အခန်း (၃၃) မြွေဖမ်းသမား
ချင်းလူမြို့နယ်သည် တောင်ခြေတွင် တည်ရှိပြီး မလှမ်းမကမ်းတွင် တောင်တန်းကြီးများ အစဉ်လိုက်ရှိနေသည်။
လမ်းမပေါ်တွင် ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများဖြင့် စည်ကားနေပြီး ပေါက်စီ၊ အသားပိုင်နှင့် ဝမ်တန်ဟင်းရည်နံ့များမှာ လမ်းတစ်လျှောက် မွှေးပျံ့နေသည်။
ကူးယွမ်သည် လမ်းဘေးရှိ မုဆိုးအချို့ကို အကဲခတ်နေစဉ် သူ၏ရင်ဘတ်ထဲသို့ နှိုက်လာသော လက်တစ်ဖက်ကို ဖမ်းကိုင်လိုက်သည်။
ကြည့်လိုက်သောအခါ အရပ်မှာ သူ၏ မေးစေ့ခန့်သာရှိပြီး မျောက်တစ်ကောင်ကဲ့သို့ ပိန်ပိန်ညှောင်ညှောင်နှင့် ညစ်ပတ်နေသော လူငယ်လေးတစ်ဦး ဖြစ်နေသည်။
ကူးယွမ်က အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြုံးလိုက်ရင်း"နှိုက်တာလား"
"ဖယ်စမ်း ငါက နှိုက်တာမဟုတ်ဘူး ဘာလို့ ငါ့ကို ဖမ်းထားတာလဲ ငါက ငယ်သေးလို့ စွပ်စွဲတာလား" ထိုသူခိုးလေးမှာ အသက် ၁၃၊ ၁၄ နှစ်ခန့်သာ ရှိသေးသော်လည်း လက်ပူးလက်ကြပ် မိထားသည်ကိုပင် မကြောက်ဘဲ ပြန်အော်နေသည်။
"အခုလွှတ် မဟုတ်ရင် လူခေါ်အော်လိုက်မှာနော်"
ကူးယွမ်၏ လက်မှာ သံညှပ်ကဲ့သို့ မြဲမြံလှသဖြင့် ထိုသူခိုးလေး ရုန်း၍မရပေ။
မလှမ်းမကမ်းတွင်လည်း ထိုသူခိုး၏ အပေါင်းအဖော်ဟု ယူဆရသော လူသန်ကြီးနှစ်ဦးက ခါးကြားမှ လက်နက်များကို စမ်းရင်း ရန်လိုစွာ တိုးလာနေသည်။ လမ်းသွားလမ်းလာများမှာ ပြဿနာထဲ မပါချင်သဖြင့် ရှောင်ဖယ်သွားကြသည်။
ခွပ်
ကူးယွမ်က သူခိုးလေး၏ ဒူးခေါက်ကွေးကို ကန်ချလိုက်ရာ သူခိုးလေးမှာ ဒူးထောက်ကျသွားပြီး သူကိုင်ထားသော ချွန်ထက်သည့် သံစတစ်စမှာလည်း မြေပေါ်သို့ ပြုတ်ကျသွားသည်။
"မင်းက သူခိုးဆိုတော့ ဒီနယ်မြေအကြောင်း ကောင်းကောင်းသိမှာပဲ မဟုတ်လား" ကူးယွမ်က မေးလိုက်သည်။
ကူးယွမ်သည် ဤသူခိုးလေးမှာ နယ်မြေခံ ဂိုဏ်းငယ်လေးတစ်ခုမှ ဖြစ်မှန်း သိထားသည်။
သူသည် အိတ်ထဲမှ ငွေစတစ်ခုကို ထုတ်ယူကာ မြေပေါ်သို့ ပစ်ချလိုက်ပြီး ငါ့ကို ဒီမြို့ထဲက ဝါရင့်မြွေဖမ်းသမားတစ်ယောက်ဆီ လိုက်ပို့ပေး အလုပ်ဖြစ်ရင် မင်းကို ဆုလာဘ် ထပ်ပေးမယ်။
မင်းသာ မလုပ်နိုင်ရင်တော့ ငါ့ငွေကို ငါပြန်ယူမယ် ပြီးတော့ ငါ့ကို နှိုက်ခဲ့တဲ့ မင်းရဲ့ လက်ချောင်းတွေကိုလည်း မေ့ထားလိုက်တော့ လုပ်နိုင်မလား မလုပ်နိုင်ရင် တခြားလူ ရှာမယ်။
"လုပ်နိုင်ပါတယ် လုပ်နိုင်ပါတယ် ခင်ဗျာ" သူခိုးလေးမှာ နာနေသော ဒူးကိုပင် ဂရုမစိုက်တော့ဘဲ ငွေစကို အငမ်းမရ ကောက်ယူလိုက်ပြီး ချက်ချင်းပင် အမူအရာ ပြောင်းသွားတော့သည်။
"သခင်လေး စိတ်ချပါ ကျွန်တော်က ဒီလမ်းကြောင်းမှာ ကျွမ်းကျင်ပြီးသားပါ။ သခင်လေး လူမှန်ကို ရှာမိတာပဲ ကျွန်တော် အကောင်းဆုံး စီစဉ်ပေးပါ့မယ်"
သူခိုးလေးသည် ကူးယွမ်ကို မြို့၏ အနောက်မြောက်ဘက် စွန်ဖျားရှိ ဟောင်းနွမ်းသော အိမ်ဝင်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာမှာ အတော်ပင် လူသူကင်းမဲ့လှသည်။
