အခန်း (၁၀၄) ကူးယွမ်ရဲ့ အားသာချက်က စတင်ပြသလာပြီ
တကယ်တော့ လောကကြီးမှာ မတရားဘူးလို့ ညည်းညူနေကြတဲ့သူတွေရဲ့ စကားက လက်ရှိအမှန်တရားပါပဲ။ ကျင့်ကြံခြင်းလောကမှာ "ပါရမီ" က အရာရာပါပဲ ပါရမီကောင်းလေ နားလည်နိုင်စွမ်း မြင့်မားလေ အရိုးတည်ဆောက်ပုံ သန်မာလေဖြစ်ပြီး ကျင့်စဉ်တွေကလည်း ပိုမြန်မြန် တိုးတက်လာမှာပါ။
သိုင်းသမားအဆင့်မှာတော့ ဝီရိယရှိရင် အောင်မြင်နိုင်ပေမဲ့ ကောင်းကင်ဘုံအဆင့်ကနေစပြီး နတ်ဘုရားအဆင့်အထိကတော့ ဝီရိယထက် ပါရမီ အခွင့်အလမ်းနဲ့ အရင်းအမြစ်တွေက ပိုအရေးကြီးလာပါတယ်။ တချို့ပါရမီရှင်တွေအတွက် ကျင့်စဉ်တစ်ခုကို အောင်မြင်ဖို့က ထမင်းစားရေသောက်သလောက် လွယ်ကူပေမဲ့ တချို့အတွက်ကတော့ တစ်သက်လုံး ကြိုးစားရင်တောင် အဝင်ဝကို မရောက်နိုင်ကြပါဘူး။
"တော်သေးတာပေါ့... ငါ့မှာပါရမီ သိပ်မရှိပေမဲ့ ဖြတ်လမ်းနည်းတော့ ရှိတယ်" လို့ ကူးယွမ်က ကျေနပ်စွာ တွေးလိုက်မိသည်။
သူ့ရဲ့ အားသာချက်ကတော့ ဝိညာဉ်သားရဲတွေကို ယဉ်ပါးအောင်လုပ်ပြီး သူတို့ဆီက ပါရမီတွေကို သူ့ကိုယ်ထဲ ကူးယူနိုင်တာပါပဲ။ သားရဲတွေ များများမွေးနိုင်လေ သူက ပိုပြီး အစွမ်းထက်လာလေပါပဲ။ အခုဆိုရင် ရွှေအဆင့်ရှိတဲ့ ဓားလိပ်ပြာနဲ့ အဆင့်တက်တော့မယ့် လိပ်ကြီး အတာတို့ကြောင့် သူ့ရဲ့ ပါရမီဟာ မကြာခင်မှာ မကြုံစဖူး ပြောင်းလဲသွားတော့မှာပါ။ အဲဒီအခါကျရင် ဆေးဘုရင်တောင်ရဲ့ တံခါးခုံဟာ သူ့အတွက် မြင့်မားနေတော့မှာ မဟုတ်ပါဘူး။
ညနက်လာတာနဲ့အမျှ အပြင်မှာ မိုးတိတ်သွားပေမဲ့ လေထုကတော့ ပိုပြီး ထူးဆန်းလာခဲ့သည်။ ဘုရားကျောင်းထဲက လူတွေဟာ ပေါင်သတုံ ပြောပြတဲ့ သတင်းတွေကြောင့် စိတ်လှုပ်ရှားနေတုန်းမှာပဲ...
ဘုန်း
လူတစ်ယောက်ဟာ အိပ်ပျော်နေရင်းကနေ ရုတ်တရက် မြေပြင်ပေါ်ကို မှောက်လျက်လဲကျသွားသည်။
ဝုန်း
ကူးယွမ်က ချက်ချင်း မျက်လုံးပွင့်လာသည်။ သူလေ့ကျင့်ထားတဲ့ သေစေနိုင်တဲ့ဓားသိုင်းဟာ လူသတ်ငွေ့ ကို အရမ်းခံစားလွယ်တာကြောင့် ခုနက သူ သဲ့သဲ့လေး ခံစားလိုက်ရတာပါ။
"သေသွားပြီလား"
ပေါင်သတုံက အလောင်းကို သွားစမ်းကြည့်တော့ လူက အေးစက်တောင့်တင်းနေပြီး အရေပြားက စိမ်းဖန့်ဖန့် ဖြစ်နေပါပြီ။ "အားလုံး သတိထားကြ ဒီလူ သေတာထူးဆန်းတယ်" လို့ သူ အော်သတိပေးလိုက်တာနဲ့ လူတိုင်း လက်နက်တွေ အသီးသီး ဆွဲထုတ်လိုက်ကြသည်။
အဲဒီနောက် နောက်ထပ် လူတစ်ယောက် ထပ်လဲကျသွားပြန်သည်။ အပြင်ဘက် ညအမှောင်ထဲကနေ ခြောက်ခြားစရာကောင်းတဲ့ အသံကြီး ထွက်လာခဲ့သည်။
"ဟားဟား... ဒီနေရာက တော်တော်ကောင်းတာပဲ သိုင်းသမားတွေ အများကြီး စုနေတာပဲ ငါ့ရဲ့ ကလေးလေးတွေကို ကျွေးဖို့ အံကိုက်ပဲ"
တစ်ချိန်တည်းမှာပဲ မီးခိုးရောင် မြူနှင်းတွေ ဘုရားကျောင်းထဲကို စိမ့်ဝင်လာပြီး မြူတွေထဲကနေ လက်ကြီးတစ်ဖက် ထွက်လာကာ လူတစ်ယောက်ကို ဆွဲခေါ်သွားပြန်သည်။ မကြာခင်မှာပဲ အရိုးတွေ ကျိုးကြေတဲ့အသံနဲ့ အသားတွေကို ဝါးစားနေတဲ့ အသံတွေက မြူတွေထဲကနေ ထွက်လာလို့ လူတိုင်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
ကူးယွမ်က အခြေအနေကို အကဲခတ်ရင်း ပေါင်သတုံကို တိုးတိုးလေး မေးလိုက်တယ်
"အစ်ကိုပေါင်... ဒီလူကို သိလား"
ပေါင်သုံတုံက မျက်နှာပျက်ပျက်နဲ့
"မမှားဘူးဆိုရင် ဒါက ဝိညာဉ်ငိုကြွေးကလေးပဲ သူက ဟွာယန်ပြည်နယ်က စုန်းအတတ်လိုက်စားတဲ့ မိစ္ဆာတစ်ယောက်ပဲ"
"သူက ကောင်းကင်ဘုံအဆင့်မဟုတ်ဘူးလား" လို့ ကူးယွမ်က ထပ်မေးလိုက်သည်။
"မဟုတ်ဘူး... ဒါပေမဲ့ သူ့ကို လျှော့မတွက်နဲ့ သူ့ရဲ့ မြူနှင်းတွေက လူတွေရဲ့ အာရုံကို ဝေဝါးစေပြီး ထင်ယောင်ထင်မှားတွေ ဖြစ်စေတာ။ အဲဒီထဲမှာ သူမွေးထားတဲ့ ဝိညာဉ်တွေလည်း ရှိတယ်။ ဒီနည်းနဲ့ သူက အင်းနိတ်သိုင်းဆရာ အများကြီးကို သတ်ခဲ့ဖူးတယ်"
"ကောင်းကင်ဘုံအဆင့် မဟုတ်ရင်တော့ အေးဆေးပဲ" လို့ ကူးယွမ်က စိတ်ထဲကနေ တွေးလိုက်ပြီး ဓားကို တင်းတင်းဆုပ်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။