အခန်း (၂၉) - အနက်ရောင်ချပ်ဝတ်တပ်ဖွဲ့
တရားဝင်မင်းလမ်းမကြီးပေါ်တွင် လူတစ်ရာပါဝင်သော ခြံရံစောင့်ရှောက်ရေးတပ်ဖွဲ့သည် အနုပညာလက်ရာမြောက်လှသော ရထားလုံးတစ်စီးကို ဝန်းရံလျက် ရှေ့သို့ ခရီးနှင်နေကြသည်၊၊
“မင်းသမီးလေး... ရှေ့မီတာ ၃၀ ရောက်ရင် ယန်လင်ခရိုင် ထဲကို ဝင်ပါတော့မယ်၊၊ သူပုန်ချန်ရဲ့ နယ်မြေထဲ ရောက်သွားပြီဖြစ်လို့ ကျွန်တော်တို့ သတိထားပြီး ခရီးဆက်ရပါလိမ့်မယ်”
လူငယ်ဗိုလ်ချုပ်တစ်ဦးသည် သူ၏ မြင်းအရှိန်ကို လျှော့လိုက်ပြီး ရထားလုံးဘေးသို့ ကပ်မောင်းရင်း အတွင်းရှိ လူကို လှမ်းပြောလိုက်သည်၊၊
“ဗိုလ်ချုပ်လီ... အရာအားလုံးကို ဗိုလ်ချုပ်လက်ထဲပဲ အပ်ပါတယ်နော်”
ရထားလုံးအတွင်းမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်၊၊
“စိတ်ချပါ မင်းသမီးလေး၊၊ ကျွန်တော့်ရဲ့ ခွန်အားရှိသမျှနဲ့ မင်းသမီးလေးကို ကာကွယ်ပေးပါ့မယ်”
လူငယ်ဗိုလ်ချုပ်က လေးနက်စွာ ပြောလိုက်သည်၊၊ သူသည် ဤမင်းသမီးငယ်လေးကို စိတ်ထဲမှ ကြာမြင့်စွာကတည်းက သဘောကျခဲ့ရသူဖြစ်သည်၊၊ သို့သော်လည်း သူမ နိုင်ငံရေးလက်ထပ်ပွဲတစ်ခုအတွက် အဝေးသို့ ပို့ဆောင်ခံရသည့်အခါတွင်မူ သူမကို လိုက်ပါပို့ဆောင်ရန် သူ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်၊၊ တကယ့်ကို သရော်စာဆန်လှသည်ပဲ၊၊ ဗိုလ်ချုပ်လီသည် သူ၏ လူငယ်ဘဝတွင်ကတည်းက ကျော်ကြားမှုကို ရရှိခဲ့ပြီး ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် စစ်ဘက်ဆိုင်ရာ ရာထူးတစ်ခုကို ရရှိထားသူဖြစ်သည်၊၊ ချန်မိသားစု၏ အကြီးဆုံး သခင်လေးဆိုသောသူကကော ဘာအသုံးကျလို့လဲ... သူပုန်ရဲ့ သားတစ်ယောက်က သူ့လို စစ်ဘက်အနွယ်ဝင် မျိုးရိုးက ဆင်းသက်လာသူတစ်ဦးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊၊
“ညီနောင်တို့... ရှေ့မှာ သူပုန်ချန်ရဲ့ နယ်မြေရှိတယ်၊၊ အမြဲတမ်း မျက်စိဖွင့် နားစွင့်ထားကြ”
ဗိုလ်ချုပ်လီက သူ၏ အမိန့်ကို ကျယ်လောင်စွာ အော်ပြောလိုက်သည်၊၊
“ဟုတ်ကဲ့ပါ”
စစ်သည်တစ်ရာကျော်က တညီတညွတ်တည်း ပြန်လည်ထူးကြသည်၊၊
“ဟျား...”
