အခန်း (၁၄) - အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် တုံ့ပြန်ခြင်းက တကယ်ကို ကျေနပ်စရာပဲ
ဆွန်အာသည် ကူးယွမ်ကို ကြောက်လန့်တကြား ကြည့်နေရင်းမှ တုန်းဂွီကိုလည်း အငြိုးအတေးဖြင့် လှည့်ကြည့်လိုက်သည်။ သူသည် မိမိအား ဒုက္ခိတဖြစ်အောင်လုပ်သည့် ကူးယွမ်ကို မုန်းသည်မှာ အမှန်ပင်။ သို့သော် တုန်းဂွီကို ပို၍ပင် နာကျည်းနေမိသည်။
သူ့အထင်တွင် တုန်းဂွီသာ ဒီနေ့ ကူးယွမ်၏ မိဘများကို ရိုက်နှက်ရန် မခိုင်းခဲ့လျှင် ကူးယွမ်က သူတို့ကို လာရှာမည်မဟုတ်သလို သူ၏ လက်ခြေများလည်း ကျိုးမည်မဟုတ်ပေ။ အားလုံးမှာ တုန်းဂွီကြောင့်သာ ဖြစ်သည်ဟု သူက အပြစ်ပုံချလိုက်တော့သည်။
ကူးယွမ်သည် ဆွန်အာ၏ ထူးဆန်းသော အတွေးကို သတိထားမိပြီး အံ့ဩသွားသည်။
"ထူးဆန်းတာပဲ ရန်သူဖြစ်တဲ့ ငါ့ကို မမုန်းဘဲ သူ့အစ်ကိုကြီးကိုပဲ အပြစ်တင်နေတာလား ဘယ်လို စိတ်ဓာတ်မျိုးပါလိမ့်"
တုန်းဂွီ၏ ပျက်စီးနေသော အိမ်ဝင်းမှ ထွက်လာသောအခါ ရွာသားအချို့က သူ့ကို ထိတ်လန့်တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ကူးယွမ်က ထိုသူများကို ဂရုမစိုက်ဘဲ အိမ်သို့ တိုက်ရိုက်ပြန်လာခဲ့သည်။
အမှန်စင်စစ် သူတို့ကို ထိုနေရာမှာတင် သတ်မပစ်ခဲ့ခြင်းမှာ မသတ်ရဲ၍ မဟုတ်ဘဲ မသတ်သင့်၍ ဖြစ်သည်။ လူသတ်မှုဆိုသည်မှာ ကြီးလေးသော ကိစ္စဖြစ်သည်။
ကူးယွမ်သည် မိဘရှိ အိမ်ရှိ လယ်ရှိသူ ဖြစ်သလို "သားရဲစနစ်" ကြောင့် အနာဂတ်မှာလည်း တောက်ပနေသူဖြစ်သည်။ လူသတ်လိုက်လျှင် အစိုးရက သူ့ကို ဖမ်းဆီးမည်ဖြစ်ရာ မိမိသင်္ချိုင်းကို မိမိတူးသကဲ့သို့ ဖြစ်သွားပေလိမည်။
သို့သော် ဒဏ်ရာရအောင် လုပ်ခြင်းမှာမူ ပြဿနာ အဆပေါင်းများစွာ သက်သာသည်။ ရွာသားများ၏ အမြင်တွင်လည်း ဤသည်မှာ မိသားစုကို လာစော်ကားသူများကို ပြန်လည်လက်စားချေခြင်းသာဖြစ်သဖြင့် ကူးယွမ်ဘက်က မှန်သည်ဟုပင် ယူဆကြသည်။
"ဒီကောင်နှစ်ယောက်ကို သတ်ဖို့က လွယ်ပေမဲ့ ငါ့ကို အမှုမပတ်ဖို့က ခက်တယ်။ သူတို့ သေသွားရင် ချန်အိမ်တော်က ငါ့ကို အရင်ဆုံး ပြဿနာလာရှာမှာပဲ" ဟု ကူးယွမ်က တွေးနေသည်။ ခြေလက်ကျိုးသွားလျှင် အနည်းဆုံး တစ်လ နှစ်လတော့ သူတို့ ငြိမ်သွားမည်ဖြစ်သည်။
ကူးယွမ်သည် တုန်းဂွီထံမှ သိမ်းဆည်းလာသော ဓားမြှောင်ကို ထုတ်ယူကာ ပခုံးပေါ်ရှိ အားဟွမ်ကို ပေးလိုက်သည်။ "ဒီနေ့ မင်းကူညီတာ တကယ်တော်တယ် ဒါက မင်းအတွက် ဆုလာဘ်ပဲ"
ဂျွတ်... ဂျွတ် သံသွားကြွက်ဖြစ်သော အားဟွမ်သည် သံဓားကို ကြံချောင်းဝါးသကဲ့သို့ ကိုက်ဖြတ်ကာ ဝါးစားပစ်လိုက်သည်။ ကူးယွမ်မှာ သက်ပြင်းသာသာ ချလိုက်မိသည်။ သံသွားကြွက်သည် သန်မာသော်လည်း သတ္တုများကို စားသုံးရန် လိုအပ်သဖြင့် သူ့အတွက် အသုံးစရိတ် ပိုတိုးလာချေပြီ။
နောက်တစ်နေ့ မနက်ခင်းတွင် ကူးယွမ် အပြင်ထွက်လာသောအခါ အိမ်နီးနားချင်းများ၏ ဆက်ဆံရေးမှာ သိသိသာသာ ပြောင်းလဲသွားသည်။
"အားယွမ် ထင်းခုတ်သွားမလို့လား"
"အားယွမ်လေး ငါ့အဖေ ယုန်တစ်ကောင် ရထားတယ် ညကျရင် လာစားဦးလေ"
"အားယွမ် မင်းလည်း အသက် (၁၇) ပြည့်ပြီဆိုတော့ ငါ့တူမလေးနဲ့ မိတ်ဆက်ပေးရမလား"
လူအများက သူ့ကို ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြသလို အချို့ကလည်း ကြောက်ရွံ့အားနာသော မျက်လုံးများဖြင့် ကြည့်ကြသည်။ ရွာထဲတွင် သတင်းက မြန်ဆန်လှသဖြင့် ကူးယွမ်က တုန်းဂွီတို့ကို ပညာပေးလိုက်သည်မှာ လူတိုင်းသိသွားကြပြီ ဖြစ်သည်။
မည်သူမျှ အင်အားကြီးလာသော အိမ်နီးချင်းကို မစော်ကားရဲတော့ဘဲ ဖားယားရန်သာ ကြိုးစားကြတော့သည်။
"အင်း... အားကြီးသူကို ဖားပြီး အားနည်းသူကို နင်းတာက လူ့သဘာဝပဲ" ဟု ကူးယွမ်က တွေးရင်း ပြုံးပြလိုက်သည်။
သို့သော် သူသည် မိမိကိုယ်ကို ပိုမိုသန်မာအောင် လုပ်ရန် လိုအပ်ကြောင်း သိထားသဖြင့် ကိုယ်ခံပညာ လေ့ကျင့်ရေးကို အမြန်ဆုံး စတင်ရန် ဆုံးဖြတ်လိုက်လေသည်။