အခန်း (၃၀) - သုံးဆယ်ယောက်မြောက်မင်းသမီး
ယန်လင်ခရိုင်အတွင်းသို့ ဝင်ရောက်လာကတည်းက မင်းသမီးလေးသည် မင်းသမီးတစ်ပါး ခံစားခွင့်ရှိသော တရားဝင်ဧည့်ဝတ်ပြုမှုမျိုးကို တစ်ချက်မျှ မရရှိခဲ့ရှာပေ၊၊ သူမသည် သုံ့ပန်းတစ်ယောက်ကဲ့သို့ စစ်သည်တစ်စု၏ ဝန်းရံစောင့်ကြပ်မှုဖြင့် အန်ယန်မြို့ သို့ ခရီးနှင်ခဲ့ရသည်၊၊
“မင်းသမီးလေး... ကျွန်တော်တို့ အန်ယန်မြို့ကို ရောက်ပါပြီ၊၊ ဒီတပ်မှူးအနေနဲ့ မင်းသမီးလေးကို တည်းခိုဆောင် ဆီ ပို့ဆောင်ပေးပြီးရင် ကျွန်တော့်ရဲ့ တာဝန် ပြီးဆုံးပါပြီ၊၊ ကျေးဇူးပြုပြီး အပြင်ကို လျှောက်မသွားဘဲ သခင်လေးရဲ့ ခေါ်ယူမှုကိုပဲ စောင့်ဆိုင်းပေးပါ”
မြို့တံခါးကို ဖြတ်ကျော်ပြီးနောက် မင်းသမီးလေးကို လိုက်ပါပို့ဆောင်လာသော အနက်ရောင်ချပ်ဝတ် တပ်မှူးက သူမကို လှမ်းပြောလိုက်သည်၊၊ ယန်လင်ခရိုင် စစ်တပ်သည် ချန်မိသားစု၏ အမိန့်ကိုသာ နာခံကြသည်၊၊ သူတို့တွင် အစ်ဇူမိုအင်ပါယာ၏ မင်းသမီးလေးတစ်ပါးအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေရန် အကြောင်းပြချက် မရှိပေ၊၊ အကယ်၍ သူမသည် ဤလက်ထပ်ပွဲ၏ ပစ်မှတ်သာ မဟုတ်ခဲ့လျှင် ဤအနက်ရောင်ချပ်ဝတ် စစ်သည်များ၏ အပြုအမူမှာ ယခုထက် ပို၍ ဆိုးရွားလိမ့်မည်ဖြစ်သည်၊၊
“လိုက်ပါပို့ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်”
ရထားလုံးအတွင်းမှ နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံ ထွက်ပေါ်လာသည်၊၊ သူမသည် ဤစစ်သည်များ၏ ရှေ့မှောက်တွင် မည်သည့်မင်းသမီးအရှိန်အဝါမျှ မပြရဲဘဲ ကျေးဇူးတင်စကား ဆိုလိုက်ရရှာသည်၊၊ လွန်ခဲ့သော ရက်အနည်းငယ်က သူမကို လိုက်ပါပို့ဆောင်ခဲ့သော အစ်ဇူမိုစစ်သည် တစ်ရာကျော်မှာမူ ယခုထက်ထိ မြေအောက်လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရဆဲဖြစ်ပြီး ၎င်းတို့၏ ကံကြမ္မာကို မည်သူမျှ မသိကြပေ၊၊ ယန်လင်စစ်တပ်အနေဖြင့် အစ်ဇူမိုအင်ပါယာ၏ စစ်သည်များကို ဖမ်းဆီးရန် မည်သည့်ပြစ်မှုမျှ လုပ်ကြံဖန်တီးနေရန်ပင် မလိုဘဲ ဗြောင်ကျကျ ထင်ရာစိုင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်၊၊
တည်းခိုဆောင်သို့ ရောက်ရှိပြီး မင်းသမီးလေးကို အတွင်းသို့ ပို့ဆောင်ပေးပြီးနောက် လိုက်ပါပို့ဆောင်ရေးအဖွဲ့သည် ခဏမျှ အနားယူကာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြသည်၊၊ တည်းခိုဆောင် ဝန်ထမ်းများက မင်းသမီးလေး၏ အခန်းကို စီစဉ်ပေးပြီးနောက် အစေခံတစ်ဦးက သူမကို ပြောလိုက်သည်၊၊