ဗိုလ်ချုပ်လီသည် သူ၏ ရင်ထဲမှ မကျေနပ်ချက်များကို မြင်းကြိမ်လုံးပေါ်သို့ ပုံအောလိုက်ပြီး သူ၏ မြင်းခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်၊၊ ထိုမျိုးကောင်းမြင်းသည် စူးရှစွာ ဟီတွန်လိုက်ပြီးနောက် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်၊၊ မြင်းစီးသူရဲ တစ်ရာကျော်သည် မင်းလမ်းမကြီးတစ်လျှောက် ဖုန်မှုန့်တလူလူ ထကျန်ရစ်စေလျက် အတူတကွ ရှေ့သို့ ဒုန်းစိုင်းမောင်းနှင်ခဲ့ကြသည်၊၊
အတန်ကြာ ခရီးနှင်ပြီးနောက် သူတို့သည် ထူထပ်သော တောအုပ်တစ်ခုထဲသို့ ဝင်ရောက်လာခဲ့ကြသည်၊၊ ထိုစဉ် ရှေ့ဆုံးမှ ပြေးနေသော ဗိုလ်ချုပ်လီ၏ မြင်းသည် ရုတ်တရက် တစ်စုံတစ်ခုနှင့် ငြိကာ ခလုတ်တိုက်သွားခဲ့သည်၊၊ အရှိန်ပြင်းလွန်းသဖြင့် တုံ့ပြန်ရန် အချိန်မရဘဲ မြင်းသည် လဲကျသွားပြီး ဗိုလ်ချုပ်လီသည် လေထဲသို့ လွင့်ထွက်သွားတော့သည်၊၊
အခြေအနေ မဟန်တော့သည်ကို သဘောပေါက်လိုက်သဖြင့် ဗိုလ်ချုပ်လီသည် သူ၏ ဒိုချီကို ဟုန်ကနဲ ချက်ချင်း စုစည်းလိုက်သည်၊၊ မြေဝါရောင် ဒိုချီကာကွယ်ရေးအလွှာ တစ်ခုက သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်၊၊ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် သူသည် လိမ့်ထွက်သွားခဲ့ပြီး လက်တစ်ဖက်ဖြင့် မြေပြင်ကို ထောက်ကာ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်၊၊ သူသည် ဒိုရှီ အဆင့် ကျင့်ကြံခြင်း ရှိထားသူဖြစ်ပြီး ဒိုချီကာကွယ်ရေးအလွှာ၏ ကာကွယ်မှုကြောင့် မြင်းပေါ်မှ လွင့်ထွက်သွားခဲ့သော်လည်း သာမန်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်၊၊
အခြားသူအချို့မှာမူ တုံ့ပြန်ရန် အချိန်မရဘဲ ထိုမြင်းချောက်ကြိုးနှင့်ပင် ငြိမိကုန်ကြသည်၊၊ သူတို့အားလုံး လေထဲသို့ လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျိုးကျကုန်ကြတော့သည်၊၊ သူတို့၏ ကျင့်ကြံခြင်းက နိမ့်ကျပြီး ကာကွယ်ပေးမည့် ဒိုချီကာကွယ်ရေးအလွှာလည်း မရှိသဖြင့် ဤမျှ ပြင်းထန်သော အရှိန်ဖြင့် လွင့်ထွက်သွားခြင်းက သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်၊၊ သူတို့သည် ၎င်းတို့၏ ခြေထွက်လက်ထွက်များကို ဆုပ်ကိုင်ရင်း မြေပြင်ပေါ်တွင် လှဲလျောင်းနေကြပြီး နာကျင်စွာ အော်ဟစ်ညည်းညူသံများမှာ မပြတ်တမ်း ထွက်ပေါ်နေတော့သည်၊၊
နောက်ကွယ်မှ လူများသည် ရှေ့က အခြေအနေကို သတိပြုမိသွားကြပြီး ၎င်းတို့၏ မြင်းများကို အချိန်မီ ဆွဲထိန်းနိုင်ခဲ့ကြသဖြင့် တပ်ဖွဲ့တစ်ခုလုံး ဤမြင်းချောက်ကြိုးတစ်ချောင်းတည်းနှင့် ပျက်စီးသွားခြင်းမှ ကာကွယ်နိုင်ခဲ့သည်၊၊ ရထားလုံးသည်လည်း အရှိန်သိပ်မပြင်းလှသဖြင့် အချိန်မီ ရပ်တန့်နိုင်ခဲ့သည်၊၊ သို့မဟုတ်ပါက သူမကဲ့သို့သော မင်းသမီးလေးတစ်ပါးမှာ မျက်နှာနှင့် မြေပြင် စောင်းကနဲ စိုက်ကျသွားပေလိမ့်မည်၊၊
“ရန်သူ့တိုက်ခိုက်မှု... ရန်သူ့တိုက်ခိုက်မှု”
မြင်းပေါ်တွင် ကျန်ရှိနေသေးသူများသည် ၎င်းတို့၏ ခါးမှ ဓားများကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကြပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်၊၊
ရှပ်... ရှပ်...
