်ချက်လှုပ်ယမ်းလိုက်ရုံဖြင့် အလင်းဒိုင်းမှာ ယခင်ကထက် ပိုမိုတောက်ပပြီး ခိုင်ခံ့သွားတော့သည်။
"ကျောက်စိမ်းရုယီပါလား" ဝေချွမ်းက လှောင်ပြောင်လိုက်သည်။ လူတွေပြောသလိုပဲ အသက်ကြီးလေ သေမှာကြောက်လေပဲ။
ဒါပေမဲ့ ဒါကခုခံဖို့ပဲသုံးလို့ရတဲ့ လိပ်ခွံတစ်ခုပဲလေ ပျံသန်းဓားလို တိုက်စစ်ဆင်နိုင်တဲ့ မှော်လက်နက်မှ မဟုတ်တာ။
ဝေချွမ်းသည် အေးစက်သော အပြာရောင် အင်းနိတ်ချီဖြင့် အလင်းဒိုင်းကို ရေခဲရိုက်ရန် ကြိုးစားလိုက်သည်။
"ဟုတ်လို့လား" အဘိုးကြီးမိုက မကြောက်မရွံ့ဘဲ သူ၏လက်စွပ်ထဲမှ သံအပ်များစွာကို ပစ်လွှတ်လိုက်သည်။
ထိုအပ်များမှာ လေထုနှင့် ပွတ်တိုက်မိကာ မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး ပူပြင်းလှသော အပူရှိန်ကို ထုတ်လွှတ်နေသည်။
ဝေချွမ်းသည် ရေခဲနံရံဖြင့် ကာကွယ်လိုက်သော်လည်း အပ်အချို့ကို ရှောင်တိမ်းလိုက်ရသည်။
ထိုစဉ်မှာပင် ဝေချွမ်း၏ အနီးသို့ ယင်ကောင်များ၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရသော အစောင့်တစ်ဦးမှာ ပျာပျာသလဲ ပြေးလာသည်။
ဝေချွမ်းက ထိုကံဆိုးသူကို သတ်ရန်ပြင်လိုက်သော်လည်း ထိုအစောင့်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုမရှိဘဲ တည်ငြိမ်အေးစက်နေသည်ကို တွေ့လိုက်ရသဖြင့် "မကောင်းတော့ဘူး" ဟု ရိပ်မိသွားသည်။
သို့သော် နောက်ကျသွားပြီဖြစ်သည်။ ထိုအစောင့်မှာ ရှေ့သို့ တစ်လှမ်းတိုးကာ လက်ဝါးဖြင့် ဝေချွမ်း၏ ရင်ဘတ်ကို အရှိန်ပြင်းစွာ ရိုက်ချလိုက်သည်။ ထိုလက်ဝါးမှာ ပုံမှန်ထက် ကြီးထွားလာပြီး အစိမ်းပုပ်ရောင် အလင်းများ ထွက်ပေါ်နေသည်။
ဖြောင်း
ဝေချွမ်း၏ ရင်ဘတ်ရှိ နံရိုးများမှာ ကျိုးကြေသွားပြီး သူကိုယ်တိုင်လည်း ပေ ၃၀ ကျော်အကွာသို့ လွင့်စင်သွားကာ သွေးများ အန်ထုတ်လိုက်ရသည်။
"ဟွတ်... ဟွတ်... ကောင်းတယ် ကောင်းတဲ့ လက်ဝါးချက်ပဲ" ဝေချွမ်းက အားယူကာ ထလိုက်သည်။ သူ၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားသော်လည်း ခဏအကြာတွင် အရိုးများမှာ ပူဖောင်းတစ်ခုကဲ့သို့ ပြန်လည် ပြည့်တက်လာပြီး မူလအတိုင်း ဖြစ်သွားတော့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ကူးယွမ်မှာ အံ့ဩသွားရသည်။ "အင်းနိတ်ပညာရှင်တွေရဲ့ ရှင်သန်နိုင်စွမ်းက တကယ့်ကို ကြောက်စရာကောင်းတာပဲ ဒါက လူသားတစ်ယောက်ရဲ့ အဆင့်ကို ကျော်လွန်နေပြီ"
တိုက်ခိုက်လိုက်သော အစောင့်မှာ သူ၏ မျက်နှာဖုံးကို ခွာလိုက်ရာ ယုတိန်ခန်းမ၏ အထွေထွေမန်နေဂျာ လော်ရှန့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"လော်ရှန့်လား" ဝေချွမ်းက သွားကြိတ်ရင်း ပြောလိုက်သည်။
"ရှမင်းယန်က မင်းကိုတောင် လွှတ်လိုက်တာလား ဒါဆိုရင် နဂါးသွေးနွယ်ပင် သတင်းက ငါ့ကိုဖမ်းဖို့တမင်ဖြန့်ထားတဲ့ ထောင်ချောက်ပေါ့"
ဝေချွမ်းက ဒေါသတကြီးဖြင့် ဆက်ပြောသည် "ဒါပေမဲ့ မင်းတို့ ယုတိန်ခန်းမကလည်း တော်တော်ရက်စက်တာပဲ ငါ့ကိုသတ်ဖို့အတွက် မင်းတို့ရဲ့လက်အောက်ငယ်သားတွေ အကုန်လုံး အသေခံခိုင်းပြီး ထောင်ချောက်ဆင်ရဲတယ်ပေါ့ ဒီလုပ်ရပ်က ငါတို့ ဂူနတ်ဘုရားဂိုဏ်းနဲ့တောင် တူနေပြီ"