အခန်း (၁) တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ကမ္ဘာကြီးပါလား
ယွင်မုံတောင်ခြေရှိ ပျက်စီးယိုယွင်းနေသော ရွှံ့အုတ်အိမ်လေးတစ်လုံးအတွင်း၌။
"ဒါဆို ငါတခြားကမ္ဘာကို ကူးပြောင်းရောက်ရှိလာတာပေါ့လေ"
ခုတင်ပေါ်တွင် လှဲလျောင်းနေသော ကူးယွမ်သည် တစ်ကိုယ်လုံး မအီမသာဖြစ်နေသဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။
၎င်း၏နဖူးမှာ ပူကျစ်နေပြီး ကိုယ်လက်များ နုံးချိကာ ခေါင်းထဲတွင် မူးဝေနေသည့်အပြင် ဝမ်းဗိုက်ထဲ၌လည်း ဆာလောင်မှုကြောင့် အောင့်တက်နေသည်။
သူ၏ ခါး၊ ဗိုက်၊ လက်မောင်းနှင့် ပခုံးတို့တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာအချို့ ရှိနေသည်။
ထိုဒဏ်ရာများမှာ တိရစ္ဆာန်တစ်ကောင်ကောင်၏ ကိုက်ခဲဆွဲဖြဲထားသော အစွယ်ရာများဖြစ်ကြောင်း ထင်ရှားနေပြီး ဒဏ်ရာပေါ်တွင် ဆေးမှုန့်များ ဖြူးထားသော်လည်း အနားသတ်များမှာ ခရမ်းပုပ်ရောင်သန်းကာ ပြည်နှင့်သွေးများ စိမ့်ထွက်နေသည်။
ကူးယွမ်သည် မိမိကိုယ်ကို အားနည်းနေရခြင်းမှာ ဒဏ်ရာများ ပိုးဝင်နေခြင်းကြောင့် ဖြစ်ကြောင်း ကောင်းကောင်းသိသည်။ ဤဒဏ်ရာများမှာ ခွေးကိုက်ခံထားရခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ခရိုင်အတွင်းရှိ ထင်ရှားသော ချန်မိသားစုမှ သခင်လေး ချန်ယွန့်ကျဲသည် သူငယ်ချင်းများကို ခေါ်ဆောင်ကာ မြင်းစီး၊ ခွေးလိုက်ရင်း တောင်ပေါ်သို့ အမဲလိုက်ထွက်ခဲ့ကြသည်။
ထိုစဉ်က ကူးယွမ်သည် လယ်ထဲတွင် အလုပ်လုပ်နေစဉ် အမဲလိုက်ခွေးများ၏ ဝိုင်းဝန်းကိုက်ခဲခြင်းကို ခံခဲ့ရသည်။
ခွေးများက သူ့ကို သားကောင်ဟု မှားယွင်းမှတ်ယူခဲ့ကြခြင်းဖြစ်ပြီး သူသည် နာကျင်မှုကြောင့် သတိလစ်သွားခဲ့သည်။
ထိုလူစုမှာမူ သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ တောင်ပေါ်သို့ ဆက်လက်ထွက်ခွာသွားကြသည်။
ကံကောင်းထောက်မစွာဖြင့် ဤဘဝမှ မိဘများက သတင်းကြားကြားချင်း သူ့ကို အလှည့်ကျပိုးကာ အိမ်သို့ ပြန်သယ်လာပြီး ဆရာဝန်ပင့်၍ ကုသပေးခဲ့ခြင်းဖြစ်သည်။
ကူးယွမ်သည် ယခုမှသာ သတိပြန်လည်လာပြီး သူ၏ယခင်ဘဝမှ မှတ်ဉာဏ်များလည်း ပြန်လည်ပွင့်လင်းလာခဲ့သည်။
