အခန်း (၁၀၈) လမ်းခုလတ်ကတိုက်ပွဲ
ဒီအချိန်မှာတော့ ကူးယွမ်တစ်ယောက် သူလိုငမွဲတစ်ယောက်အပေါ် လောကကြီးက ထားရှိတဲ့ အမုန်းတရားတွေကို အသည်းခိုက်အောင် ခံစားလိုက်ရသည်။ "ဆင်းရဲခြင်းဟာ လူတစ်ယောက်ရဲ့ မူလအပြစ်ပဲ" လို့တောင် ဆိုရမလိုပါပဲ။
သူက ခဏတာ တိတ်ဆိတ်သွားပြီးမှ "အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ်တစ်ခုရဲ့ သတင်းအချက်အလက်က ဘယ်လောက်တန်သလဲ" လို့ မေးလိုက်သည်။
သူ့ရဲ့ ရည်မှန်းချက်က တာအိုလမ်းစဉ်မှာ အဝေးကြီးသွားဖို့ဖြစ်လို့ အနိမ့်စားကျင့်စဉ်တွေနဲ့ အခြေခံမချချင်ပါဘူး။ ဒါပေမဲ့ ပေါင်သတုံ ရဲ့ အဖြေကတော့ သူ့ကို မှင်သက်သွားစေသည် "အဲဒီလို ကျင့်စဉ်မျိုးရဲ့ သတင်း သက်သက်တင် ဝိညာဉ်ကျောက်တုံး တစ်သောင်း ပေးရမယ် ဒါဟာ သတင်းဖိုးပဲရှိသေးတယ် ကျင့်စဉ်ကိုတော့ ကိုယ့်ဘာသာကိုယ် သွားယူရမှာ" တဲ့။
တစ်သောင်းဆိုတဲ့ ပမာဏက ကူးယွမ် သူ့ကိုယ်သူ ရောင်းရင်တောင် မရနိုင်တဲ့ ပမာဏပါ။ ဒါကြောင့် သူဟာ ကောင်းကင်လျှို့ဝှက်နန်းတော်ကို အားကိုးမယ့်အစား ဆေးဘုရင်တောင် ဒါမှမဟုတ် ဟိုအမျိုးသမီးဆီကနေပဲ နည်းလမ်းရှာဖို့ ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့ မနက်မှာတော့ ကူးယွမ်ဟာ ပေါင်သတုံတို့နဲ့ လမ်းခွဲပြီး ပေ့လျန်မြို့ဆီကို ဦးတည်ထွက်ခွာလာသည်။ လမ်းမခွဲခင်မှာ ပေါင်သတုံက ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သတင်းကောင်းတစ်ခု အခမဲ့ပေးခဲ့လေသည်။ အဲဒါကတော့ နဂါးနီနတ်နန်းတော်ဟာ နောက်ထပ် ၅ လအကြာ နေကြတ်တဲ့နေ့မှာ ပွင့်လာမယ်ဆိုတဲ့ အချက်ပါပဲ။
ကူးယွမ်ကတော့ အဲဒီနေရာကို သွားဖို့ စိတ်မကူးသေးပါဘူး။ အဲဒီမှာ ရတနာတွေ ရှိနိုင်ပေမဲ့ သူ့လို အင်းနိတ်သိုင်းဆရာအဆင့်နဲ့ သွားရင် အသက်ပျောက်ဖို့ပဲ ရှိတာကို သူ ကောင်းကောင်းသိပါတယ်။ အခုလောလောဆယ် သူ့အတွက် ကိုယ့်အသက်ကိုယ် စောင့်ရှောက်ဖို့က ပိုအရေးကြီးတယ်လေ။
