အခန်း (၂၂) - ဒိုဘုရင်အဆင့်ကတ်ပြား
ချန်ချန်၏ ပြန်လည်ချေပချက်ကြောင့် ဆိုင်ရှင်အမျိုးသမီး၏ အမူအရာမှာ ရုတ်တရက် တောင့်တင်းသွားသည်၊၊ သို့သော်လည်း သူမသည် ဤလောကတွင် ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး လောကဓံမုန်တိုင်း အဖုံဖုံကို ဖြတ်ကျော်ခဲ့ဖူးသူ ဖြစ်သည်၊၊ ထို့ကြောင့် ချန်ချန်၏ စကားလောက်ဖြင့်တော့ သူမ ခြောက်ခြားသွားခြင်း မရှိပါ၊၊
"ဟိဟိ... သခင်လေးကတော့ နောက်ပြောင်နေပြန်ပြီ၊၊ သခင်လေးရဲ့ ထည်ဝါခန့်ညားတဲ့ ပုံစံကိုကြည့်ရတာ သူတစ်ပါးအပေါ် အာဏာပြ ဗိုလ်ကျနှိပ်စက်မယ့် လူစားမျိုး လုံးဝမဟုတ်ပါဘူးရှင့်"
ဆိုင်ရှင်အမျိုးသမီးသည် ပုံမှန်အတိုင်း ပြန်လည်ပြုံးရွှင်လျက် ပြောလိုက်သည်၊၊
ချန်ချန်ကမူ သာမန်မျှသာ ပြုံးပြလိုက်ပြီး သူမကို မည်သည့်စကားမျှ ထပ်မပြောတော့ပေ၊၊ သူသည် ဆိုင်ရှင်အမျိုးသမီးကို ကျောခိုင်းထားပြီး သူမ၏ စကားများကိုလည်း သိပ်ပြီး ဂရုမစိုက်တော့ပါ၊၊ သူ၏ မျက်ဝန်းထဲတွင် ဖြူစင်ဝင်းပပြီး အပြစ်ဆိုဖွယ်မရှိသော မျက်နှာထက်၌ ပျော်ရွှင်စရာအပြုံးလေး ဆင်မြန်းကာ မီးလျှံမိုးဝိညာဉ်အလင်း လက်ကောက်ကို ကစားနေသော ယန်လင်ကျီ ကိုသာ မြင်ယောင်နေသည်၊၊
ချန်ချန်၏ လက်ထဲတွင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားပြီး သူ၏ လက်ချောင်းထိပ်များကြားတွင် ခရမ်းရွှေရောင် ကတ်ပြားတစ်ခု ပေါ်လာသည်၊၊ ထို့နောက် အစောပိုင်းက ကုန်ပစ္စည်းများ မိတ်ဆက်ပေးခဲ့သော အရောင်းစာရေးမလေးထံသို့ ကမ်းပေးလိုက်သည်၊၊
"ငွေရှင်းပေးပါ"
ချန်ချန်၏ လေသံက တည်ငြိမ်ပြီး အေးစက်လှသည်၊၊ အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များအပေါ် မကျေနပ်သည့် အရိပ်အယောင် စိုးစဉ်းမျှ မပါရှိပေ၊၊ ချန်ချန်သည် အလွန်တရာ သဘောထားကြီးလှသူ မဟုတ်သော်လည်း ယခုကဲ့သို့ သေးငယ်သော