အခန်း (၁၅၆) ဝိညာဉ်ပုလဲကို ရရှိခြင်း
ရက်အနည်းငယ်ကြာပြီးနောက် ပေါင်တာထုံရောက်လာခဲ့သည်။
"မိတ်ဆွေကူးယွမ်... ကျွန်တော် နှစ်တစ်ထောင် လပုလဲ ပိုင်ရှင်နဲ့ အဆက်အသွယ် ရခဲ့ပြီ" သူက စတင်ပြောဆိုလိုက်သည်။ ဒါပေမဲ့ သူ့မျက်နှာကို ကြည့်ရုံနဲ့ အလုပ်က အချောမွေ့ကြီးတော့ မဟုတ်မှန်း ကူးယွမ် သိလိုက်သည်။
ပေါင်တာထုံက "ဒီလိုပါ... အဲဒီအဘိုးကြီးက အစကတော့လဲဖို့ ငြင်းနေတာ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ပုလဲက နှစ်ပေါင်း ၁၇၀၀ ကျော် သက်တမ်းရှိပြီး ဝိညာဉ်လက်နက်တွေ သန့်စင်ဖို့အတွက် အလွန်အဖိုးတန်တဲ့ ပစ္စည်းမို့လို့ပဲ။ ဒါပေမဲ့ မိတ်ဆွေရဲ့ အဆင့်အတန်းကို သိသွားတော့ သူက စိတ်ပြောင်းသွားတယ် ဒါပေမဲ့ သူ့မှာ အခြေအနေတစ်ခု ရှိတယ်" လို့ ရှင်းပြသည်။
အဲဒီအခြေအနေကတော့... အဘိုးကြီးမှာ ထူးချွန်တဲ့ ပါရမီရှိတဲ့ မြေးတစ်ယောက် ရှိပါတယ် သူက သူ့မြေးကို ဆေးဘုရင်တောင်ရဲ့ တပည့်တစ်ယောက် ဖြစ်စေချင်တာပါ။
ကူးယွမ်က ခဏစဉ်းစားပြီး သဘောတူလိုက်သည်။ အခုဆိုရင် သူဟာ ဆေးဘုရင်တောင်ရဲ့ အမာခံတပည့်ဖြစ်သလို စီနီယာဟယ်လင်ရဲ့ အချစ်တော်လည်း ဖြစ်နေတာကြောင့် တပည့်အသစ် တစ်ယောက်သွင်းပေးဖို့က သူ့အတွက် မခက်ခဲပါဘူး။ "သူ့ရဲ့ နောက်ကြောင်းက သန့်ရှင်းပြီး အရည်အချင်းမှီတယ်ဆိုရင်တော့ အပြင်စည်းတပည့်တစ်ယောက် ဖြစ်လာဖို့ ငါ အခွင့်အရေး ပေးနိုင်ပါတယ်"ကူးယွမ်က ကတိပေးလိုက်သည်။
ဒါကို ကြားတော့ ပေါင်တာထုံက ဝမ်းသာအားရ ဖြစ်သွားသည်။ လွန်ခဲ့တဲ့ ခြောက်လကမှ ထမင်းနပ်မှန်အောင် မနည်းစားခဲ့ရတဲ့ လယ်သမားသားလေး ကူးယွမ်ဟာ အခုဆိုရင် လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အာဏာနဲ့ အဆင့်အတန်းကို ပိုင်ဆိုင်နေပြီဖြစ်လို့ ဘဝရဲ့ မမြဲခြင်းတရားကို သူ ကိုယ်တိုင်တောင် အံ့ဩနေမိသည်။
ညရောက်တော့ ကူးယွမ်ဟာ ယွီတိန်မျှော်စင်ရဲ့ ကျင့်ကြံခြင်းအခန်းထဲမှာ ထိုင်နေသည်။ သူ့ရှေ့မှာတော့ မြွေပန်းချီပါတဲ့ နံ့သာသစ်သားသေတ္တာလေး တစ်လုံး ရှိနေပါတယ်။ ဒီသေတ္တာက ဝိညာဉ်အားအင်တွေ မဆုံးရှုံးအောင် ပိတ်လှောင်ထားနိုင်တဲ့ ထူးခြားတဲ့ သစ်သားနဲ့ လုပ်ထားတာပါ။
သူ သေတ္တာကို ဖွင့်လိုက်တဲ့အခါ ကြက်ဥခန့်ရှိပြီး ဝိုင်းစက်တောက်ပနေတဲ့ ဝိညာဉ်ပုလဲလေးတစ်လုံး ထွက်ပေါ်လာပါတယ်။ အခန်းတစ်ခုလုံးဟာ ပုလဲရဲ့ အလင်းရောင်ကြောင့် လင်းထိန်သွားသည်။
ပလုံ... ပလုံ
သေချာနားစွင့်ကြည့်ရင် ပုလဲထဲကနေ ရေစီးသံတိုးတိုးလေးကို ကြားနေရသည်။ ဒီပုလဲလေးထဲမှာ မြစ်ကြီးတစ်စင်း ဒါမှမဟုတ် အိုင်ကြီးတစ်အိုင်ကို သိမ်းဆည်းထားသလိုမျိုး ပြင်းထန်လှတဲ့ ရေဓာတ်အဆီအနှစ်တွေနဲ့ လရဲ့ စွမ်းအားတွေ ကိန်းအောင်းနေတာပါ။ ကူးယွမ်ရဲ့ ခန္ဓာကိုယ်ထဲက ထိုက်ယွမ်အားအင် တွေဟာလည်း ဒီပုလဲကို မြင်တာနဲ့တင် တုန်ခါပြီး တုံ့ပြန်နေလေသည်။