“ဟဲဟဲ... မင်းသမီးငယ်လေး၊၊ ဒီနေရာမှာ ရက်အနည်းငယ်လောက် အောင့်အည်းသည်းခံပေးပါဦး၊၊ သခင်လေးဆီကို သတင်းပို့ဖို့ လူလွှတ်ထားပြီးပါပြီ၊၊ သခင်လေး အချိန်ရတာနဲ့ မင်းသမီးလေးကို သဘာဝအတိုင်း ခေါ်ယူပါလိမ့်မယ်”
“ဪ... ပြီးတော့ မင်းသမီးလေးအနေနဲ့ ဒီရက်ပိုင်းအတွင်း တည်းခိုဆောင်ကနေ အပြင်မထွက်ပါနဲ့ဦး၊၊ မင်းသမီးလေးရဲ့ အဆင့်အတန်းက ဒီနေရာမှာ ကြိုဆိုခြင်းမခံရပါဘူး၊၊ အကယ်၍ မင်းသမီးလေး ဒဏ်ရာရသွားရင် ဒီအောက်ခြေလူသားအနေနဲ့ သခင်လေးကို ရှင်းပြရ ခက်ပါလိမ့်မယ်”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊၊ ဒါက မင်းအတွက် ဆုလာဘ်ပါ”
မင်းသမီးလေး၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ရှိနေရင်း သူမ၏ သိုလှောင်မှုလက်စွပ် ထဲမှ ရွှေဒင်္ဂါး ငါးပြားကို ထုတ်ယူကာ ထိုအစေခံထံသို့ ကမ်းပေးလိုက်သည်၊၊ အစေခံသည် ရွှေဒင်္ဂါးများကို လက်ခံရရှိပြီးနောက် လက်ထဲတွင် အလေးချိန် တိုင်းဆကြည့်ကာ ချက်ချင်းပင် ဝမ်းမြောက်ပျော်ရွှင်သွားတော့သည်၊၊ သာမန်လူတစ်ယောက်အတွက်မူ ရွှေဒင်္ဂါး ငါးပြားသည် သေးငယ်သော ပမာဏ မဟုတ်ပေ၊၊
“ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် မင်းသမီးလေး၊၊ အကယ်၍ တခြားဘာပဲ လိုလို ဒီအောက်ခြေလူသားကို ရိုးရှင်းစွာ အမိန့်ပေးနိုင်ပါတယ်”
အကျိုးအမြတ် ရရှိသွားသဖြင့် အစေခံ၏ အပြုအမူမှာ ချက်ချင်းပင် အများကြီး ကောင်းမွန်သွားတော့သည်၊၊
“ကောင်းပြီ... တခြားဘာမှ မရှိတော့ဘူး၊၊ မင်း သွားနိုင်ပါပြီ”
မင်းသမီးလေးက ပြောလိုက်သည်၊၊ သူမ၏ စကားကြောင့် အစေခံသည် ပြန်လည်ဆုတ်ခွာသွားခဲ့သည်၊၊ သူသည် ရွှေဒင်္ဂါး ငါးပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အလွန်အမင်း ပျော်ရွှင်နေမိသည်၊၊
'မင်းသမီးလေးပီသပါပေတယ်... ငွေကြေးသုံးစွဲရာမှာ တကယ်ကို ရက်ရောတာပဲ၊၊ ငါ့ရဲ့ တစ်လစာ လစာနဲ့ ညီမျှတဲ့ ရွှေဒင်္ဂါး ငါးပြားကို ပေါ့ပေါ့ပါးပါး ပေးလိုက်တာပဲ၊၊ ဟားဟား... ဒါက တကယ်ကို အံ့ဩစရာပဲ၊၊ ဒီည သုံးဦးနွေဦးဝန်းကျင် က ငါ့ရဲ့ ဆွီဟွာ ဆီ သွားလည်လို့ ရပြီ'