ကိစ္စရပ်များအပေါ်၌ စိတ်ထဲ ထည့်ထားမည့်သူ မဟုတ်ပါ၊၊ ထို့အပြင် အစောပိုင်းက ချန်ဇီဟန်ကသာ တမင်သက်သက် လာရောက်ပြဿနာရှာခဲ့ခြင်း ဖြစ်ပြီး ဆိုင်မှာမူ ကြားညှပ်သွားခဲ့ရုံသာ ဖြစ်သည်၊၊ တစ်ဖက်တွင် မည်သို့မျှ မပြစ်မှားဝံ့သော ချန်ဇီဟန် ရှိနေပြီး အခြားတစ်ဖက်တွင်မူ မည်သူမည်ဝါမှန်း မသိရသေးသော ချန်ချန် ရှိနေသည် ဖြစ်ရာ ဆိုင်၏ ရွေးချယ်မှုက နားလည်ပေး၍ ရပါသည်၊၊ သာမန်စံနှုန်းများအရ ကြည့်လျှင် သူတို့အနေဖြင့် မည်သည့်အမှားမျှ မလုပ်ခဲ့ချေ၊၊
အရောင်းစာရေးမလေးသည် ငွေပေးချေရန် ချန်ချန်က ခရမ်းရွှေရောင် ကတ်ပြားကို ကမ်းပေးသည်ကို မြင်သောအခါ ခဏမျှ ကြောင်အသွားသည်၊၊ ချန်ဇီဟန်၏ နှောင့်ယှက်မှုကြောင့် ဤအရောင်းအဝယ်မှာ ပျက်ပြယ်သွားပြီဟု သူမ ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်၊၊ မိမိ၏ တာဝန်များကို ထမ်းဆောင်ရာတွင် သူမအနေဖြင့် မည်သည့်အမှားမျှ မလုပ်ခဲ့သော်လည်း ချန်ဇီဟန် ပေါ်လာခြင်းက မျှော်လင့်မထားသော မတော်တဆမှုတစ်ခု ဖြစ်သည်၊၊ အကယ်၍ အရောင်းအဝယ် ပျက်သွားခဲ့လျှင်ပင် သူမကို အပြစ်တင်၍ မရနိုင်ပါ၊၊ သို့သော်လည်း ရရှိမည့် ဝင်ငွေတစ်ခုကို အလကား ဆုံးရှုံးလိုက်ရသဖြင့် သူမ စိတ်ထဲတွင် အနည်းငယ်တော့ စိတ်ပျက်မိသည်၊၊
"ရှောင်မေ... ဘာရပ်ကြည့်နေတာလဲ၊၊ ဧည့်သည်အတွက် စာရွက်စာတမ်းတွေကို မြန်မြန် လုပ်ပေးလိုက်လေ"
ထိုအချိန်တွင် ဆိုင်ရှင်အမျိုးသမီးက တိုက်တွန်းလိုက်သည်၊၊
အရောင်းစာရေးမလေးသည် သတိပြန်ဝင်လာပြီး ချန်ချန်ထံမှ ခရမ်းရွှေရောင် ကတ်ပြားကို လှမ်းယူလိုက်သည်၊၊ သို့သော် ကတ်ပြားကို ကိုင်လိုက်သည်နှင့် ကတ်၏ ရှေ့မျက်နှာပြင်ပေါ်တွင် လှပသော ရွှေရောင်လိုင်း အဆင်တန်ဆာ ခြောက်ခု ရှိနေသည်ကို သူမ ရုတ်တရက် သတိပြုမိသွားသည်၊၊
လိုင်းခြောက်ခုပါ ခရမ်းရွှေရောင် ကတ်ပြား!
