အခန်း (၁၁၁) ပါရမီရှင် ဓားနှလုံးသား ဝိညာဉ်အသွင်ပြောင်းလဲခြင်း
အရာအားလုံး တည်ငြိမ်သွားတဲ့အခါ ကျောက်စိမ်းဥမျက်နှာပြင်ကနေ တောက်ပတဲ့ အပြာရောင်အလင်းတန်းတွေ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပဲ စူးရှထက်မြက်တဲ့ အရှိန်အဝါတွေ ပျံ့လွင့်လာပြီး ဥထဲက အသက်ဓာတ်ဟာလည်း အရင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့သည်။
[ဤဥ၏ မူလအရင်းအမြစ် ဖြည့်တင်းပြီးပါပြီ။ အကောင်ဖောက်မည်လား]
"ဖောက်မယ်" ကူးယွမ် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပါတယ်။
ဂြောက်... ဂြောက်
ကျောက်စိမ်းဥခွံလေး အက်ကွဲသွားပြီး အထဲကနေ အပြာရောင် ပိုးကောင်လေးတစ်ကောင် ထွက်လာပါတယ်။ သူက လက်မလောက်အထူ ၃ လက်မလောက်အရှည်ရှိပြီး တုန်တုန်ချိချိနဲ့ သွားလာနေတာက ကြည့်ရတာ တကယ့်ကို ချစ်စရာကောင်းလှသည်။
[ဓားလိပ်ပြာအောင်မြင်စွာ အကောင်ပေါက်ပါပြီ]
အပြာရောင် ပိုးကောင်လေးဟာ ထွက်လာတာနဲ့ သူ့ရဲ့ နှမ်းစေ့လေးလို မည်းနက်နေတဲ့ မျက်လုံးလေးတွေနဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ကူးယွမ်ကို မြင်တဲ့အခါမှာတော့ သူ့ရဲ့ ကိုယ်လုံးလေးကို ကူးယွမ်ရဲ့ လက်ဝါးပေါ်မှာ နွေးနွေးထွေးထွေး ပွတ်သပ်နေပါတော့သည်။
ရုတ်တရက် ကူးယွမ်ရဲ့ မျက်စိရှေ့မှာ သတင်းအချက်အလက်တစ်ခု ပေါ်လာသည်။
[အပြာရောင် ကျောက်စိမ်းဓားလိပ်ပြာသည် သင့်ကို သခင်အဖြစ် အသိအမှတ်ပြုလိုပါသည်။ သဘောတူပါသလား]
ကူးယွမ် အံ့ဩသွားပါတယ်။ ဒါဟာ စနစ်ကအကောင်ဖောက်ပေးလို့လား ဒါမှမဟုတ် သူက ပထမဆုံး မြင်လိုက်ရတဲ့သူမို့လားတော့ မသိပေမဲ့ သူက ဝမ်းသာအားရပဲ "သဘောတူတယ်" လို့ ပြောလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ စီးဆင်းသွားပြီး ပိုးကောင်လေးနဲ့ ကူးယွမ်ကြားမှာ နက်ရှိုင်းတဲ့ ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်သွားတော့သည်။
[သခင်အဖြစ် အသိအမှတ်ပြုခြင်း အောင်မြင်ပါသည် ဝိညာဉ်သားရဲ ဓားလိပ်ပြာကို ရရှိပါပြီ]
[သင်သည် ဓားလိပ်ပြာထံမှ ဓားနှလုံးသားပါရမီကို ရရှိပါသည်။]
ဒီတစ်ကြိမ်မှာတော့ ကူးယွမ်ဟာ အရင်ကလို ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်တော့ဘဲ သူ့ရဲ့ စိတ်ထဲမှာ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတာကို ခံစားလိုက်ရသည်။ ၎င်းဟာ ငြိမ်သက်နေတဲ့ ရေကန်ထဲကို ခဲတစ်လုံး ပစ်ချလိုက်သလိုမျိုး စိတ်အာရုံတစ်ခုလုံးကို လှိုင်းထသွားစေသည်။
သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေ အမိုက်အမဲတွေအကုန် ပျောက်ကွယ်သွားပြီး စိတ်ဓာတ်က ဖန်သားပြင်လို ကြည်လင်တောက်ပလာသည်။ အရင်က သူလေ့လာခဲ့တဲ့ မြွေဝိညာဉ်ဓားသိုင်း မိုးမခဓားသိုင်း နဲ့ သေမင်းဓားသိုင်းတွေရဲ့ အနှစ်သာရတွေကို သူဟာ ချက်ချင်းဆိုသလို အကုန်လုံး နားလည်သဘောပေါက်သွားသည်။
ဆယ်မိနစ်လောက်အတွင်းမှာပဲ သူဟာ "သေမင်းဓားသိုင်း" ကို အမြင့်ဆုံးအဆင့်ထိ တတ်မြောက်သွားပြီး "ဓားအသိ"ကိုပါ ဆုပ်ကိုင်နိုင်ခဲ့သည်။ အခုဆိုရင် ကူးယွမ်ဟာ ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းတာနဲ့ ဓားစွမ်းအားတွေကို အလွယ်တကူ ထုတ်ဖော်နိုင်တော့မှာပါ။
ကူးယွမ် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ အခုဆိုရင် သူဟာ ဓားသိုင်းမှာ ပါရမီရှင်တင်မကဘဲ "ပါရမီရှင်တွေထဲက ပါရမီရှင်" ဖြစ်သွားပါပြီ။ တခြားသူတွေ ဆယ်နှစ်လောက် ကျင့်ရမယ့် ကျင့်စဉ်ကို သူက ရက်ပိုင်းအတွင်း တတ်မြောက်နိုင်တဲ့ အစွမ်းမျိုး ရရှိသွားတာပါ။
သူ့ရဲ့ စိတ်ဓာတ်ကလည်း ဓားတစ်စင်းလိုပဲ ပြတ်သား ခိုင်မာပြီး တည်ငြိမ်သွားသည်။ "ဒီဓားနှလုံးသား ပါရမီက တကယ့်ကို အံ့ဩစရာပဲ" လို့ သူ ရေရွတ်မိလိုက်သည်။ ဒါဟာ သူ့ရဲ့ ကျင့်ကြံမှုနှုန်းကို တိုက်ရိုက် မမြှင့်တင်ပေးပေမဲ့ ဓားသိုင်းပညာရပ်မှာတော့ သူ့ကို အတားအဆီးမရှိတဲ့ ပညာရှင်တစ်ယောက် ဖြစ်စေမှာပါ။
သူက လက်ထဲက ပိုးကောင်လေးကို ကြည့်ပြီး ပြုံးလိုက်သည် ပြီးတော့ အပင်က အရွက်နုလေးတွေကို ကျွေးကြည့်ရာမှာ ပိုးကောင်လေးက နှာခေါင်းရှုံ့ပြီး လှည့်ထွက်သွားသည်။ နောက်ဆုံးမှာတော့ ဝိညာဉ်ဆေးပင်တစ်ရွက်ကို ခူးကျွေးလိုက်မှပဲ တဂျောက်ဂျောက်နဲ့ အရသာရှိရှိ စားပါတော့သည်။
"ဝိညာဉ်ဆေးပင်မှ စားတယ်ဆိုတော့လည်း မင်းက တကယ့်မျိုးရိုးမြင့်ပဲ။ ကံကောင်းလို့ ငါ မင်းကို ကျွေးနိုင်သေးတာပေါ့... အော် မင်းကို နာမည်ပေးရဦးမယ်။ မင်းက အပြာရောင် ကျောက်စိမ်းဓားလိပ်ပြာ ဖြစ်လာမှာဆိုတော့ မင်းကို ရှောင်ချင်း (အပြာလေး) လို့ပဲ ခေါ်မယ်"
ကူးယွမ်ဟာ သူ့ရဲ့ ဝိညာဉ်သားရဲအသစ်လေးကို ကြည့်ရင်း ရှေ့ဆက်ရမယ့် လမ်းစဉ်အတွက် ယုံကြည်ချက်တွေ ပိုမို ခိုင်မာလာခဲ့သည်။