အစေခံ ထွက်ခွာသွားပြီးနောက် မင်းသမီးလေးနှင့်အတူ ပါလာသော အစေခံမလေးသည် တံခါးကို ပိတ်လိုက်သည်၊၊ ထိုင်နေသော မင်းသမီးလေး၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာအမူအရာက မှေးမှိန်သွားတော့သည်၊၊ လမ်းခရီးတစ်လျှောက် သူမ မြင်တွေ့ခဲ့ရပြီး ကြားခဲ့ရသမျှ အရာအားလုံးသည် ယန်လင်ခရိုင်၏ ငြိမ်းချမ်းသာယာပြီး ဖြစ်ထွန်းအောင်မြင်နေသော အခြေအနေကို ပြသနေသည်၊၊ အရပ်သားပြည်သူအားလုံး နေထိုင်စရာ အိမ်ခြေရှိကြပြီး စားစရာရိက္ခာ ဝယ်ယူနိုင်ကြကာ ဝတ်စရာ အဝတ်အစားသစ်များ ရှိကြသည်၊၊ ၎င်းသည် ငြိမ်းချမ်းပြီး ကျေနပ်ဖွယ်ကောင်းသော လူနေမှုဘဝ မြင်ကွင်းတစ်ခု ဖြစ်သည်၊၊
စစ်ဘက်ဆိုင်ရာ ယဉ်ကျေးမှုသည်လည်း ထွန်းကားလှသည်၊၊ ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော အရောင်းဆိုင်များတွင် နေရာတိုင်း၌ လူများ ပြည့်နှက်နေကြသည်၊၊ မင်းသမီးလေးသည် ဤမြင်ကွင်းအားလုံးကို သူမ၏ ရထားလုံးထဲမှ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်၊၊ ၎င်းသည် ကြီးပွားတိုးတက်နေသော ရွှေခေတ်တစ်ခုထဲသို့ ဝင်ရောက်လာရသကဲ့သို့ပင် ဖြစ်သည်၊၊ အစ်ဇူမိုအင်ပါယာ၏ မြို့များနှင့် နှိုင်းယှဉ်လျှင် ယန်လင်ခရိုင်အတွင်းရှိ မြို့များသည် အများကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လှသည်၊၊ သူတို့ ဖြတ်ကျော်လာခဲ့သော နယ်စပ်နှင့် အန်းယန်မြို့ကြားရှိ မြို့အချို့သည်ပင် အစ်ဇူမိုအင်ပါယာ မြို့တော်ထက် ပိုမိုစည်ကား ဖွံ့ဖြိုးနေကြသည်၊၊
“အဖေက ချန်မိသားစုကို ဘာလို့ အမြဲတမ်း ကြောက်ရွံ့ခဲ့ရလဲဆိုတာ မဆန်းတော့ပါဘူး၊၊ ဤမျှ ကြီးမားတဲ့ ခွန်အားနဲ့ဆိုရင် သူ ဘယ်လိုလုပ် စိုးရိမ်စိတ် မရှိဘဲ နေနိုင်မှာလဲ”
မင်းသမီးလေးသည် သူမ၏ ရင်ထဲတွင် နက်ရှိုင်းသော ကူကယ်ရာမဲ့မှု ခံစားချက်ကို ခံစားလိုက်ရသည်၊၊
“မင်းသမီးလေး... ဒီလူတွေက လွန်လွန်းပါတယ်၊၊ မင်းသမီးလေးရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူတို့က ဘာမို့လို့ ဒီလောက် ရိုင်းစိုင်းရဲတာလဲ၊၊ မင်းသမီးလေးက အောင့်အည်းသည်းခံနိုင်ပေမဲ့ ဟုန်လွမ်း ကတော့ ဒီဒေါသကို မျိုမချနိုင်ပါဘူး”
တံခါးပိတ်ပြီးနောက် အစေခံမလေးက မကျေမနပ်ဖြင့် ဒေါသတကြီး ညည်းညူတော့သည်၊၊ သူမသည် အစေခံတစ်ဦးမျှသာ ဖြစ်သဖြင့် သူမ၏ အမြင်မှာ ဤမျှ မကျယ်ပြန့်ပေ၊၊ သူမတွင် တိုင်းပြည်နှင့် လူမျိုးအတွက် စိုးရိမ်ပူပန်ပေးမည့် အတွေးမျိုး မရှိပေ၊၊ သူမ ခံစားရသည်မှာ မင်းသမီးလေးသည် တော်ဝင်နန်းတော်ထဲတွင် အလိုလိုက်ခြင်း ခံခဲ့ရပြီး လေးစားမှု ခံခဲ့ရသူ ဖြစ်သော်လည်း ဤနေရာတွင်မူ မတရား ဆက်ဆံခံရမှုများမှတစ်ပါး ဘာမှမရရှိခဲ့ပေ၊၊ သာမန် စစ်သားအညတရ အချို့ကပင် မင်းသမီးလေးကို အမိန့်ပေးဝံ့ကြသည်၊၊ သူမသည် မင်းသမီးလေးအတွက် စိတ်မကောင်း ဖြစ်နေမိသည်၊၊