ရှောင်မေသည် ခရမ်းရွှေရောင် ကတ်ပြားကို မိမိ၏ လက်ဖဝါးထဲတွင် ကိုင်ဆောင်ထားပြီး ဆိုင်ရှင်အမျိုးသမီးဘက်သို့ သိမ်မွေ့သော အမူအရာတစ်ခု ပြုလုပ်လိုက်သည်၊၊ ၎င်းကို မြင်သောအခါ ဆိုင်ရှင်အမျိုးသမီးသည် ရှောင်မေတွင် မိမိနှင့် ဆွေးနွေးစရာ ကိစ္စတစ်ခုခု ရှိနေပြီဖြစ်ကြောင်း နားလည်လိုက်သည်၊၊ သူမသည် ချန်ချန်ကို ပြောလိုက်သည်၊၊
"သခင်လေး... ကျွန်မကို ခဏလောက် ခွင့်ပြုပေးပါဦးရှင့်၊၊ တခြားလိုအပ်တာ ရှိရင်လည်း စိတ်ကြိုက် ကြည့်ရှုနိုင်ပါတယ်၊၊ သိချင်တာ ရှိရင်လည်း ကျွန်မတို့ ဝန်ထမ်းတွေကို အချိန်မရွေး မေးမြန်းနိုင်ပါတယ်ရှင့်"
"အင်း"
ချန်ချန်က ခေါင်းညိတ်ပြလိုက်သည်၊၊
ချန်ချန်၏ တုံ့ပြန်မှုကို မြင်ရမှသာ ဆိုင်ရှင်အမျိုးသမီးသည် ပြုံးလျက် ထွက်ခွာသွားပြီး အစောပိုင်းက အရောင်းစာရေးမလေးနှင့်အတူ ဘေးတစ်ဖက်သို့ လျှောက်လှမ်းသွားသည်၊၊
"ရှောင်မေ... ဘာဖြစ်လို့လဲ"
ဆိုင်ရှင်အမျိုးသမီးက တိုးတိုးလေး မေးလိုက်သည်၊၊
"ဆိုင်ရှင်... ကြည့်ပါဦး"
ရှောင်မေသည် လေးနက်သော အမူအရာဖြင့် ခရမ်းရွှေရောင် ကတ်ပြားကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်၊၊
ထိုအခါမှသာ ဆိုင်ရှင်အမျိုးသမီးသည် ကတ်ပြားကို သေသေချာချာ စစ်ဆေးခွင့် ရတော့သည်၊၊
"လိုင်းခြောက်ခုပါ ခရမ်းရွှေရောင် ကတ်ပြားလား"
ဆိုင်ရှင်အမျိုးသမီး၏ လေသံမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပြီး ဆိုင်ထဲတွင် ယန်လင်ကျီ နှင့် စကားစမြည် ပြောဆိုနေဆဲ ဖြစ်သော ချန်ချန်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်၊၊ သူမသည် သူ့ကို သာမန် ချမ်းသာသော မိသားစုမှ လာသူတစ်ဦးဟုသာ ထင်မှတ်ခဲ့သော်လည်း ချန်ချန်က ယခုကဲ့သို့ ကြီးမားသော နောက်ခံရှိသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ၊၊ ခရမ်းရွှေရောင် ကတ်ပြားပေါ်ရှိ လိုင်းအဆင်တန်ဆာများသည် ပိုင်ရှင်၏ အဆင့်အတန်းကို ကိုယ်စားပြုပြီး လိုင်းခြောက်ခုပါ ခရမ်းရွှေရောင် ကတ်ပြားသည်ဒိုဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှသည်၊၊ လိုင်းခြောက်ခုပါ ခရမ်းရွှေရောင် ကတ်ပြားကို ရရှိရန်အတွက် တိုက်ပွဲဘုရင်အဆင့် ကျင့်ကြံခြင်းအဆင့် ရှိရမည် သို့မဟုတ် ထူးခြား မြင့်မားသော အဆင့်အတန်း ရှိရမည် ဖြစ်သည်၊၊ အင်ပါယာတစ်ခုလုံးတွင် လိုင်းခြောက်ခုပါ ခရမ်းရွှေရောင် ကတ်ပြားကို ပိုင်ဆိုင်ရန် အရည်အချင်းပြည့်မီသူမှာ လူတစ်ရာပင် မပြည့်ချေ၊၊