"အဖိုးမျက်လုံးတစ်ဖက်ရှိလား လူတစ်ယောက် ခင်ဗျားကို ရှာနေတယ် မြန်မြန်ထွက်ခဲ့ဦး" သူခိုးလေးက အိမ်ဝင်းထဲမှ အော်ဟစ်လိုက်သော်လည်း အခန်းထဲသို့ ဝင်ရန်တော့ မဝံ့ရဲပေ။
ကူးယွမ်၏ အာရုံခံစားမှုအရ အိမ်ဝင်းအတွင်းရှိ အိုးအချို့ထဲတွင် မြွေခေါင်းများ ထွက်ပေါ်နေပြီး သူတို့ကို စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
"ဟင်း ငါလို လူပျိုကြီး သားသမီးမရှိ ဆွေမျိုးမရှိတဲ့သူကို ဘယ်သူက အားယားနေလို့ လာရှာတာလဲ" မှောင်မည်းနေသော အခန်းထဲမှ အသံထွက်ပေါ်လာပြီးနောက် ကျောကုန်းကုန်း မျက်နှာပျက်ပျက်နှင့် အဘိုးကြီးတစ်ဦး ထွက်လာသည်။
သူ၏ မျက်လုံးတစ်ဖက်မှာ ကွယ်နေသော်လည်း ကျန်မျက်လုံးတစ်ဖက်မှာမူ အလွန်ပင် စူးရှလှသည်။
"လူငယ်လေး မင်း ငါ့ကို ဘာကိစ္စရှာတာလဲ"
ကူးယွမ်က သူခိုးလေးကို ကြေးပြားအချို့ပေး၍ ပြန်လွှတ်လိုက်ပြီးနောက် အဘိုးကြီးကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"အဘိုး ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ"
"မြွေနဲ့ ပတ်သက်တာလား" အဖိုးမျက်လုံးတစ်ဖက်က မေးလိုက်သည်။
"ဟုတ်ပါတယ်" ကူးယွမ်က ခေါင်းညိတ်ရင်း "ဒီချင်းလူမြို့နယ် အနီးအနားမှာ ဘယ်လိုမြွေမျိုးတွေ ရှိသလဲ သူတို့ရဲ့ အလေ့အထနဲ့ ထူးခြားချက်တွေကို သိချင်လို့ပါ"
"ဒါတွေကို ဘာလို့ မေးတာလဲ" အဘိုးကြီး၏ လေသံမှာ အေးစက်နေဆဲ ဖြစ်သည်။
"ပြီးတော့ မင်းရဲ့ ကျောပိုးအိတ်ထဲမှာ ဘာကို ဝှက်ထားတာလဲ"
ကူးယွမ် ခေတ္တအံ့ဩသွားပြီးနောက် ရယ်မောလိုက်သည်။ "အဘိုးက တကယ်ပဲ တော်တာပဲ၊ ဒါကိုတောင် သိတာလား"
ကျိ... ကျိ... ကျိ
စကားပြောနေစဉ်မှာပင် ကူးယွမ်၏ ကျောပိုးအိတ်ထဲမှ အမွေးအမှင် တလက်လက်တောက်ပနေသော ကြွက်အမည်းကြီးတစ်ကောင် ထွက်လာပြီး ကူးယွမ်၏ ပုခုံးပေါ်သို့ တက်ထိုင်လိုက်သည်။
၎င်းမှာ ကူးယွမ်၏ ဝိညာဉ်သားရဲ သံသွားကြွက်ပင် ဖြစ်သည်။ အဟွမ်မှာ ကြောင်တစ်ကောင်နီးပါး ကြီးမားပြီး ၎င်း၏ ခြေသည်းနှင့် သွားများမှာ အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေသည်။
"သံသွားကြွက် လား" အဘိုးကြီး၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသော်လည်း လေသံတွင်မူ အံ့ဩမှု အနည်းငယ် ပါဝင်နေသည်။
"မင်းက ဒီလိုအကောင်မျိုးကို မွေးထားတာလား"
အဘိုးက တကယ့်ကို အမြင်ကျယ်တာပဲ အမှန်အတိုင်း ပြောရရင် ကျွန်တော်က ငယ်ငယ်ကတည်းက ဒီလိုတိရစ္ဆာန်လေးတွေကို ချစ်တတ်လို့ပါ။
ဒီတောင်ပေါ်မှာ အဆိပ်ရှိတဲ့သားရဲတွေ ပေါတယ်ဆိုလို့ မြွေတစ်ကောင်လောက်ကို ဝိညာဉ်သားရဲအဖြစ် မွေးချင်လို့ လာမေးတာပါ။
အဘိုးက မြွေဖမ်းသမား ဖြစ်သလို မြွေကိုလည်း ချစ်တဲ့သူဆိုတာ ကျွန်တော် သိပါတယ်။
ကူးယွမ်က အိမ်ဝင်းအတွင်းရှိ မြွေအိုးများကို ဝေ့ကြည့်လိုက်ရင်း လေးလေးစားစား ပြောလိုက်သည်။
"ဒါကြောင့်အဘိုးရဲ့လမ်းညွှန်မှုကိုတောင်းခံချင်ပါတယ်"