သပ်ရပ်ပြီး တညီတညွတ်တည်း ထွက်ပေါ်လာသော အသံနှင့်အတူ လူအုပ်စုကြီးတစ်ခုသည် ပတ်ဝန်းကျင် တောအုပ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာကြသည်၊၊ သူတို့၏ လက်ထဲတွင် လေးမြှားများကို ကိုင်ဆောင်ထားကြပြီး တောက်ပနေသော မြှားဦးများက အေးစက်သော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေကြသည်၊၊ မြှားအစင်းတစ်ထောင်သည် ဤလူတစ်ရာပါ တပ်ဖွဲ့ထံသို့ ဦးတည်ချိန်ရွယ်ထားခြင်း ဖြစ်သည်၊၊ စစ်သည်တိုင်း ကြောက်လန့်တုန်လှုပ်မှုကြောင့် မျက်နှာများ ဖြူလျော်ကုန်ကြပြီး ၎င်းတို့၏ ဓားများကို ဆုပ်ကိုင်ထားသော လက်များပင် တုန်ရင်လာကြတော့သည်၊၊
“ချပ်ဝတ်ဖောက် လေးမြှားတွေပဲ”
ဗိုလ်ချုပ်လီသည် တစ်ချိန်တည်းမှာပင် လေးမြှားအစင်းတစ်ရာ၏ ချိန်ရွယ်ခြင်းကို ခံထားရသည်၊၊ သူ၏ အဖိုးတန်ဓားမှာ တစ်ဝက်မျှသာ ဆွဲထုတ်ရသေးသော်လည်း သူ ဆက်ပြီး မဆွဲထုတ်ဝံ့တော့ပေ၊၊ သူသည် ထိုသူတို့၏ လက်ထဲက လေးမြှားများကို မှတ်မိသည်၊၊ ၎င်းတို့မှာ 'ချပ်ဝတ်ဖောက် လေးမြှားများ' ဖြစ်ကြသည်၊၊ ၎င်းတို့သည် အလွန်တရာ အဖိုးတန်လှပြီး အစ်ဇူမိုအင်ပါယာအတွင်း၌မူ အထူးချွန်ဆုံး ထိပ်တန်းတပ်ဖွဲ့များကိုသာ ဤအရာများ တပ်ဆင်ပေးနိုင်သည်၊၊ သို့သော် ယခုမူ ၎င်းတို့ တစ်ထောင်ခန့်က သူ့ရှေ့တွင် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ခြင်း ဖြစ်သည်၊၊
ဒိုချီများ ထည့်သွင်းလိုက်ပြီးနောက် ဤချပ်ဝတ်ဖောက် လေးမြှားများသည် ကြီးမားသော သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်သွားပြီး ဒိုချီကာကွယ်ရေးအလွှာကို အလွယ်တကူ ဖောက်ထွင်းနိုင်သည်၊၊ လေးမြှားတစ်စင်းစီတွင် မြှား ဆယ်စင်းအထိ ဆန့်ပြီး ပြန်လည်မဖြည့်တင်းမီ နှစ်စက္ကန့်အတွင်း ဆယ်စင်းစလုံးကို ပစ်လွှတ်နိုင်သည်၊၊ သူ့ထံသို့ ချိန်ရွယ်ထားသော လေးမြှားတစ်ရာနှင့်ဆိုလျှင် ဗိုလ်ချုပ်လီအနေဖြင့် အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် ချက်ချင်းပင် မြှားမှန်ပြီး ဖြံစာခွက် ဖြစ်သွားပေလိမ့်မည်၊၊