သူတို့ကခွေးတွေကိုလွှတ်ပြီး လူကိုဒုက္ခပေးရုံတင်မကဘူး ပြီးတော့လည်း ငါ့ကို ဝက်တစ်ကောင် ခွေးတစ်ကောင်လို သဘောထားပြီး လုံးဝပစ်ထားခဲ့ကြတာပဲ။
တောက်... ချန်ယွန့်ကျဲ ဒီကမ္ဘာမှာ အောက်ခြေလူတန်းစားတွေအတွက် လူ့အခွင့်အရေးဆိုတာ လုံးဝမရှိပါလား။
လွန်ခဲ့သော သုံးရက်က အမဲလိုက်ခွေးများ၏ ဝိုင်းကိုက်ခြင်းကို ခံခဲ့ရသည့် မြင်ကွင်းကို ပြန်တွေးမိသည်နှင့် ကူးယွမ်၏ ဒဏ်ရာများမှာ ပြန်လည်နာကျင်လာသလို ခံစားရသည်။
အထူးသဖြင့် မြင်းပေါ်တွင် ခန့်ခန့်ထည်ထည် ထိုင်ရင်း သူ့ကိုရွံရှာသလို ကြည့်သွားခဲ့သော လူငယ်၏ မျက်နှာကို မြင်ယောင်မိတိုင်း ဒေါသကြောင့် သွားကြိတ်မိသည်။
သို့သော် ကူးယွမ်သည် ဒေါသကို အကြာကြီး ခံစားမနေနိုင်ပါ။ သူသည် အလွန်ဆာလောင်နေပြီး လည်ချောင်းမှာလည်း ခြောက်ကပ်နေသဖြင့် ရေသောက်ရန် ကြိုးစားလိုက်သည်။
သူသည် ခုတင်ပေါ်မှ ဆင်းရန် ရုန်းကန်လိုက်သော်လည်း ခြေထောက်များက အားမရှိသဖြင့် ကြမ်းပြင်ပေါ်သို့ ခွေကျသွားကာ နာကျင်စွာ အော်ဟစ်မိသွားသည်။
"အို... ငါ့သားလေး မင်းနောက်ဆုံးတော့ သတိရလာပြီပဲ"
ထိုစဉ် အဝတ်အစားထုပ်ကို ပိုက်ထားသော ပိန်လှီလှီ အဘွားအိုတစ်ဦး တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။
ကူးယွမ် နိုးနေသည်ကို မြင်သောအခါ သူမသည် အံ့သြဝမ်းသာဖြစ်သွားပြီး ကူးယွမ်ကို အလျင်အမြန် ထူပေးလိုက်သည်။
အဘွားအိုသည် ကူးယွမ်၏ မိခင်ကူးဝမ့်ရှီပင် ဖြစ်သည်။
"အမေ ကျွန်တော် နေကောင်းပါတယ် နည်းနည်းရေငတ်နေလို့ပါ" ဟု ကူးယွမ်က အားယူပြုံးကာ ပြောလိုက်သည်။
"အေးအေး ငါ့သား နေကောင်းရင်ပြီးတာပါပဲ" ဟု ဆိုကာ ကူးဝမ့်ရှီသည် ရေတိုက်ပြီးနောက် အခန်းပြင်သို့ အပြေးထွက်သွားသည်။
"မင်းမစားရတာ ရက်ပေါင်းများပြီ အမေ အခုပဲ စားစရာသွားလုပ်ပေးမယ်"
ခဏအကြာတွင် စားစရာ ရောက်လာသည်။ ဆားရည်စိမ် မုန်လာဥခြောက် တစ်ပန်းကန်နှင့် ဆန်ပြုတ်ကျဲကျဲ နှစ်ပန်းကန်မျှသာဖစ်သည်။
၎င်းမှာ အလွန်ပင် ချို့တဲ့လှသော်လည်း ကူးယွမ်က အပြစ်မတင်ပေ ဤကမ္ဘာတွင် ဗိုက်ဝအောင် စားရခြင်းမှာပင် မင်္ဂလာတစ်ပါး ဖြစ်နေသည် မဟုတ်ပါလား။
"အမေ... အဖေရော ဘယ်သွားလဲ" ဟု ကူးယွမ်က မေးလိုက်သည်။