မွန်းတည့်ချိန်လောက်မှာတော့ ကူးယွမ်ဟာ ချောက်ကမ်းပါးတစ်ခုကို ဖြတ်သန်းရင်း မြေပြင် တုန်ခါနေတာကို သတိပြုမိသွားသည်။ ဝေးရာကနေ မိုးကြိုးပစ်သံလိုလို သားရဲဟိန်းသံလိုလို အသံကြီးတွေ ကြားနေရတာပါ။ သူ တောင်ကုန်းပေါ် တက်ကြည့်လိုက်တဲ့အခါ ထိတ်လန့်စရာ တိုက်ပွဲကြီးတစ်ခုကို မြင်လိုက်ရသည်။
တစ်ဖက်မှာတော့ အမြင့်မီတာ ၁၀၀ ကျော်ရှိတဲ့ တစ်ကိုယ်လုံး အစိမ်းပုပ်ရောင်နဲ့ ကျောကုန်းမှာ ရွှေရောင်မျဉ်းကြောင်းကြီးပါတဲ့ ရွှေချည်မျှင် ဖားပြုပ်ကြီး တစ်ကောင်ပါ။ အဲဒီဖားပြုပ်ရဲ့ ခေါင်းပေါ်မှာတော့ ပုပုအိုအို လူကြီးတစ်ယောက် ရပ်နေလေသည်။
အခြားတစ်ဖက်မှာတော့ ခရမ်းပြာရောင် ဆံပင်ရှည်တွေနဲ့ နတ်သားတစ်မျှ ချောမောတဲ့ လူငယ်တစ်ယောက်ဟာ လေထဲမှာ ပျံဝဲနေပြီး သူ့ရဲ့ ဘေးပတ်ပတ်လည်မှာတော့ ကြယ်ခုနစ်ပွင့် စီစဉ်ထားသလိုမျိုး တောက်ပတဲ့ အလင်းတန်း ခုနစ်ခုက ဓားပျံတွေလို တရကြမ်း တိုက်ခိုက်နေသည်။
သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲဒဏ်ကြောင့် ဘေးနားက တောင်ကုန်းတွေတောင် ပြိုကျပျက်စီးကုန်ပြီး အဆိပ်ငွေ့တွေက မြေပြင်ကို တိုက်စားနေလေသည်။ အဆင့်မြင့်တဲ့ မြွေမိစ္ဆာတစ်ကောင်တောင် သူတို့ရဲ့ တိုက်ပွဲကြားထဲက ကြယ်အလင်းတန်းတစ်ခု ထိမိတာနဲ့ ချက်ချင်း အသားစိုင်တွေ ကြွေကျပြီး သေဆုံးသွားတာကို ကူးယွမ် မြင်လိုက်ရသည်။
"ဒါ... ဒါ ကောင်းကင်ဘုံအဆင့်တွေရဲ့ အစွမ်းလား"
ကူးယွမ် မျက်တောင်တောင် မခတ်နိုင်ဘဲ ကြည့်နေမိသည်။ ဒါပေမဲ့ သူအကြာကြီး မကြည့်ရဲပါဘူး။ ဘာလို့လဲဆိုတော့ သူတို့စကားပြောသံအရ အဲဒီလူငယ်ဟာ ကြယ်စင်မြစ်ဓားဂိုဏ်းက ပါရမီရှင် တွမ်ချန်းဖြစ်ပြီး သူ့မိသားစုကို သတ်ခဲ့တဲ့ ဖားပြုပ်မှန်ကန်သူကို လာရောက်ကလဲ့စားချေနေတာ ဖြစ်လို့ပါပဲ။
ဒီလိုအဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ တိုက်ပွဲကြားမှာ ပုရွက်ဆိတ်လို နင်းမိပြီး မသေချင်တာကြောင့် ကူးယွမ်ဟာ လှည့်ကြည့်တောင်မကြည့်ဘဲ အမြန်ဆုံး ထွက်ပြေးခဲ့သည်။ သူဟာ ၅ နာရီ ၆ နာရီလောက် မရပ်မနား ပြေးလွှားပြီး ပတ်လမ်းကနေ ပြန်ကွေ့လာမှပဲ ပေ့လျန်နယ်မြေထဲကို ပြန်ရောက်ပြီး သက်ပြင်းချနိုင်တော့သည်။