အခန်း (၃၁) - အင်အားပြသခြင်း
ထိုအစေခံမိန်ကလေးသည် ချန်ချန်၏ အကြည့်ကို သတိပြုမိသွားပြီး နှလုံးသားထဲတွင် ရုတ်တရက် ချမ်းစိမ့်သွားကာ တစ်စုံတစ်ဦးသော ကြောက်မက်ဖွယ် လူပုဂ္ဂိုလ်တစ်ဦးက သူမအား စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်တကား။ သို့သော် သူမ မည်သို့ပင် ကြည့်စေကာမူ ချန်ချန်သည် အန္တရာယ်ပြုမည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောသူတစ်ဦးကဲ့သို့ ဖြစ်နေပြန်သည်။
“အစေခံတစ်ယောက်အနေနဲ့ ယဉ်ကျေးမှုကို မေ့လျော့နေရင် ဆုံးမတာ ခံရဖို့ပဲ ရှိတာပေါ့။ တကယ်လို့ မင်းသမီးက သူမရဲ့ အစေခံတွေကို မဆုံးမတတ်ဘူးဆိုရင်လည်း ကိုယ်တော်ကပဲ ကိုယ်စား ဆုံးမပေးရုံပေါ့”
ချန်ချန်၏ လေသံသည် အရေးမပါသော ကိစ္စတစ်ခုကို ပြောဆိုနေသကဲ့သို့ ပေါ့ပါးလှသည်။ ထို့နောက် ချန်ချန်သည် သူ၏နောက်မှ အစောင့်တစ်ယောက်ကို လက်ဟန်ပြလိုက်သည်။ ချန်ချန်၏ ရည်ရွယ်ချက်ကို နားလည်သွားသဖြင့် ထိုအစောင့်သည် မင်းသမီး၏ အစေခံမိန်ကလေးထံသို့ လျှောက်လှမ်းသွားသည်။ ထိုအစေခံမိန်းကလေး၏ မယုံကြည်နိုင်သော အကြည့်အောက်တွင်ပင် သူသည် လက်စွပ်ကို ပင့်တင်ကာ ပြင်းထန်သော ပါးရိုက်ချက် နှစ်ချက်ကို ကျွေးလိုက်လေသည်။
“ဖြန်း! ဖြန်း!”
ချန်ချန်ထံတွင် တာဝန်ပေးအပ်ထားသော အစောင့်များသည် မိသားစု၏ အထူးရွေးချယ်ထားသော အထက်တန်းလွှာများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီသည် အနည်းဆုံး ကြယ်တစ်ပွင့် ဒိုရှီ အဆင့် ကျင့်ကြံခြင်း ရှိကြသည်။ ဤအစောင့်သည် ဒိုချီ ကို အသုံးမပြုခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ခွန်အားသည် ကြီးမားလှဆဲပင် ဖြစ်သည်။ ချန်ချန်၏ အမိန့်ကြောင့် အစောင့်သည် အလှပန်းလေးတစ်ပွင့်ကို သနားညှာတာသဖြင့် လက်တွန့်ဆုတ်ခြင်း မရှိရဲပေ။
ထိုပါးရိုက်ချက် နှစ်ချက်သည် အစေခံမိန်ကလေးငယ်ကို ကြမ်းပြင်ပေါ်သို့ လဲကျသွားစေသည်။ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရင်း ပါးပြင်ပေါ်မှ ပူလောင်သော နာကျင်မှုကြောင့် အစေခံမိန်ကလေးသည် မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမ ယခုအခါ သေချာသွားသည်မှာ—တစ်စုံတစ်ဦးသည် သူမအား တကယ်ကို ရိုက်ရဲသည်ဟူ၍ ဖြစ်သည်။ စကားပုံတစ်ခု ရှိသည်မဟုတ်ပါလော၊ ခွေးကို ရိုက်လျှင်ပင် ယင်း၏အရှင်ကို ငဲ့ရသည်ဟူ၍။ မင်းသမီး၏ အစေခံတစ်ဦးအနေဖြင့် သူမ၏ အသက်မွေးဝမ်းကျောင်းသည် နိမ့်ကျနိုင်သော်လည်း လူအများစုသည် မင်းသမီး၏ မျက်နှာကို ထောက်ထား၍ သူမအား ရိုသေမှုကို ပြသကြဆဲ ဖြစ်သည်။ သို့သော် ယနေ့တွင် မင်းသမီး၏ မျက်စိရှေ့မှောက်တွင်ပင် သူမသည် အရိုက်ခံလိုက်ရသည်။ ဤသည်မှာ သူမ၏ ပါးကို ရိုက်ရုံမျှမက မင်းသမီး၏ သိက္ခာကိုပါ နင်းခြေလိုက်ခြင်းလည်း ဖြစ်သည်။
“ဟုန်လွမ်!”