“ပြီးတော့ ချန်မိသားစုရဲ့ အဲဒီ သခင်လေးဆိုတဲ့သူကလည်း ဘာမှ အသုံးမကျပါဘူး၊၊ မင်းသမီးလေးက ဒီလောက်အဝေးကြီးကနေ လာခဲ့တာကို သူက ကြိုဆိုခြင်းမရှိတာက တစ်ပိုင်း၊ အခုတော့ သူမကို ဒီနေရာမှာ စောင့်ခိုင်းထားသေးတယ်၊၊ တကယ်ကို ယုတ်မာလွန်းပါတယ်”
“ပြီးတော့ အဲဒီစစ်သားက သူ့သခင်လေးရဲ့ ခေါ်ယူမှုကို စောင့်ရမယ်လို့တောင် ပြောသေးတယ်၊၊ သူက မင်းသမီးလေးကို ခေါ်ယူဖို့ ဘာအရည်အချင်း ရှိလို့လဲ”
အစေခံမလေးက ဒေါသတကြီး ညည်းညူနေတော့သည်၊၊ သူမ တစ်ခါမျှ မတွေ့ဖူးသေးသော ချန်ချန်သည်ပင် သူမ၏ မကျေနပ်ချက်များထဲတွင် ပါဝင်သွားခဲ့ရသည်၊၊
“ကဲပါ... ဟုန်လွမ်းရယ်၊ ညည်းညူမနေပါနဲ့တော့၊၊ ငါတို့က သူတို့နယ်မြေထဲ ရောက်နေတာဆိုတော့ သတိထားတာက ပိုကောင်းပါတယ်၊၊ ငါ ပင်ပန်းနေပြီ၊၊ သွားပြီး ရေတစ်ဇလုံလောက် ခပ်ပေးစမ်းပါ”
မင်းသမီးလေးက ဤကိစ္စနှင့် ပတ်သက်၍ ဆက်လက်ငြင်းခုံရန် ဆန္ဒမရှိသဖြင့် အကြံပေးလိုက်သည်၊၊
တစ်ရက်ခွဲခန့် ကြာပြီးနောက် ချန်ချန်သည် မင်းသမီးလေး ရောက်ရှိလာသည့် သတင်းကို ရရှိခဲ့သည်၊၊
“သူမကို နက်ဖြန် နေ့လယ်ကျရင် ကျောက်စိမ်းလှေအိမ်တော်ကို သွားခိုင်းလိုက်ပါ၊၊ ငါ အဲဒီမှာ စောင့်နေမယ်လို့ ပြောလိုက်”
ချန်ချန်က သတင်းလာပို့သော တာဝန်ခံတစ်ဦးကို ပြောလိုက်သည်၊၊
“ဟုတ်ကဲ့ပါ”
ချန်ချန်၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် တာဝန်ခံသည် လင်းကျန်းခြံဝန်း မှ ထွက်ခွာသွားပြီး ချန်ချန်၏ အမိန့်ကို ဆင့်ဆိုလိုက်တော့သည်၊၊
နောက်တစ်နေ့ နေ့လယ်၊ ကျောက်စိမ်းလှေအိမ်တော်တွင် ဖြစ်သည်၊၊ ဤနေရာသည် အန်ယန်မြို့တွင် အလွန်ကျော်ကြားသော စားသောက်ဆိုင်တစ်ခု ဖြစ်ပြီး အပန်းဖြေခြင်း၊ ဖျော်ဖြေရေးနှင့် စားသောက်ခြင်းတို့ကို ပေါင်းစပ်ထားသည့် နေရာဖြစ်သည်၊၊ အနိမ့်ဆုံး ကုန်ကျစရိတ်မှာ ရွှေဒင်္ဂါး တစ်ရာမှ စတင်ပြီး နောက်ထပ် ဝန်ဆောင်မှု အနည်းငယ်ကို မှာယူလိုက်ရုံမျှဖြင့် ကျသင့်ငွေမှာ ရွှေဒင်္ဂါး တစ်သောင်းအထိ အလွယ်တကူ ရောက်ရှိသွားနိုင်သည်၊၊ ချမ်းသာကြွယ်ဝသော မျိုးနွယ်စုများနှင့် မှူးမတ်များသာလျှင် ဤကဲ့သို့သော နေရာမျိုးကို သုံးစွဲနိုင်ကြသည်၊၊