စကားမဆုံးခင်မှာပင် အဖိုးအိုတစ်ဦး အိမ်ထဲသို့ ဝင်လာသည်။ သူကား ကူးယွမ်၏ ဖခင် ကူးတာ့ဆန်းဖြစ်သည်။
သူသည် တစ်နေ့လုံး မြောင်းတူးပေးခဲ့သဖြင့် အလုပ်ရှင်က ပေးလိုက်သော ဆန်ကြမ်း နှစ်ပိဿာခန့်ကို ဝမ်းသာအားရ ထုတ်ပြသည်။
ထမင်းစားရင်း စကားစပ်မိရာတွင် ချန်အိမ်တော်မှ အုပ်ချုပ်ရေးမှူးဝူက ငွေစအနည်းငယ်သာ လာပေးပြီး ဤကိစ္စကို အပြင်သို့ မပေါက်ကြားစေရန် ခြိမ်းခြောက်သွားကြောင်း သိလိုက်ရသောအခါ ကူးယွမ်၏မျက်နှာ ညိုမှောင်သွားသည်။
သားလေး အဖေတို့က မြေကြီးထဲမှာ လက်သည်းနဲ့ ကုတ်ပြီးစားရတဲ့ ဆင်းရဲသားတွေပါ။ အဲဒီလို အရှိန်အဝါရှိတဲ့ မိသားစုတွေကို မဆန့်ကျင်နိုင်ပါဘူး ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ပါတော့ဟု ဖခင်ဖြစ်သူက စိုးရိမ်တကြီး ပြောသည်။
ကူးယွမ်က အေးအေးဆေးဆေးပင် ခေါင်းငြိမ့်ပြလိုက်သည် အဖေ စိတ်မပူပါနဲ့ ကျွန်တော် ပြဿနာမရှာပါဘူး။
သူသည် ယခင်ဘဝမှ ရင့်ကျက်မှုရှိနေသူဖြစ်၍ အခြေအနေကို နားလည်သည်။
အားနည်းနေချိန်တွင် သည်းခံခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူသိသည်။ သို့သော် ဤအကြွေးကိုမူ သူ ရင်ထဲတွင် မှတ်ထားလိုက်ပြီဖြစ်သည်။
စားသောက်ပြီးနောက် ကူးယွမ်သည် ခုတင်ပေါ်တွင် လှဲရင်း နောင်ရေးကို တွေးတောနေသည်။
ဆောင်းတွင်းရောက်တော့မည်ဖြစ်ရာ အစားအစာနှင့် အနွေးဓာတ်အတွက် ထင်း ရှာဖွေရန်မှာ အဓိကပြဿနာ ဖြစ်လာသည်။
ထိုစဉ် အခန်းထောင့်ရှိ ဆန်အိုးနားသို့ တောင်ကြွက်တစ်ကောင် ခိုးကြောင်ခိုးဝှက် တိုးဝင်လာသည်ကို သူမြင်လိုက်ရသည်။
ထိုကြွက်သည် ပုံမှန်အိမ်ကြွက်များထက် ပိုကြီးပြီး အမွှေးမှာ ဝါညိုရောင်ရှိကာ အသားမှာလည်း အလွန်အားရှိကြောင်း သူမှတ်မိသည်။
ကူးယွမ်သည် အသားမစားရသည်မှာ ကြာပြီဖြစ်သဖြင့် တိတ်တဆိတ် ထလိုက်ပြီး ထိုကြွက်ကို အဝတ်ဖြင့် အုပ်ကာ ဖမ်းဆီးလိုက်သည်။
ကြွက်ကလေးမှာ ရုန်းကန်ရင်း အော်ဟစ်နေသည် ကူးယွမ်က ကြွက်ကို သတ်ရန် ဖိနပ်ဖြင့် ရိုက်မည်အပြုတွင် သူ၏မျက်စိရှေ့၌ စာတန်းလေးတစ်ခု ပေါ်လာလေသည်။
သင်သည် တောင်ကြွက် (အဆင့်-အဖြူ) တစ်ကောင်ကို ဖမ်းမိထားသည် ၎င်းကို ယဉ်ပါးအောင်ပြုလုပ်လိုပါသလား။