သူမ၏ အစေခံ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လျှင် မင်းသမီးသည် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ သူမသည် အစေခံ၏ နံဘေးသို့ အပြေးအလွှား သွားရောက်ကာ သူမအား ရိုက်နှက်ခဲ့သော အစောင့်ကို တွန်းဖယ်လိုက်သည်။ အစေခံ၏ ပါးပြင်တစ်ဖက်စီတွင် လက်ဝါးရာတစ်ခုစီ ထင်ကျန်နေပြီး နှုတ်ခမ်းထောင့်တွင် သွေးစများ တွဲလောင်းကျနေသည်။
“ဟုန်လွမ်၊ ညည်း ဘယ်လိုနေသေးလဲ” ရော့ရွှဲက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ရော့ရွှဲ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများသည် အစစ်အမှန်များ ဖြစ်ကြသည်။ ဟုန်လွမ် အမည်ရှိသော ဤအစေခံသည် ရော့ရွှဲ အလွန်ငယ်ရွယ်စဉ် ကတည်းက သူမ၏ နံဘေးတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အတူတကွ ရှိနေခဲ့ကြပြီးနောက် ၎င်းတို့အကြားတွင် နက်ရှိုင်းသော သံယောဇဉ်တစ်ခု သဘာဝအလျောက် ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
“မင်းသမီး၊ ကျွန်မ ဘာမှမဖြစ်ပါဘူး”
အစေခံ၏ အသံသည် တိုးညင်းလှသော်လည်း စကားပြောခြင်းက သူမ၏ မျက်နှာပေါ်မှ ဒဏ်ရာများကို ဆွဲဆန့်သကဲ့သို့ ဖြစ်စေသဖြင့် နာကျင်မှုကြောင့် မျက်နှာလေး ရှုံ့မဲ့သွားသည်။ အစေခံ၏ နာကျင်နေသော မျက်နှာအမူအရာကို မြင်လျှင် မင်းသမီးသည် သူမ၏ လက်ချောင်းပေါ်မှ သိုလှောင်မှုလက်စွပ်ကို ထိတွေ့ကာ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ သူမသည် အစိမ်းရောင် ဆေးလုံးတစ်လုံးကို ငှဲ့ထုတ်ကာ အစေခံ၏ ပါးစပ်ထဲသို့ တိုက်ကျွေးလိုက်သည်။
၎င်းသည် ဒုတိယအဆင့် အနာကျက်ဆေးလုံးတစ်လုံး ဖြစ်သည်။ ၎င်းသည် တန်ဖိုးအများကြီးမရှိသော်လည်း ပြင်ပဒဏ်ရာများအတွက် အလွန် ထိရောက်မှု ရှိသည်။ ရော့ရွှဲ၏ အဆင့်အတန်းနှင့်ဆိုလျှင် ထိုကဲ့သို့သော ဆေးလုံးများကို ရရှိရန်မှာ အားစိုက်ထုတ်ရန် မလိုဘဲ သူမသည် ကိုယ်ခံပညာရှင်များအတွက် မရှိမဖြစ်လိုအပ်သော ဆေးလုံးအတော်များများကို ဆောင်ထားလေ့ရှိသည်။ ဆေးလုံးကို သောက်သုံးပြီးနောက် အစေခံ၏ မျက်နှာအဆင်းသည် အနည်းငယ် ကောင်းမွန်လာသည်။ သို့သော် သူမ၏ မျက်နှာပေါ်မှ လက်ဝါးရာနှစ်ခုမှာမူ ထိုမျှလွယ်လွယ်ကူကူနှင့် ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ရော့ရွှဲသည် အစေခံကို တွဲထူ၍ မတ်တတ်ရပ်စေသည်။ ယခုအခါတွင် အစေခံသည် ချန်ချန်ကို ကြည့်သောအခါ သူမ၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။ ရော့ရွှဲသည် သူမ၏ အစေခံနံဘေးသို့ အပြေးအလွှား သွားရောက်စဉ်က ချန်ချန်သည် သူမအား တားဆီးခြင်း မပြုခဲ့ပေ။ သူသည် ကျောက်စိမ်းလှေအိမ်တော်မှ အထူးတလည် ပံ့ပိုးပေးထားသော မွှေးပျံ့လှသည့် လက်ဖက်ရည်ကြမ်းကို အေးအေးလူလူ သောက်သုံးနေရင်း ရော့ရွှဲ၏ လုပ်ဆောင်ချက်များကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။