ဗိုလ်ချုပ်လီ၏ မျက်နှာအမူအရာက လေးနက်သွားသော်လည်း ဤကဲ့သို့သော အန္တရာယ်ရှိသည့် အချိန်တွင်ပင် သူသည် မိမိကိုယ်ကို တည်ငြိမ်အောင် အတင်းအကျပ် ထိန်းထားရသည်၊၊ ထူထပ်သော တောအုပ်ထဲမှ ထွက်လာသော လူများသည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်၊၊ တစ်ဦးစီတွင် ချပ်ဝတ်ဖောက် လေးမြှားတစ်ခုစီ ဆောင်ထားကြပြီး ခါးတွင်လည်း တောက်ပသော ဓားတစ်စင်းစီ ချိတ်ဆွဲထားကြသည်၊၊ သူတို့၏ အသုံးအဆောင်ပစ္စည်းများမှာ သပ်ရပ်ထင်ရှားပြီး ခန့်ညားလှသည်၊၊ ၎င်းနှင့် နှိုင်းယှဉ်လျှင် ဗိုလ်ချုပ်လီ သယ်ဆောင်လာသော လူများ၏ အသုံးအဆောင်မှာ တော်တော်လေး ချို့တဲ့လှသည်၊၊ သူတို့သည် သာမန်ထုတ်ပေးထားသော ဓားများကိုသာ ကိုင်ဆောင်ထားကြပြီး သာမန်သားရေချပ်ဝတ်များကိုသာ ဝတ်ဆင်ထားကြသည်၊၊
ဗိုလ်ချုပ်လီသည် ဤလူများ မည်သူဖြစ်ကြောင်းကို မှတ်မိနေပြီ ဖြစ်သည်၊၊ ချန်မိသားစုသာလျှင် ဤကဲ့သို့သော ကောင်းမွန်သည့် အသုံးအဆောင်များရှိသည့် တပ်ဖွဲ့တစ်ခုကို ထုတ်သုံးနိုင်သည်၊၊ မူရုံမိသားစု၏ ချမ်းသာကြွယ်ဝမှု၏ ပံ့ပိုးမှုဖြင့် ချန်မိသားစုအနေဖြင့် ရန်ပုံငွေအတွက် စိုးရိမ်စရာ မလိုပေ၊၊
“ညီနောင်တို့... ငါတို့က တစ်ဖက်တည်းသားတွေပါ၊ တစ်ဖက်တည်းသားတွေပါ၊၊ မပစ်ကြပါနဲ့နဲ့”
ဗိုလ်ချုပ်လီက သူ၏ ပတ်ဝန်းကျင်မှ အေးစက်သော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ခံစားရင်း သူ၏ မျက်နှာပေါ်တွင် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးကာ ကျယ်လောင်စွာ ပြောလိုက်သည်၊၊
ဗိုလ်ချုပ်လီသည် မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိခဲ့သဖြင့် သူ၏ နှလုံးသားက ရုတ်တရက် နစ်မြုပ်သွားသည်၊၊ ရန်သူက အလွန်များပြားပြီး မိမိတို့ဘက်က အလွန်နည်းပါးနေသဖြင့် သူသည် ခုခံရန် ခွန်အားပင် မရှိတော့ပေ၊၊
အတန်ကြာပြီးနောက် အနက်ရောင်ချပ်ဝတ် တပ်မှူးတစ်ဦးက မေးသည်၊၊
“မင်းတို့က အစ်ဇူမိုတပ်ဖွဲ့ပဲ၊၊ ဘာလို့ ဒီကို လာတာလဲ၊ ပြီးတော့ အဲဒီရထားလုံးထဲမှာ ဘယ်သူရှိနေတာလဲ”
အနက်ရောင်ချပ်ဝတ် တပ်မှူးသည်လည်း သူတို့၏ ဝတ်စုံများကို ကြည့်ပြီး ဤလူတစ်ရာအုပ်စုသည် အစ်ဇူမိုအင်ပါယာ၏ စစ်တပ်မှ ဖြစ်ကြောင်း ပြောနိုင်သည်၊၊ သို့သော် ဤအနက်ရောင်ချပ်ဝတ် စစ်သည်များအားလုံးသည် ချန်မိသားစုကိုသာ အမှုထမ်းကြသူများ ဖြစ်ကြသည်၊၊ သူတို့သည် ချန်မိသားစု၏ အမိန့်ကိုသာ နာခံကြပြီး အစ်ဇူမို၏ တပ်ဖွဲ့များကို မိမိတို့၏ လူများအဖြစ် မည်သည့်အခါမျှ သတ်မှတ်မည် မဟုတ်ပေ၊၊
