အခန်း (၂၄) ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်း
ကူးယွမ်သည် သူ၏လည်ပင်းကို မသိစိတ်ဖြင့် ကုတ်လိုက်ရာ အရေပြားအလွှာပါးလေးတစ်ခု ကွာကျလာသည်ကို တွေ့လိုက်ရသည်။
ဟင် အညှိတွေလား မဟုတ်ဘူး ဒါက အရေဟောင်းခွာပြီး အရေသစ်လဲတာပဲ။
သူသည် လက်မောင်းကို ပွတ်ကြည့်လိုက်ရာ အပေါ်ယံအရေပြားများ ကွာကျသွားပြီး ပိုမိုဖြူစင်နုနယ်သော အရေပြားသစ်များ ပေါ်ထွက်လာသည်။
ကူးယွမ်သည် အဝတ်အစားများကို ချွတ်ကာ တစ်ကိုယ်လုံးကို ပွတ်တိုက်ပစ်လိုက်သည်။
"ဒါက မြွေအရေခွံလဲတာနဲ့ အတော်တူတာပဲ။"
အဝတ်အစားများ ပြန်ဝတ်ပြီးနောက် သူသည် ကိုယ်လက်လှုပ်ရှားကြည့်ရာ အရင်ကထက် ပိုမိုဖျတ်လတ်လာပြီး ခန္ဓာကိုယ်မှာလည်း ပို၍ ပျော့ပျောင်းလာသည်။ သူ၏ အာရုံငါးပါးမှာလည်း ပိုမိုထက်မြက်လာကာ စိတ်ကြည်လင်နေတော့သည်။
"ရွှေမြွေဝိညာဉ်စုပ်ယူခြင်း ကျင့်စဉ်" သည် မြွေထူးမြွေဆန်းများကို အတုယူဖန်တီးထားခြင်းဖြစ်ရာ မြွေ၏ဝိသေသအချို့ ပါဝင်နေသည်။
ဤကျင့်စဉ်ကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်လျှင် အရိုးအဆစ်နှင့် ကြွက်သားများကို ကျုံ့နိုင်ဆန့်နိုင်သဖြင့် လူကြီးတစ်ယောက်၏ ကိုယ်လုံးကို ကလေးတစ်ယောက် အရွယ်အထိ သေးသိမ်သွားအောင် လုပ်ဆောင်နိုင်သည်။
ယခုအခါ ကူးယွမ်၏ ခန္ဓာကိုယ်မှာ အရင်ကထက် အနည်းငယ် ပိန်ပါးသွားသလို ထင်ရသော်လည်း ကြွက်သားအမြောင်းလိုက်မှာ ပိုမိုကျစ်လျစ်ကာ အားမာန်အပြည့် ရှိနေသည်။
"တကယ်ကို ကောင်းမွန်တဲ့ ခံစားချက်ပဲ"
သူသည် စနစ်ကို ခေါ်ယူကြည့်လိုက်ရာ
သားရဲသခင်: ကူးယွမ်
ဝိညာဉ်သားရဲများ: သံသွားကြွက် (အားဟွမ်) ၊ သံကျောကုန်း ကင်းခြေများ (အားဝူ)
ထပ်မံယဉ်ပါးနိုင်သော အရေအတွက်: ၁ ကောင်
ကျင့်ကြံမှုအဆင့်: ကိုယ်ခံပညာရှင် (အရေပြားသန့်စင်ခြင်းအဆင့်)
တာအိုဒိုင်အမှတ်: ၂၃၀
သူသည် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်လာပြီဖြစ်သဖြင့် သားရဲတစ်ကောင် ထပ်မံယဉ်ပါးခွင့်တစ်ခု တိုးလာသည်ကို တွေ့ရသည်။
အရေပြားသန့်စင်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ နောက်ထပ်တက်လှမ်းဖို့က မလွယ်တော့ဘူး အခုတော့ အိမ်ပြန်ပြီး ပြဿနာအချို့ကို ရှင်းရမယ်။
ကူးယွမ်သည် အားဟွမ်ကို ခေါ်၍ ချိုင့်ဝှမ်းထဲမှ ထွက်လာခဲ့သည်။ သူသည် ဒုံကွေ့ နှင့် ဆွန်အာတို့ကို တိတ်တဆိတ် စောင့်ကြည့်ခိုင်းထားရာ မနေ့ညက မြို့ပေါ်မှလူအချို့ ဒုံကွေ့၏အိမ်သို့ ရောက်လာကြောင်း သိလိုက်ရသည်။ ထိုသူများမှာ ချန်အိမ်တော်မှ ဖြစ်ရမည်။
ရွာထိပ်သို့ ရောက်သောအခါ အသက် ၇ နှစ်အရွယ် ကလေးလေး ဆွန်ကျုံးက သူ့ကို စောင့်နေသည်။ ဆွန်ကျုံးမှာ ကူးယွမ်တို့ဆီမှ ဆန်ချေးဖူးသော မုဆိုးမဆွန်၏ သားဖြစ်ပြီး ကူးယွမ်အတွက် သတင်းထောက်အဖြစ် ကူညီပေးနေသူ ဖြစ်သည်။
"အစ်ကိုယွမ် အစ်ကို့အိမ်ကို လူတွေ ရောက်နေတယ်" ဟု ကလေးငယ်က အပြေးအလွှား ပြောပြသည်။ လူ ၃ ယောက်ဖြစ်ပြီး လူငယ် ၂ ယောက်နှင့် ပိုးအင်္ကျီဝတ်ထားသော လူကြီးတစ်ယောက် ဖြစ်ကြောင်း သိရသည်။
ကူးယွမ် အိမ်ရှေ့သို့ ရောက်သောအခါ ရွာသားများမှာ စုရုံးကြည့်ရှုနေကြပြီး တီးတိုးပြောဆိုနေကြသည်။
"အယွမ် မြန်မြန်သွားကြည့်ဦး မြို့က သူဌေးကြီးတွေ ရောက်နေတယ်"
"ဟိုတစ်ခေါက်ကလာတဲ့ ချန်အိမ်တော်က ဝူကြီးကြပ်ရေးမှူးမဟုတ်လား အယွမ်တော့ ဒုက္ခတွေ့ပြီ ထင်တယ်"
ရွာသားများ၏ အကြည့်တွင် သနားစရာကောင်းသူကို ကြည့်သည့်အကြည့်နှင့် ဘေးတွေ့နေသူကို ကြည့်သည့်အကြည့်များ ရောပြွမ်းနေသည်။
အချို့မှာ ပြဿနာမကူးစက်အောင် ကူးယွမ်နှင့် ဝေးဝေးသို့ ဆုတ်ခွာသွားကြသည်။
မုဆိုးမဆွန်နှင့်သားဖြစ်သူသာ စိုးရိမ်တကြီး ကြည့်နေကြသည်။
ကူးယွမ်သည် ထိုလူစုကို ဂရုမစိုက်ဘဲ အေးစက်စွာ တစ်ချက်ကြည့်ကာ အိမ်ဝင်းအတွင်းသို့ တည်ငြိမ်စွာ လျှောက်လှမ်းဝင်သွားတော့သည်။