သဘာဝအတိုင်းပင် ဆိုင်ရှင်အမျိုးသမီးသည် ချန်ချန်ကို တိုက်ပွဲဘုရင်အဆင့် ကျွမ်းကျင်သူဟု မထင်ပါ၊၊ သူသည် အလွန် နုပျိုလှပြီး အသက်နှစ်ဆယ်ထက် မပိုနိုင်ချေ၊၊ ချန်ချန်တွင် လိုင်းခြောက်ခုပါ ခရမ်းရွှေရောင် ကတ်ပြား ရှိနေခြင်းက သူ၏ မိသားစုထဲတွင် ထူးခြားဆန်းပြားသော အဆင့်အတန်း ရှိသူတစ်ဦး ရှိနေကြောင်းကိုသာ ဖော်ပြနေသည်၊၊
"သွား... စာရွက်စာတမ်းတွေကို သွားလုပ်ချေ၊၊ မြန်မြန်လုပ်၊ ဧည့်သည်ကိုလည်း မျက်နှာပျက်အောင် မလုပ်မိစေနဲ့"
ဆိုင်ရှင်အမျိုးသမီးသည် ရင်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်ရင်း ရှောင်မေကို ညွှန်ကြားလိုက်သည်၊၊
"မင်း အစောပိုင်းက လုပ်ခဲ့တဲ့ လုပ်ရပ်က ဧည့်သည်အပေါ်မှာ အထင်ကြီးစရာ ကောင်းခဲ့တယ်၊၊ သူ မင်းကို ခရမ်းရွှေရောင် ကတ်ပြား ကမ်းပေးတယ်ဆိုတာ ဒီအရောင်းအဝယ်ရဲ့ အကျိုးအမြတ်ကို မင်းကို ရစေချင်လို့ပဲ၊၊ သူက အဖိုးတန်တဲ့ ဖောက်သည်တစ်ယောက်မို့ ငါတို့အပေါ်ကို နောက်ထပ် မကျေနပ်မှုတွေ မရှိစေဖို့ သတိထားရမယ်"
ဆိုင်ရှင်အမျိုးသမီး ရှင်းပြလိုက်သည်၊၊
ဆိုင်ရှင်အမျိုးသမီး ပြောဆိုသော ရှောင်မေ၏ အစောပိုင်းက လုပ်ရပ်ဟူသည်မှာ ရှောင်မေက ချန်ချန်ကို တိတ်တဆိတ် သတိပေးခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်၊၊
"အင်း... ကျွန်မ နားလည်ပါပြီ"
ရှောင်မေသည် ခရမ်းရွှေရောင် ကတ်ပြားကို ပြန်လည်ယူဆောင်ကာ ဆိုင်အနောက်ဘက်သို့ အပြေးအလွှား သွားတော့သည်၊၊
ဤအရောင်းအဝယ်၏ တန်ဖိုးမှာ အလွန် ကြီးမားလှသည်၊၊ ၂၀ ရာခိုင်နှုန်း ဈေးလျှော့ပေးထားလျှင်ပင် ဤအရောင်းအဝယ် အကျိုးအမြတ်ကို ရှောင်မေ၏ စာရင်းထဲသို့ ထည့်သွင်းပေးမည် ဖြစ်ရာ သူမအနေဖြင့် မုန့်ဖိုးအမြောက်အမြား ရရှိမည် ဖြစ်သည်၊၊