ယန်လင်စစ်တပ် ၏ သူလျှိုများသည် မင်းလမ်းမကြီးတစ်လျှောက် တပ်စွဲထားကြပြီး ၎င်းတို့သည် ဤတပ်ဖွဲ့ကို လွန်ခဲ့သောအချိန်ကတည်းက သတိပြုမိခဲ့ကြခြင်း ဖြစ်သည်၊၊ သို့သော်လည်း ရှေ့တွင် လူနည်းလွန်းသဖြင့် လူတစ်ရာပါ တပ်ဖွဲ့ကို တားဆီးနိုင်ရန် သေချာအောင် မလုပ်နိုင်ခဲ့ကြပေ၊၊ ရှေ့မှ သူလျှိုများသည် အချက်ပြမှုများမှတစ်ဆင့် နောက်မှလူများထံသို့ သတင်းစကား ပါးခဲ့ကြပြီး ဤနေရာသို့ ရောက်မှသာ သူတို့သည် နောက်ဆုံးတွင် တားဆီးနိုင်ခဲ့ကြခြင်း ဖြစ်သည်၊၊
“ဗိုလ်ချုပ်... ကျွန်တော်တို့က အရှင်မင်းကြီးရဲ့ အမိန့်အရ မင်းသမီးရော့ရွှဲကို အန်ယန်မြို့ ထံ လိုက်ပါပို့ဆောင်ပေးတာ ဖြစ်ပါတယ်၊၊ ဒီရထားလုံးထဲမှာ ရှိနေတဲ့သူက မင်းသမီးရော့ရွှဲ ကိုယ်တိုင်ပါပဲ”
ဗိုလ်ချုပ်လီက ပြုံးလျက် ပြန်လည်ဖြေကြားပြီး အခြေအနေအားလုံးကို အပြည့်အစုံ ရှင်းပြလိုက်သည်၊၊
ဤအရာကို ကြားရသောအခါ အနက်ရောင်ချပ်ဝတ် တပ်မှူးက သူ နားလည်ကြောင်း အချက်ပြလိုက်သည်၊၊ သူသည် ချန်မိသားစုထံမှ အမိန့်တစ်ခု ရရှိထားခဲ့သည်၊ ၎င်းမှာ အင်ပါယာက စစ်ပြေငြိမ်းရန် တောင်းဆိုထားပြီး ယန်လင်ဘုရင် ထံသို့ ကြီးမားသော နယ်မြေတစ်ခုကို လွှဲပြောင်းပေးကာ မင်းသမီးတစ်ပါးကို မိသားစုခေါင်းဆောင်ငယ်၏ မယားငယ်အဖြစ် ထားရှိရန် စေလွှတ်လိုက်ပြီဟူ၍ ဖြစ်သည်၊၊
“မင်းတို့အားလုံး မြင်းပေါ်က ဆင်းကြ၊၊ လက်နက်တွေကို ချထားပြီး လက်တွေကို ခေါင်းပေါ်တင်ကာ မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ကြ၊၊ မြေပြင်ပေါ်က လူတွေလည်း ထကြ”
အနက်ရောင်ချပ်ဝတ် တပ်မှူးက အော်ပြောလိုက်သည်၊၊
ဤအရာကို ကြားရသောအခါ အစ်ဇူမိုစစ်တပ် စစ်သည်များသည် အပြန်အလှန် ကြည့်လိုက်ကြသည်၊၊ သူတို့သည် မိမိတို့၏ လက်နက်များကို မချထားဝံ့ကြဘဲ ၎င်းတို့ကို ပို၍ပင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်၊၊ အကယ်၍ သူတို့ လက်နက်များကို စွန့်လွှတ်လိုက်လျှင် တကယ့်ကို ခုခံနိုင်စွမ်း လုံးဝရှိတော့မည် မဟုတ်ပေ၊၊ သူတို့သည် အခြားသူများ၏ သနားညှာတာမှုကို လုံးဝ ခံရတော့မည် ဖြစ်သည်၊၊
ဗိုလ်ချုပ်လီသည် သူ၏ စစ်သည်များ၏ အပြုအမူကြောင့် လန့်ဖျတ်သွားပြီး လျင်မြန်စွာ ပြောလိုက်သည်၊၊
“ဒီတပ်မှူး ပြောတဲ့အတိုင်း လုပ်ကြစမ်း”