သူမက တော်တော်လေး သနားကြင်နာတတ်တဲ့ မိန်းကလေးပဲ။ ချန်ချန်သည် သူ၏နှလုံးသားထဲတွင် မင်းသမီးအား ထိုသို့ အကဲဖြတ်လိုက်သည်။ သူမ၏ အစေခံအပေါ် ထိုမျှလောက် ဂရုစိုက်ခြင်းသည် ရော့ရွှဲသည် မိုက်မဲဆိုးသွမ်းသော အလိုလိုက်ခံထားရသည့် အမျိုးသမီးပျိုတစ်ဦး မဟုတ်ကြောင်း ပြသရန် လုံလောက်လှသည်။
“မင်းသမီး၊ ဒီလို ရိုင်းစိုင်းတဲ့လူကို ဒီမှာ မထားတာ အကောင်းဆုံးပဲ၊ ငါတို့ရဲ့ ခံစားချက်ကို ဖျက်ဆီးမခံရအောင်လို့လေ” ချန်ချန်က တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး သူ၏ အကြည့်သည် ဟုန်လွမ်ထံသို့ ဝေ့ဝဲသွားသည်။ သူပြောဆိုသော ရိုင်းစိုင်းသည့်လူမှာ သဘာဝကျစွာပင် ရော့ရွှဲ၏ အစေခံ ဖြစ်သည်။
“မင်းသမီး...” ချန်ချန်၏ စကားကို ကြားလျှင် ဟုန်လွမ်သည် သူ၏ အကြည့်ကို ရှောင်ဖယ်လိုက်ပြီး သူ၏ မျက်ဝန်းများကို မကြည့်ရဲဘဲ ရော့ရွှဲအား တိုးညင်းစွာ ခေါ်လိုက်သည်။
“ရပါတယ်၊ အပြင်ကို အရင်ထွက်နှင့်တော့” ရော့ရွှဲသည် ဟုန်လွမ်၏ လက်ကို ပုတ်ကာ ညင်သာစွာ ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်မ အပြင်မှာပဲ စောင့်နေပါ့မယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပါဦး” ထိုသို့ ပြောပြီးနောက် အစေခံသည် အခန်းထဲမှ နာခံစွာ ထွက်ခွာသွားသည်။
“လျိုထုံ၊ မင်းလည်း ထွက်သွားသင့်တယ်” ချန်ချန်က ထပ်မံ၍ ခေါ်လိုက်သည်။
လျိုထုံဟူသည်မှာ အခန်းထဲတွင် စောင်းတီးနေသော မိန်းကလေး၏ အမည် ဖြစ်သည်။ သူမသည် စောင်းတီးခတ်ခြင်းတွင် ကျွမ်းကျင်ပြီး ကျောက်စိမ်းလှေအိမ်တော်တွင် ဖျော်ဖြေခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်သည်။ ဧည့်သည်များသည် ငွေကြေးအချို့ ပေးဆောင်ကာ သူမအား လာရောက်၍ တီးခတ်ဖျော်ဖြေခိုင်းနိုင်သည်။ ချန်ချန်သည် လျိုထုံသည် ကျောက်စိမ်းလှေအိမ်တော်တွင် တော်တော်လေး လူသိများကြောင်း ကြားသိခဲ့ရသဖြင့် ရွှေဒင်္ဂါးပြား တစ်ထောင်ကို သုံးစွဲကာ တစ်နေ့တာလုံး ဖျော်ဖြေရန် သူမအား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ချန်ချန်သည် ဂီတကို နားမလည်သော်လည်း လျိုထုံ၏ တီးခတ်မှုသည် သူ့အား တော်တော်လေး စိတ်သက်သာရာရစေသည်။ သူသည် စောင်းသံကို တော်တော်လေး နှစ်သက်မိသည်။
