အခန်း (၁၁၉) ရွှေအမြုတေအဆင့် ပညာရှင်ကြီး ဟယ်လင်ကျန့်ရန်
ရှမုန့်ယန်ဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိပေမဲ့ ကောင်းကင်ဘုံအဆင့်နှစ်ယောက်လောက်ကိုပဲ မနည်းယှဉ်နိုင်မှာပါ။ အခုလို လေးယောက်ဖြစ်နေတဲ့အပြင် အမှောင်ထဲမှာ ပုန်းနေသူတွေပါ ရှိနေတာကြောင့် သူ့အတွက် လက်လွန်နေပါပြီ။
"ရှမုန့်ယန် မင်းဒီကောင်လေးကို မကာကွယ်နိုင်ပါဘူး။ ငါ သူ့ကို သတ်ကိုသတ်ရမယ်" အဘိုးကြီးဝူ က ကူးယွမ်ကို ရက်စက်စွာ ကြည့်ပြီး လှောင်ပြောင်လိုက်သည်။ "ဒီကောင်လေးတင်မကဘူး မင်းရော မင်းရဲ့ ယွီတိန်ဂိုဏ်း ရော ငါ အလွတ်မပေးဘူး အကုန်သေကြရမယ်"
"စကားကြီးစကားကျယ် ပြောလှချည်လား"
အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အသံက မကျယ်ပေမဲ့ လူတိုင်းရဲ့ နားထဲကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။ "ယွီတိန်ဂိုဏ်းဆိုတာ ငါတို့ ဆေးဘုရင်တောင်ရဲ့ လုပ်ငန်းတစ်ခုပဲ အဆိပ်နတ်ဘုရားဂိုဏ်းနဲ့ ယွမ်မင်ဂိုဏ်းတောင် ဒီလိုစကားမျိုး မပြောရဲဘူး။ မင်းလို သာမန်ကောင်းကင်ဘုံအဆင့် တစ်ယောက်က ငါတို့ဆေးဘုရင်တောင်ရဲ့ လုပ်ငန်းကို ဖျက်ဆီးမယ် ဟုတ်လား"
လူတိုင်း အံ့ဩသွားကြပြီး အသံလာရာကို ရှာမတွေ့ကြပါဘူး။ ဒါပေမဲ့ မုန့်ဟုန်၊ စုရှောင်ယွဲ့ နဲ့ အဘိုးကြီးဝူ တို့ကတော့ မျက်နှာပျက်သွားကြသည်။ ဘာလို့လဲဆိုတော့ သူတို့လို ကောင်းကင်ဘုံအဆင့်တွေတောင် အသံရှင် ဘယ်မှာရှိလဲဆိုတာ အာရုံခံလို့ မရလို့ပါ။
ခရူးးး...
ကောင်းကင်ယံထက်ကနေ ကျယ်လောင်လှတဲ့ ကြိုးကြာငှက်ဟိန်းသံကြီး ထွက်ပေါ်လာခဲ့သည်။ အဲဒီနောက် ဆင်တစ်ကောင်ထက်တောင် ကြီးမားတဲ့ အတောင်ပံတွေက ဓားသွားတွေလို ထက်မြက်နေတဲ့ ကြိုးကြာဖြူကြီး တစ်ကောင် ပျံဆင်းလာသည်။
ငှက်ကြီးရဲ့ ကျောပေါ်မှာတော့ ခန့်ညားထည်ဝါပြီး အေးစက်တဲ့ အကြည့်တွေရှိတဲ့ လူငယ်ဒေါသတစ်ဦး ရပ်နေလေသည်။ သူကတော့ ဆေးဘုရင်တောင်ရဲ့ ကိုးဦးမြောက် အကြီးအကဲ ဟယ်လင်ကျန့်ရန်ပါပဲ သူဟာ ရွှေအမြုတေအဆင့်ကို ရောက်ရှိနေတဲ့ ပညာရှင်ကြီးပါ။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေဟာ အသက် ၈၀၀ ကနေ ၁၀၀၀ ထိ ရှည်နိုင်ပြီး တောင်တွေကို ဖြို မြစ်တွေကို ခွဲနိုင်တဲ့ တန်ခိုးစွမ်းအားတွေ ရှိကြသည်။ သာမန်လူတွေအတွက်တော့ သူတို့ဟာ လူသားနတ်ဘုရားတွေပါပဲ။
"တပည့် ရှမုန့်ယန်က အကြီးအကဲကို ဂါရဝပြုပါတယ်" ရှမုန့်ယန်ဟာ ရိုရိုသေသေနဲ့ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ကူးယွမ်နဲ့ အဘိုးအိုမော့တို့လည်း အမြန်ပဲ လိုက်နှုတ်ဆက်ရသည်။
"ရှမုန့်ယန် မင်းက တော်တော်လေး ဉာဏ်များတာပဲ နဂါးနီအဆောင်ကို ရထားတာကို ကောင်းကင်ဘုံအဆင့်ရောက်မှ အပိုင်ပေါင်းစည်းပြီးမှ ဂိုဏ်းကို အကြောင်းကြားတယ်ပေါ့။ ဂိုဏ်းထဲကလူတွေ မင်းဆီက လုသွားမှာ ကြောက်လို့လား" ဟယ်လင်ကျန့်ရန်က အေးစက်စက် မေးလိုက်သည်။
ရှမုန့်ယန်ရဲ့ နဖူးမှာ ချွေးတွေ စို့လာပါတယ် "တပည့်... တပည့် မဝံ့ရဲပါဘူး"
ဟယ်လင်ကျန့်ရန်က ဆက်ပြောပါတယ် "မင်း အဆောင်ရတာ မင်းရဲ့ ကံတရားပဲ။ အဲဒီကနေ အကျိုးအမြတ် လိုချင်တာကလည်း လူ့သဘာဝမို့ ခွင့်လွှတ်ပေးလို့ ရပါတယ် ဒါပေမဲ့ မင်းက အကျိုးအမြတ်ယူပြီး ငါ့ကိုတော့ မင်းရဲ့ ပြဿနာတွေကို လာရှင်းခိုင်းတယ်ပေါ့"
ကူးယွမ်ကတော့ ဘေးကနေ ငြိမ်ငြိမ်လေး ကြည့်နေရင်း "ဒီရှမုန့်ယန်က တကယ်ကို လည်တာပဲ။ အဆောင်ကို ရရချင်း ဂိုဏ်းကို မပြောဘဲ သူကိုယ်တိုင် အရင်သုံးနိုင်အောင် လုပ်တယ်။ ပြီးမှ ဂိုဏ်းကို အကာအကွယ်တောင်းပြီး အခွင့်အရေးကို မျှဝေလိုက်တာ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ" လို့ တွေးလိုက်မိသည်။
ဟယ်လင်ကျန့်ရန်ရဲ့ အကြည့်က အဘိုးကြီးဝူဆီကို ရောက်သွားသည်။
"ခုနက ယွီတိန်ဂိုဏ်းကို ဖျက်ဆီးပြီး ငါ့ဆေးဘုရင်တောင်ရဲ့ တပည့်ကို သတ်မယ်လို့ ပြောတဲ့သူက မင်းလား"
ဟယ်လင်ကျန့်ရန်ရဲ့ သာမန်အကြည့်လေးကပဲ အဘိုးကြီးဝူကို ထက်မြက်တဲ့ ဓားသွားတစ်စင်းနဲ့ အထိုးခံရသလို ခံစားရစေပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။