ထိုသို့ပြောပြီးနောက် ဗိုလ်ချုပ်လီသည် သူ၏ ဓားကို ပထမဆုံး စွန့်လွှတ်လိုက်သူ ဖြစ်သည်၊၊ ထို့နောက် သူသည် လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ကာ ဆောင့်ကြောင့်ထိုင်လိုက်သည်၊၊ ဗိုလ်ချုပ်လီသည် ချပ်ဝတ်ဖောက် လေးမြှားများ တပ်ဆင်ထားသော အနက်ရောင်ချပ်ဝတ် စစ်သည်တစ်ထောင်၏ ရှေ့မှောက်တွင် သူ၏ လူတစ်ရာ၌ လက်နက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သည့်ထူးခြားမှုမျှ ရှိမည်မဟုတ်ကြောင်း ကောင်းစွာ သိသည်၊၊ သုံးကြိမ်မျှ တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ရုံနှင့် သူတို့ထဲမှ တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ကြောင်း သေချာစေနိုင်သည်၊၊ သူကိုယ်တိုင်နှင့် ပတ်သက်၍မူ ဒိုရှီအဆင့် ကျင့်ကြံခြင်း ရှိထားသော်လည်း ချပ်ဝတ်ဖောက် လေးမြှားတစ်ရာ၏ တစ်ပြိုင်နက်တည်း ချိန်ရွယ်ခြင်းအောက်တွင် အသက်ရှင်သန်နိုင်မည့် အခွင့်အရေး လုံးဝမရှိပေ၊၊
ဤလူတစ်ရာပါ တပ်ဖွဲ့သည် လမ်းဘေးမှ ဓားပြများကို ကိုင်တွယ်နိုင်သော်လည်း ကောင်းမွန်စွာ အသုံးအဆောင် တပ်ဆင်ထားသော ယန်လင်စစ်တပ်၏ ရှေ့မှောက်တွင်မူ ကလေးသူငယ်များကဲ့သို့သာ ဖြစ်သည်၊၊ မိမိတို့၏ တပ်မှူးကိုယ်တိုင် လက်ကို ခေါင်းပေါ်တင်ကာ အရှုံးပေးသည်ကို မြင်သောအခါ အစ်ဇူမိုစစ်တပ် စစ်သည်များသည် ဆက်လက်မခုခံကြတော့ပေ၊၊ မြင်းပေါ်တွင် ကျန်ရှိနေသေးသူများ အားလုံး မြင်းပေါ်မှဆင်းကာ ၎င်းတို့၏ လက်နက်များကို စွန့်လွှတ်လိုက်ကြပြီး လက်ကို ခေါင်းပေါ်တင်ကာ ဆောင့်ကြောင့်ထိုင်လိုက်ကြသည်၊၊ မြေပြင်ပေါ်က လူများသည်လည်း နာကျင်စွာ မအော်ဟစ်ဝံ့ကြတော့ပေ၊၊ သူတို့၏ ဒဏ်ရာများကို အောင့်အည်းသည်းခံရင်း အနက်ရောင်ချပ်ဝတ် တပ်မှူး အမိန့်ပေးသည့်အတိုင်း လုပ်ဆောင်ကြရှာသည်၊၊
“သူတို့ကို ချည်နှောင်လိုက်ကြ”
အနက်ရောင်ချပ်ဝတ် တပ်မှူးက အမိန့်ပေးလိုက်သည်နှင့် အနက်ရောင်ချပ်ဝတ် စစ်သည်တစ်ရာသည် ချက်ချင်းပင် ကြိုးများကို ထုတ်ယူကာ အစ်ဇူမိုစစ်သည်များကို မြဲမြံစွာ တုပ်နှောင်ရန် သွားကြတော့သည်၊၊ ဗိုလ်ချုပ်လီကိုမူ အထူးပြုလုပ်ထားသော ကြိုးများဖြင့် အထပ်ထပ် အခါခါ တုပ်နှောင်ထားခြင်း ဖြစ်သည်၊၊ သူသည် ဒိုရှီအဆင့်ဖြစ်သော်လည်း ရုန်းထွက်နိုင်မည့် နည်းလမ်း လုံးဝမရှိပေ၊၊ စစ်သည်တစ်ရာကျော်စလုံးကို မြဲမြံစွာ တုပ်နှောင်ပြီးသည့် တိုင်အောင် အနက်ရောင်ချပ်ဝတ်စစ်တပ်သည် ၎င်းတို့၏ သတိရှိမှုကို လျှော့ချခြင်း မရှိကြသေးပေ၊၊ သူတို့သည် လေးမြှားများကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး မည်သည့်နောက်ထပ် ပြဿနာမျိုးကိုမဆို သတိကြီးစွာ စောင့်ကြည့်နေကြသည်၊၊