ရှောင်မေ ထွက်သွားပြီးနောက် ဆိုင်ရှင်အမျိုးသမီးသည် တောက်ပသော အပြုံးတစ်ခုဖြင့် ချန်ချန်၏ အနားသို့ ချဉ်းကပ်လာသည်၊၊ လိုင်းခြောက်ခုပါ ခရမ်းရွှေရောင် ကတ်ပြားကို ကိုင်ဆောင်ထားသူအား သူမ၏ အမြင့်ဆုံးအဆင့် ဧည့်သည်တော်အဖြစ် ဆက်ဆံရန် ထိုက်တန်လှသည်၊၊
ချန်ချန်၏ လက်ထဲရှိ ခရမ်းရွှေရောင် ကတ်ပြားမှာ သူကိုယ်ပိုင် မဟုတ်ပါ၊၊ သူ၏ အဆင့်အတန်းအရ လိုင်းခြောက်ခုပါ ခရမ်းရွှေရောင် ကတ်ပြားကို ရရှိရန် အရည်အချင်း ပြည့်မီသော်လည်း ၎င်းအတွက် အချိန်အနည်းငယ် ယူရဦးမည် ဖြစ်သည်၊၊ ယခု ချန်ချန် ကိုင်ဆောင်ထားသော ကတ်ပြားမှာ သူ၏ မိခင်ဖြစ်သူ မူရုံယန် ၏ ကိုယ်ပိုင်ပစ္စည်း ဖြစ်သည်၊၊ မျိုးနွယ်စုခေါင်းဆောင်၏ ဇနီးဖြစ်သောကြောင့် သူမအနေဖြင့် ကိစ္စရပ်များစွာကို စိတ်ပူနေရန် မလိုဘဲ အစေခံများက အားလုံးကို လုပ်ဆောင်ပေးကြသည်၊၊ သဘာဝအတိုင်းပင် ခရမ်းရွှေရောင် ကတ်ပြားက သူမအတွက် သိပ်ပြီး အသုံးမဝင်လှချေ၊၊ ချန်ချန်သည် ချန်မျိုးနွယ်စုသို့ ရောက်ရှိလာသည်မှာ မကြာသေးဘဲ လက်ထဲတွင် ငွေကြေး မလုံလောက်မည် စိုးသဖြင့် မူရုံယန်က သူမ၏ ခရမ်းရွှေရောင် ကတ်ပြားကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်၊၊
မူရုံယန်သည် အစ်ဇူမိုအင်ပါယာ ၏ ထိပ်တန်း ကုန်သည်မိသားစု ဖြစ်သော မူရုံမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက် ဖြစ်ပြီး ချန်မျိုးနွယ်စု၏ အိမ်ထောင်ဦးစီး မာတာမိခင်လည်း ဖြစ်သည်၊၊ သူမ၏ ဘဏ္ဍာရေး အင်အားမှာ အတိုင်းအဆမဲ့ ကြီးမားလှသည်၊၊ အနည်းဆုံးတော့ ယခု ခရမ်းရွှေရောင် ကတ်ပြားကို လက်ထဲတွင် ကိုင်ဆောင်ထားခြင်းဖြင့် ချန်ချန်အနေဖြင့် အင်ပါယာတစ်ခုလုံးနှင့် ၎င်း၏ ပတ်ဝန်းကျင် ဒေသများတွင် ပစ္စည်းများ ဝယ်ယူရာ၌ ငွေကြေးပြတ်လပ်မည်ကို စိုးရိမ်စရာ လုံးဝမလိုတော့ပေ၊၊
ချန်ချန်သည် ကုန်ပစ္စည်းများကို ဆက်လက် ကြည့်ရှုခြင်း မပြုတော့ပါ၊၊ ထို့အစား သူသည် ယန်လင်ကျီ နှင့်အတူ ဆိုင်၏ နားနေဆောင်တွင် ထိုင်ကာ သာမန်ကာလျှံကာ စကားစမြည် ပြောဆိုနေလိုက်သည်၊၊
ရှောင်မေသည် ချန်ချန်တွင် လိုင်းခြောက်ခုပါ ခရမ်းရွှေရောင် ကတ်ပြား ရှိနေကြောင်း သိရှိသွားပြီးနောက် စိုးစဉ်းမျှ မနှောင့်နှေးဝံ့တော့ပါ၊၊ သူမသည် အရောင်းအဝယ် ကိစ္စရပ်များကို လျင်မြန်စွာ အဆုံးသတ်ပေးပြီး ခရမ်းရွှေရောင် ကတ်ပြားကို ချန်ချန်ထံသို့ ပြန်လည် အပ်နှံလိုက်သည်၊၊