ချန်ချန်၏ စကားကို ကြားလျှင် စောင်းတီးနေသော အမျိုးသမီးသည် သူမ၏ ဖျော်ဖြေမှုကို ရပ်တန့်လိုက်သည်။ သူမသည် ထရပ်ကာ တူရိယာကို သူမ၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်ပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။ သူမ၏ ယဉ်ကျေးမှုမှာ အပြစ်ပြောစရာ မရှိပေ၊ စောင်းတီးခတ်သော မိန်းကလေးများသည် ရှေးဆန်သော ကျော့ရှင်းမှု အရသာကို အမြဲတမ်း ပိုင်ဆိုင်ထားကြစမြဲ ဖြစ်သည်။ စောင်းကို ကိုင်ဆောင်ထားရင်း လျိုထုံသည် တိုင်းတာထားသကဲ့သို့သော ခြေလှမ်းငယ်များဖြင့် အခန်းထဲမှ ဖြည်းညှင်းစွာ ဆုတ်ခွာသွားသည်။ ချန်ချန်၏ အစောင့်က ရှေးဦးစွာ လူကို ရိုက်နှက်စဉ်က လျိုထုံသည်လည်း လန့်ဖျတ်သွားခဲ့ရပြီး သီချင်းတစ်ပိုဒ်ကို မှားယွင်းစွာ တီးခတ်မိခဲ့သည်။ သူမသည် သူမ၏ ဧည့်သည်က သတိပြုမိခြင်း ရှိမရှိ မသိသော်လည်း စိတ်ထဲတွင် အားနာမိဆဲပင် ဖြစ်သည်။ ကောင်းမွန်သော စကားလုံးဖြင့် ပြောရလျှင် သူမ၏ အသက်မွေးဝမ်းကျောင်းသည် အနုပညာဖြင့် အသက်မွေးခြင်း ဖြစ်သည်။ သို့သော် အာဏာရှိသူများနှင့် ချမ်းသာသူများ၏ ရှေ့မှောက်တွင်မူ သူမသည် အလွန်တရာ နိမ့်ကျလှဆဲပင် ဖြစ်သည်။
“မင်းသမီး၊ ကျေးဇူးပြုပြီး ထိုင်ပါ။ မင်းသမီးကို အဲဒီလို မတ်တတ်ရပ်ခိုင်းထားရတာ ကိုယ်တော် စိတ်မကောင်းဖြစ်ရတယ်” ပတ်သက်မှုမရှိသူများ အားလုံး ထွက်ခွာသွားပြီးနောက် ချန်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်။
ချန်ချန်သည် ထိုသို့ ပြောဆိုသော်လည်း သူ၏ အတွင်းစိတ်ထဲတွင် အနည်းငယ်မျှပင် စိတ်မကောင်း ဖြစ်မနေပေ။ အင်ပါယာတွင် အင်အားကြီးမားသော ဂိုဏ်းအဖွဲ့အစည်းများစွာ ရှိသော်လည်း တော်ဝင်မိသားစုမှာမူ အားနည်းပြီး အာဏာမဲ့လှသဖြင့် အောက်ခြေလူတန်းစားများအပေါ် ၎င်းတို့၏ ထိန်းချုပ်မှုမှာ အထူးတလည် တင်းကျပ်ခြင်း မရှိပေ။ အောက်ခြေရှိ လူအများစုသည် မိမိတို့ဘာသာ အင်အားစုများကို တည်ထောင်ထားကြပြီး တော်ဝင်မိသားစု၏ အမိန့်များကို နှုတ်ပရိယာယ်ဖြင့်သာ နာခံကြသည်။ တကယ်၍ တော်ဝင်မိသားစုတွင် စစ်တပ်သာ မရှိတော့လျှင် ထိုအောက်ခြေရှိ လူများသည် တော်ဝင်မိသားစုကို ပို၍ပင် အရေးစိုက်ကြမည် မဟုတ်ပေ။ ကိုယ်ခံပညာခွန်အားကို ကိုးကွယ်သော နိုင်ငံတစ်ခုတွင် တော်ဝင်စနစ်သည် အသုံးဝင်မှု နည်းပါးလှသည်။ ခွန်အားကြီးမားသူများသာလျှင် လေးစားမှုကို ခံထိုက်ခြင်း ဖြစ်သည်။