အနက်ရောင်ချပ်ဝတ် တပ်မှူးသည် အနက်ရောင်ချပ်ဝတ် စစ်သည်အချို့ကို ဦးဆောင်လျက် ရထားလုံးထံသို့ သွားကာ ပြောလိုက်သည်၊၊
“မင်းသမီးလေး... ကျေးဇူးပြုပြီး စစ်ဆေးဖို့အတွက် အောက်ကို ဆင်းပေးပါဦး”
သူ့အတွက်မူ ချန်မိသားစု၏ သခင်လေးများနှင့် သခင်မလေးများသာလျှင် လေးစားမှုနှင့် ထိုက်တန်သူများ ဖြစ်ကြသည်၊၊ တစ်ဖက်တွင်မူ အစ်ဇူမိုအင်ပါယာ၏ မင်းသမီးလေးသည် သူ၏ လေးစားမှုကို များစွာ မရရှိပေ၊၊ သဘာဝကျစွာပင် ရထားလုံးထဲက အမျိုးသမီးသည် ချန်မိသားစု၏ မိသားစုခေါင်းဆောင်ငယ်နှင့် လက်ထပ်ရန် အလွန်အလားအလာ ရှိနေသဖြင့် သူမ၏ အဆင့်အတန်းမှာ တော်တော်လေး ထူးခြားနေသည်၊၊ သူတို့ သူမကို အလွန်အမင်း ရိုင်းစိုင်းစွာ မဆက်ဆံဝံ့ကြပေ၊၊ သို့သော်လည်း ပုံမှန်စစ်ဆေးမှုများကိုမူ လုပ်ဆောင်ရမည်ဖြစ်သည်၊၊ အကယ်၍ သူတို့သည် အလွန်အန္တရာယ်များသော လူတစ်ယောက်ကို ချန်ချန်ထံသို့ ပို့ဆောင်မိလျှင် သူတို့၏ ပြစ်မှုမှာ အမှန်တကယ်ပင် ကြီးမားလိမ့်မည်ဖြစ်သည်၊၊
ရထားလုံးတံခါး ဖြည်းညှင်းစွာ ပွင့်လာသည်၊၊ အနက်ရောင်ချပ်ဝတ် တပ်မှူးသည် အတွင်းသို့ လှမ်းကြည့်လိုက်ပြီး မင်းသမီးလေးနှင့် သူမ၏ နန်းတွင်းအစေခံမလေးတစ်ဦးသာ ထိုင်နေသည်ကို မြင်လိုက်ရသည်၊၊ ထိုအချိန်တွင် ထိုအမျိုးသမီးနှစ်ဦးစလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ယန်လင်စစ်တပ်ကြောင့် ထိတ်လန့်တုန်လှုပ်လျက် မျက်နှာများ ဖြူလျော်နေကြရှာသည်၊၊
“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မင်းသမီးလေး၊၊ ကျွန်တော်က ကျွန်တော့်ရဲ့ တာဝန်ကို ထမ်းဆောင်ရုံသက်သက်ပါပဲ”
မင်းသမီး၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် အနက်ရောင်ချပ်ဝတ် တပ်မှူးသည် လက်သီးစုကာ တောင်းပန်လိုက်သည်၊၊ သူ ကြောက်ရွံ့သည်မှာ မင်းသမီးလေး၏ လက်ရှိအဆင့်အတန်း မဟုတ်ပေ၊၊ သူမ မကြာမီ ရရှိတော့မည့် အဆင့်အတန်းသစ်ကိုသာ ဖြစ်သည်၊၊
