အခန်း (၃၅) အသွင်ပြောင်းလဲမှု
ကူးယွမ်၏ စကားအဆုံးတွင် အရင်က အဟွမ်နှင့် အဝူတို့ကို ယဉ်ပါးစဉ်ကကဲ့သို့ပင် သူ၏ စိတ်စွမ်းအင်များမှာ တစ်စုံတစ်ခုသော အင်အားကြောင့် ဆွဲထုတ်ခံလိုက်ရပြီး ထူးဆန်းသော အလင်းတန်းများ တောက်ပနေသည့် လျှို့ဝှက်အဆောင်လက်ဖွဲ့တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။
ထိုအဆောင်လက်ဖွဲ့သည် ပါးစပ်ကြီးမြွေ၏ ခေါင်းပေါ်သို့ ကျရောက်သွားပြီးနောက် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားတော့သည်။
ထို့နောက် စနစ်၏ အကြောင်းကြားစာ ပေါ်လာသည်။
ယဉ်ပါးခြင်းအောင်မြင်သည် သင်သည် ဝိညာဉ်သားရဲ ပါးစပ်ကြီးမြွေကို ရရှိပြီဖြစ်သည်။
အမည်: ပါးစပ်ကြီးမြွေ (အစိမ်းရောင်အဆင့်)
မိတ်ဆက်: ထူးခြားသော အဆိပ်မရှိမြွေမျိုးဖြစ်သည်။ ခန္ဓာကိုယ် သွယ်လျသော်လည်း အလွန်ပင် ပျော့ပျောင်းပြီး အားအင်ကြီးမားသည် ရက်စက်သော သဘာဝရှိပြီး သားကောင်ကို ရစ်ပတ်ခြေမွပြီးမှ တစ်ကိုယ်လုံး မျိုချတတ်သည်။
အစားအလွန်မက်သဖြင့် တစ်ခါတစ်ရံ ဗိုက်ပေါက်ထွက်သည်အထိ စားတတ်သည်။
စွမ်းအင်မျိုမြွေအဖြစ် ဆင့်ကဲပြောင်းလဲရန်အတွက် အကောင်ကြီးအဆင့်သို့ ရောက်ရှိရန်နှင့် တာအိုအမှတ် ၁၀၀၀ လိုအပ်သည်။
အခြေအနေ: ပုံမှန်
အဆင့်: ကြီးထွားမှုကာလ (၅၃%)
သင်သည် ပါးစပ်ကြီးမြွေ၏စွမ်းရည် - မြွေရစ်ပတ်ခြင်းကို ရရှိသည်။
ယဉ်ပါးပြီးနောက် ပါးစပ်ကြီးမြွေသည် ကူးယွမ်၏ လက်မောင်းမှတစ်ဆင့် လည်ပင်းအထိ တွားတက်လာသည်။ ၎င်းသည် ကူးယွမ်၏ ပါးကို ခေါင်းဖြင့် ပွတ်သပ်ကာ အဖော်လုပ်နေပုံရသည်။
မကြာမီမှာပင် ၎င်းသည် ကူးယွမ်၏ လက်မောင်းတွင် မီးခိုးဖြူရောင် ကြိုးတစ်ချောင်းကဲ့သို့ ငြိမ်သက်စွာ ခွေနေတော့သည်။
"မြွေရစ်ပတ်ခြင်းစွမ်းရည်လား ဒါက ဘယ်လို စွမ်းရည်မျိုးလဲ" ကူးယွမ်က ဇဝေဇဝါ ဖြစ်သွားသည်။ ပုံမှန်အားဖြင့် မြွေများသည် အန္တရာယ်ရှိလျှင် သို့မဟုတ် သားကောင်ဖမ်းလျှင် ခွေနေတတ်သည်မှာ သဘာဝပင်။ ဒါကို စွမ်းရည်ဟု ခေါ်နိုင်ပါမည်လော။
သို့သော် မကြာမီမှာပင် ကူးယွမ် နားလည်သွားသည်။ ပြင်းထန်သော နာကျင်မှုနှင့် ထုံကျဉ်မှုများမှာ သူ၏ အရိုးအဆစ်နှင့် ကြွက်သားများထဲမှ လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ဤနာကျင်မှုမှာ သူ၏ အရိုး၊ အကြောနှင့် ကြွက်သားများကို တစ်ခုချင်းစီ ခွဲထုတ်၊ ဆွဲဆန့်ကာ ပြန်လည်ချုပ်လုပ်နေသကဲ့သို့ ပြင်းထန်လှသည်။
