အခန်း (၁၂၅) ရေဓာတ်ဝိညာဉ်ခန္ဓာ ထူးဆန်းသော ဘူးသီးကျောက်စိမ်း
အခုဆိုရင် ကူးယွမ်ရဲ့ ရုပ်ရည်ဟာ ပိုမိုခန့်ညားလာပြီး ဖြူစင်နုနယ်တဲ့ အသားအရေ နီမြန်းတဲ့နှုတ်ခမ်းနဲ့ ကြည်လင်တဲ့ မျက်ဝန်းတွေဟာ သူ့ကိုအေးချမ်းတည်ငြိမ်တဲ့ အရှိန်အဝါတစ်ခု ပေးစွမ်းနေလေသည်။ သူ ရပ်နေရုံတင်ရှိသေးတယ် လောကီထက် သာလွန်တဲ့ နတ်သားတစ်ပါးလို ထင်မှတ်ရသည်။
ဒါတင်မကဘဲ ကူးယွမ်ရဲ့ အာရုံခံစားမှုတွေကလည်း ပိုမိုထက်မြက်လာခဲ့သည်။ သူ့မျက်လုံးထဲမှာတော့ တစ်ကမ္ဘာလုံးဟာ အရင်ကထက် ပိုမိုကြည်လင် ပြတ်သားနေပါတယ်။ သစ်ပင်ပေါ်က အဖူးလေးတွေပေါ်က အမွေးနုလေးတွေကအစ မြေကြီးထဲမှာ ပုန်းအောင်းနေတဲ့ ပိုးကောင်လေးတွေကိုပါ သူက မျက်စိနဲ့မကြည့်ဘဲ "အာရုံ" နဲ့တင် သိနေနိုင်ပါပြီ။
အထူးသဖြင့် လောကထဲမှာရှိတဲ့ ရေဓာတ်တွေဟာ သူ့ရဲ့ စိတ်အာရုံအောက်မှာ လိုသလို ခေါ်ယူလို့ ရနေပါတယ်။ သူဟာ "ရေဓာတ် ဝိညာဉ်ခန္ဓာ"တစ်ခုကို ပိုင်ဆိုင်သွားတာ သေချာသလောက်ပါပဲ။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ ပါရမီပဲ" ကူးယွမ်ဟာ သူ့ရဲ့ ဓားနှလုံးသားပါရမီနဲ့ အခု ရရှိလာတဲ့ ဝိညာဉ်ခန္ဓာကို ပေါင်းစပ်လိုက်ရင် ဆေးဘုရင်တောင်ရဲ့ အတွင်းတပည့်တင်မကဘဲ တကယ့်တပည့်ရင်း တစ်ယောက်တောင် ဖြစ်နိုင်တယ်လို့ တွေးလိုက်မိသည်။
ကူးယွမ်ဟာ သူ့ရှေ့က အတာကို ကြည့်လိုက်သည် အတာရဲ့ အရွယ်အစားက ခြံဝင်းရဲ့ တစ်ဝက်နီးပါး ရှိနေတာကြောင့် လူသိမှာကို သူစိုးရိမ်မိသည်။
"မင်းက အရမ်းကြီးလွန်းနေတယ်... မြို့ထဲကနေ ထွက်ဖို့တောင် မလွယ်ဘူး" လို့ ကူးယွမ်က ညည်းတွားလိုက်သည်။
အဲဒီအချိန်မှာပဲ အတာရဲ့ ခေါင်းကြီးက အသာအယာ ကြွလာပြီး ကူးယွမ်ရဲ့ စိတ်ထဲမှာ အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်း ငါ့ကိုကြီးလွန်းတယ် ထင်ရင် ငါ့ရဲ့ အရွယ်အစားကို ပြောင်းလဲပေးမယ်"
ကူးယွမ် အံ့ဩသွားပြီး "အတာ... မင်း စကားပြောနိုင်ပြီလား"
"ငါ့မှာ နတ်ဘုရားလိပ်မျိုးနွယ်ရဲ့ သွေးပါရမီ အမွေအနှစ်တွေ ရှိတယ် ဒါကြောင့် စိတ်ချင်းဆက်သွယ်တဲ့ နည်းလမ်းနဲ့ မင်းကို စကားပြောနိုင်တာပါ"
အဲဒီနောက် အတာဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို မျက်စိရှေ့တင် ကျုံ့လိုက်ရာ ခဏအတွင်းမှာပဲ လက်ဝါးခန့်သာရှိတဲ့ လိပ်ကလေးတစ်ကောင် ဖြစ်သွားတော့သည်။ ဒါဟာ ဒဏ္ဍာရီလာ "အရွယ်အစားကို လိုသလို ပြောင်းလဲခြင်း"ဆိုတဲ့ တန်ခိုးစွမ်းအားမျိုး မဟုတ်သေးဘဲ အသွင်ပြောင်းလဲခြင်း စွမ်းရည်တစ်ခုသာ ဖြစ်ပေမဲ့ ကူးယွမ်အတွက်တော့ အတော်လေး အဆင်ပြေသွားပါတယ်။
"ဟင် ဒီဘူးသီးလေးက..."
ကူးယွမ် တစ်ခုခုကို သတိထားမိပြီး သူ့လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းဆွဲသီးလေးကို ထုတ်ကြည့်လိုက်သည်။ ဒါဟာ သူ အရင်က "နက်မှောင်လေပြင်းစခန်း" က ခေါင်းဆောင်သံကျားကို သတ်တုန်းက ရခဲ့တဲ့ ဆုလာဘ်ပါ။
အရင်ကတော့ ဒါကို သာမန်တန်ဖိုးရှိတဲ့ ရတနာတစ်ခုလို့ပဲ ထင်ခဲ့တာပါ။ အဟွမ် (ကြွက်ကလေး) ရဲ့ ရတနာရှာဖွေတဲ့ စွမ်းရည်နဲ့တောင် ဒီပစ္စည်းရဲ့ ထူးခြားမှုကို မသိခဲ့ပါဘူး။ ဒါပေမဲ့ အခု ကူးယွမ်ရဲ့ ပါရမီတွေ ပြောင်းလဲသွားချိန်မှာတော့ ဒီကျောက်စိမ်းဘူးသီးလေးဟာ အစိမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး သက်ရှိတစ်ယောက် အသက်ရှူနေသလို တုန်ခါနေသည်။