မင်းသမီးလေးသည် ယခုအခါ အနက်ရောင်ချပ်ဝတ် တပ်မှူးကို မည်သို့လျှင် အပြစ်တင်ဝံ့ပါတော့မည်နည်း၊၊ ပြင်ပရှိ အနက်ရောင်ချပ်ဝတ် အစောင့်အရှောက်တစ်ထောင်သည် အေးစက်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေပုံရသဖြင့် သူမသည် အလောင်းတောင်တန်းများနှင့် သွေးပင်လယ်များကြားတွင် ရပ်နေရသကဲ့သို့ ခံစားနေရသည်၊၊ ထိုအရှိန်အဝါသည် ရေတွက်၍မရနိုင်သော တိုက်ပွဲများနှင့် သတ်ဖြတ်မှုများကြားမှ ပေါ်ထွက်လာသော သတ်ဖြတ်ခြင်းအငွေ့အသက် ဖြစ်သည်၊၊ သာမန်လူများဆိုလျှင် ဤအနက်ရောင်ချပ်ဝတ် အစောင့်အရှောက်များ၏ ရှေ့မှောက်တွင် ဆီးထွက်ကျသွားလောက်သည်၊၊ သူမ၏ ဘဝတစ်လျှောက်လုံး နန်းတွင်းအနက်ပိုင်းတွင်သာ နေထိုင်ခဲ့ရသဖြင့် မင်းသမီးလေးသည် ဤကဲ့သို့သော မြင်ကွင်းမျိုးနှင့် မည်သည့်အခါက ကြုံတွေ့ဖူးပါမည်နည်း၊၊ သူမ လိုလားသည်မှာ ဤအနက်ရောင်ချပ်ဝတ် အစောင့်အရှောက်များနှင့် တတ်နိုင်သမျှ မြန်မြန် ဝေးဝေးသို့ ပြေးချင်နေခြင်းသာ ဖြစ်သည်၊၊
ရထားလုံးတံခါး ပြန်ပိတ်သွားခဲ့သည်၊၊ အနက်ရောင်ချပ်ဝတ် အစောင့်အရှောက်များသည် သုံ့ပန်းတစ်ရာကို စောင့်ကြပ်လျက် ရထားလုံးကို ရှေ့ရှိ မြို့တော်ဆီသို့ ဆွဲခေါ်သွားကြတော့သည်၊၊
အစ်ဇူမိုစစ်သည် တစ်ရာစလုံးသည် ညှိုးငယ်နေသော မျက်နှာများ ရှိနေကြသည်၊၊ လူသေကောင်များ လမ်းလျှောက်နေသကဲ့သို့ သူတို့သည် အနက်ရောင်ချပ်ဝတ် အစောင့်အရှောက်များ၏ တွန်းပို့မှုဖြင့် ရှေ့သို့ ခရီးနှင်နေကြရသည်၊၊ ဗိုလ်ချုပ်လီကမူ ဤအနက်ရောင်ချပ်ဝတ် အစောင့်အရှောက်များ၏ စည်းကမ်းသေဝပ်မှုကိုသာ အာရုံစိုက်နေမိသည်၊၊ သူတို့၏ ခြေလှမ်းများသည် လုံးဝတညီတညွတ်တည်း ရှိနေပြီး မြေပြင်ကို တစ်ပြိုင်နက်တည်း နင်းခြေနေကြသည်၊၊ သူတို့ထဲက တစ်ဦးစီသည် ကျောပြင်ကို မတ်မတ်ထားကြပြီး ထူးခြားပြောင်မြောက်သော စစ်ဘက်ဆိုင်ရာ စည်းကမ်းကို ပြသနေကြသည်၊၊ ထို့နောက် သူသည် စည်းကမ်းလျော့ရဲပြီး သဲပွင့်များစုထားသကဲ့သို့ ဖြစ်နေသော အစ်ဇူမိုစစ်တပ်ကို တွေးမိသွားသည်၊၊ အကယ်၍ သူတို့သည် ချန်မိသားစုနှင့် အမှန်တကယ် စစ်ဖြစ်ပွားခဲ့လျှင် အစ်ဇူမိုအင်ပါယာအနေဖြင့် အောင်ပွဲရရှိရန် အနည်းငယ်မျှသော အခွင့်အရေးပင် ရှိလိမ့်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်လီ ခံစားလိုက်ရတော့သည်၊