နာကျင်မှုနှင့်အတူ သူ၏ အရိုးအကြောများမှာ ပို၍ပူနွေးလာပြီး တစ်စုံတစ်ခုသော အသွင်ပြောင်းလဲမှုကို ခံယူနေရသည်။
သူ၏ စိတ်ထဲတွင်လည်း ပါးစပ်ကြီးမြွေတစ်ကောင်၏ အမဲလိုက်ပုံ၊ ရစ်ပတ်ပုံနှင့် အမူအရာများမှာ ရုပ်ရှင်ကားတစ်ကားကဲ့သို့ ဖျတ်ခနဲ ပေါ်လာသည်။
ကူးယွမ်သည် ထိုခံစားချက်ထဲတွင် စီးမျောသွားပြီး မြွေတစ်ကောင်၏ သဘာဝကို အမှန်တကယ် နားလည်သွားတော့သည်။
အေးစက်ခြင်း၊ ကောက်ကျစ်ခြင်း၊ ရက်စက်ခြင်းနှင့် အနီးကပ်တိုက်ခိုက်မှုတွင် ကျွမ်းကျင်ခြင်း။
အချိန်အနည်းငယ်ကြာပြီးနောက် နာကျင်မှုများ ပျောက်ကွယ်သွားသည်။ ကူးယွမ် ထိုင်နေရာမှ ထလိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်သွားသလို ထင်ရသော်လည်း ကြွက်သားလိုင်းများမှာ ပို၍ ကျစ်လျစ်ပြီး လျင်မြန်ဖြတ်လတ်သော အသွင်ကို ဆောင်နေသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ခန္ဓာကိုယ်အတွင်းမှ အားအင်များမှာ လှိုင်းသဏ္ဌာန် စီးဆင်းသွားပြီး။
ဖြောင်း
လေထုကို ကြာပွတ်ဖြင့် ရိုက်လိုက်သကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒီခံစားချက် ငါက သွေးကြောသန့်စင်ခြင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်တော့မှာပဲ" ကူးယွမ် အံ့ဩဝမ်းသာ ဖြစ်သွားသည်။
သူ၏ ခန္ဓာကိုယ်မှာ အလွန်ပင် ပျော့ပျောင်းလာပြီး ယခင်က မလုပ်နိုင်ခဲ့သော ခက်ခဲသည့် လှုပ်ရှားမှုများကို အလွယ်တကူ လုပ်နိုင်လာသည်။ ဥပမာသူ၏ လက်မောင်းများကို ကြိုးတစ်ချောင်းကဲ့သို့ ရစ်ပတ်ထားနိုင်ခြင်းမျိုး ဖြစ်သည်။
ဤ မြွေရစ်ပတ်ခြင်းစွမ်းရည်သည် သူ့အား အရိုးအကြောများ၏ ပျော့ပျောင်းမှုကို ပေးစွမ်းရုံသာမက ခန္ဓာကိုယ်ကို ပိုမိုထိန်းချုပ်နိုင်စွမ်းကိုလည်း ပေးစွမ်းလိုက်ခြင်း ဖြစ်သည်။
ကူးယွမ်သည် သူ၏ ဓားကို ထုတ်ယူလိုက်သည်။
ချွတ်
ဝိညာဉ်မြွေသန်လျက်သိုင်း၏ ကွက်ကွက် ကွင်းကွင်း မြင်သာသော လှုပ်ရှားမှုများမှာ သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
သူ ဓားကို လေ့ကျင့်သောအခါ ယခင်ကထက် ပို၍ လျင်မြန်ပြီး ရက်စက်လှသော ဓားချက်များ ထွက်ပေါ်လာသည်။
ဓားချက်တိုင်းမှာ အဆိပ်ရှိသော မြွေတစ်ကောင် လျှာထုတ်လိုက်သကဲ့သို့ ခန့်မှန်းရခက်ပြီး လိမ္မာပါးနပ်လှသည်။
ယခုဆိုလျှင်သူသည်ဤဓားသိုင်း၏အနှစ်သာရကိုအမှန်တကယ်ဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်သည်။သူ၏ကျင့်ကြံမှုအဆင့်အတန်းနှင့်ခန္ဓာကိုယ်အခြေခံမှာလည်းတစ်ဟုန်ထိုးတိုးတက်လာခဲ့လေပြီ။