အနုပညာဆန်လှသော သီးသန့်အခန်းတစ်ခုအတွင်း၌ ချန်ချန်သည် သက်တောင့်သက်သာရှိသော ဖော်ဆိုးကုလားထိုင်ပေါ်တွင် ထိုင်နေရင်း စာအုပ်တစ်အုပ်ကို ကိုင်ကာ တိတ်တဆိတ် ဖတ်ရှုနေသည်၊၊ အခန်း၏ ထောင့်တစ်နေရာတွင်မူ တော်တော်လေး ချစ်စရာကောင်းသော မိန်းကလေးငယ်တစ်ဦးက စောင်း တီးခတ်နေသည်၊၊ ၎င်း၏ သာယာလှသော ဂီတသံစဉ်များသည် တသွင်သွင်စီးဆင်းနေသော စမ်းရေအလား နူးညံ့ပျော့ပျောင်းပြီး နားဝင်ချိုလှသည်၊၊ ဂီတနှင့် စာအုပ်များ... ၎င်းသည်လည်း အလွန် စိတ်အေးချမ်းသာရှိလှသော လူနေမှုဘဝပုံစံတစ်ခု ဖြစ်သည်၊၊
ချန်ချန်သည် ယခုအကြိမ်တွင် ယန်လင်ကျီ သို့မဟုတ် မြွေနီတို့ကို ခေါ်ဆောင်မလာခဲ့ပေ၊၊ ဟွမ်ယောင်ရှီနှင့် ချန်မိသားစု အစောင့်အရှောက်အချို့က သူ အပြင်ထွက်စဉ်အတွင်း သူ၏ လုံခြုံရေးကို တာဝန်ယူထားကြခြင်း ဖြစ်သည်၊၊
အတန်ကြာပြီးနောက် မဟာဒိုရှီ အဆင့်ရှိသော အစောင့်အရှောက်တပ်မှူးတစ်ဦးသည် ချန်ချန်ထံသို့ ချဉ်းကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်၊၊
“သခင်လေး... မင်းသမီးရော့ရွှဲ ရောက်နေပါပြီ၊၊ သူမ အပြင်မှာ စောင့်နေပါတယ်၊၊ သူမကို အတွင်းထဲ ဝင်ခွင့်ပြုလိုက်ရမလား”
ဤအစောင့်အရှောက်တပ်မှူးသည် ဟွမ်ယောင်ရှီထက်ပင် ပိုမိုသန်မာပြီး ကြယ်ခုနစ်ပွင့် မဟာဒိုရှီကျင့်ကြံခြင်း ရှိထားသူ ဖြစ်သည်၊၊ သို့သော်လည်း သူ၏ အခန်းကဏ္ဍမှာ ဟွမ်ယောင်ရှီးနှင့် ကွဲပြားသည်၊၊ အစောင့်အရှောက်တပ်မှူးသည် ချန်မိသားစုဝင် ဖြစ်ပြီး ဟွမ်ယောင်ရှီးမှာမူ ချန်ချန်၏ ကိုယ်ပိုင် အင်အားစု ဖြစ်သည်၊၊
“သူမကို ဝင်ခွင့်ပြုလိုက်ပါ”
ချန်ချန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ရင်း ပြောလိုက်သည်၊၊
“ဟုတ်ကဲ့ပါ”
အစောင့်အရှောက်တပ်မှူးက ပြန်လည်ဖြေကြားပြီးနောက် အခန်းထဲမှ ဆုတ်ခွာသွားခဲ့သည်၊၊
အတန်ကြာပြီးနောက် အစောင့်အရှောက်တပ်မှူးသည် အခန်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ယခုအခါ သူ့နောက်တွင် မိန်းကလေးနှစ်ဦး ပါလာခဲ့သည်၊၊
“မင်းသမီးလေး... ဒါက ကျွန်တော်တို့ မိသားစုရဲ့ သခင်လေး ဖြစ်ပါတယ်”
အစောင့်အရှောက်တပ်မှူးက မင်းသမီးလေးအား ချန်ချန်ကို အလွန်ယဉ်ကျေးစွာ မိတ်ဆက်ပေးလိုက်သည်၊၊
ချန်ချန်သည် သူ၏ လက်ထဲမှ စာအုပ်ကို ညင်သာစွာ ချထားလိုက်ပြီး မင်းသမီးလေးကို အကဲခတ်ကြည့်လိုက်သည်၊၊