ရော့ရွှဲသည် အစ်ဇူမိုအင်ပါယာ ဧကရာဇ်၏ သမီးတော် ဖြစ်ပြီး မွန်မြတ်သော အဆင့်အတန်းရှိသည့် မင်းသမီးတစ်ပါး ဖြစ်သည်။ သို့သော် ချန်ချန်သည် ကြယ်ငါးပွင့် ဒိုဧကရာဇ် ဖြစ်သော ချန်ယွမ်၏ သားဖြစ်ပြီး ကြယ်ကိုးပွင့် ဒိုဧကရာဇ် ဖြစ်သော ချန်ယဲ့၏ မြေးဖြစ်သည်။ ကြီးမြတ်သော တိုက်ပွဲဧကရာဇ် နှစ်ဦး၏ ကျောထောက်နောက်ခံ ရှိသဖြင့် ချန်ချန်၏ အဆင့်အတန်းသည် အင်ပါယာ၏ မင်းသားများနှင့် မင်းသမီးများ၏ အထက်တွင်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။
ချန်ချန်၏ စကားကို ကြားပြီးနောက် ရော့ရွှဲသည် သူနှင့် မလှမ်းမကမ်းရှိ နူးညံ့သော ကုလားထိုင်တစ်လုံးကို ရှာဖွေကာ ထိုင်လိုက်ပြီး ချန်ချန်ကို အကဲခတ်နေသည်။ ထိုကဲ့သို့ စိတ်အပြောင်းအလဲ မြန်လှသော လူတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ ရော့ရွှဲသည် ချန်ချန်၏ အတွေးများကို နားမလည်နိုင် ဖြစ်ရသည်။ သို့သော် သူသည် အလွန်တရာ အန္တရာယ်ရှိသော လူတစ်ဦး ဖြစ်ကြောင်းကိုမူ သူမ သေချာနေခဲ့သည်။
ရော့ရွှဲ ထိုင်လိုက်သည်ကို မြင်လျှင် ချန်ချန်သည် အစောင့်တစ်ယောက်ကို လှမ်းခေါ်ကာ “သွားပြီးတော့ လောဆော်လိုက်စမ်း။ ငါ အော်ဒါမှာထားတဲ့ ဟင်းပွဲတွေ ဘာလို့ အခုထိ မလာသေးတာလဲ” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့။” ချန်ချန်၏ အမိန့်ကို ရရှိပြီးနောက် အစောင့်သည် အခန်းထဲမှ ချက်ချင်း ထွက်ခွာသွားသည်။
“မင်းသမီး၊ ခရီးသွားရတာ ပင်ပန်းနွမ်းနယ်ခဲ့ရပြီ။ မင်းသမီးကို ကြိုဆိုဖို့နဲ့ ခရီးပန်းတာတွေကို ဆေးကြောပေးဖို့အတွက် ကိုယ်တော် အစားအစာအချို့ကို အထူးတလည် ပြင်ဆင်ထားတယ်” ချန်ချန်က ပြောဆိုလိုက်သည်။
“သခင်လေးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်၊ ရော့ရွှဲ အလွန်ပဲ ကျေးဇူးတင်မိပါတယ်”
ချန်ချန်၏ အဆင့်အတန်းနှင့်ဆိုလျှင် ကျောက်စိမ်းလှေအိမ်တော်သည် သူမှာယူထားသော စာရင်းကို လျစ်လျူရှုရန် မရဲဝံ့ပေ။ ၎င်းတို့သည် သူလိုအပ်သမျှ အရာအားလုံးကို လွန်ခဲ့သော အချိန်ကတည်းက ပြင်ဆင်ထားပြီး ဖြစ်ကာ ဟင်းပွဲများကို လာရောက်ချပေးရန် ချန်ချန်၏ အမိန့်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ကျောက်စိမ်းလှေအိမ်တော်သည် မည်သို့ပင်ဆိုစေ အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင် ဖြစ်ပြီး ၎င်းတွင် အထူးစက်ပစ္စည်းများ ရှိသည်။ ဟင်းပွဲများကို ကြိုတင်ပြင်ဆင်ထားခဲ့လျှင်ပင် ၎င်းတို့ကို မီးဖိုချောင်ထဲမှ လတ်လတ်ဆတ်ဆတ် ထွက်လာသကဲ့သို့ပင် ချပေးနိုင်ရန် ၎င်းတို့ အာမခံနိုင်ဆဲ ဖြစ်သည်။