ခရမ်းရွှေရောင် ကတ်ပြားကို ပြန်လည်ရရှိပြီးနောက် ချန်ချန်သည် ဆိုင်ထဲတွင် ဆက်လက် နေထိုင်ရန် အစီအစဉ် မရှိတော့ပေ၊၊ သူသည် ယန်လင်ကျီ ၏ လက်ကို ဆွဲကာ အပြင်ဘက်သို့ လျှောက်လှမ်းသွားတော့သည်၊၊
"သခင်လေး... ကောင်းကောင်း သွားပါရှင့်၊၊ နောက်လည်း ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်"
ဆိုင်ရှင်အမျိုးသမီးသည် မပြတ်သော အပြုံးဖြင့် ချန်ချန်ကို ဆိုင်တံခါးဝအထိ လိုက်လံ ပို့ဆောင်ပေးခဲ့သည်၊၊
သို့သော်လည်း ချန်ချန် ထွက်ခွာသွားသည်နှင့် ဆိုင်တစ်ခုလုံးတွင် တီးတိုး စကားပြောသံများ ရုတ်တရက် ဆူညံသွားတော့သည်၊၊
"ချန်ဇီဟန်ကတော့ တကယ်ကို စိတ်ပျက်စရာ ကောင်းတာပဲ၊၊ သူ ရောက်လာတာနဲ့ ငါ့ရဲ့ ဖောက်သည်တွေ အကုန်လုံး လန့်ပြေးကုန်ကြပြီ၊၊ ဝင်ငွေတစ်ခုကို အလကား ဆုံးရှုံးလိုက်ရတယ်"
အရောင်းစာရေးမလေးတစ်ဦးက ဒေါသတကြီး ညည်းတွဲလိုက်သည်၊၊
"ဟားဟား... သနားစရာကောင်းလိုက်တာ၊၊ ငါကတော့ အဆင်ပြေပါတယ်၊၊ မိန်းကလေးဝမ်က စောစောကတင် ငါနဲ့ ဈေးဆစ်နေတာ၊ ငါလည်း ဈေးလျှော့ပေးဖို့ အဆင်သင့် ဖြစ်နေတုန်း ချန်ဇီဟန် ရောက်လာတာနဲ့ မိန်းကလေးဝမ်က ဈေးဆက်မဆစ်တော့ဘဲ ပစ္စည်းကို ယူ၊ ပိုက်ဆံရှင်းပြီး ထွက်သွားရော၊၊ ဟားဟား... မိန်းကလေးဝမ်က တကယ်ကို ချစ်ဖို့ကောင်းတာပဲ၊၊ ဒီအရောင်းအဝယ် တစ်ခုတည်းတင် ငါ ကော်မရှင်ခ ရွှေဒင်္ဂါး ရာဂဏန်း ရလိုက်တယ်"
တောက်ပပြီး လှပသောအမျိုးသမီးတစ်ဦးက မာန်တက်ကာ ပြောလိုက်သည်၊၊
တစ်ရက်တည်းဖြင့် ရွှေဒင်္ဂါး ရာဂဏန်း ဝင်ငွေရရှိခြင်းက မနည်းလှပေ၊၊ ကုန်ဈေးနှုန်း ကြီးမားလှသော အန်ယန်မြို့တော်တွင်ပင် သာမန် သုံးယောက်မိသားစုတစ်စုသည် တစ်နှစ်ပတ်လုံး စားသောက်စရိတ်အတွက် ရွှေဒင်္ဂါး အနည်းငယ်မျှသာ ကုန်ကျသည် ဖြစ်သည်၊၊
"လုလု... နင်ကတော့ ကံကောင်းလွန်းပါတယ်၊၊ နင်တို့ မသိပါဘူး... ငါ့ကို လက်ကောက်တွေ မိတ်ဆက်ပေးဖို့ ပြောတဲ့ သခင်လေးဟယ် ဆိုတဲ့လူက ကြည့်ရတာတော့ ထည်ဝါခန့်ညားသလိုလိုနဲ့ တကယ်တော့ ချမ်းသာချင်ယောင်ဆောင်နေတဲ့ လူလိမ်ပဲ၊၊ သူက အလှပဂေးတစ်ယောက်ကို ခေါ်လာပြီး ကောင်းကင်ပေါ် ရောက်နေသလို ပြုမူနေပေမဲ့ ဒါလည်း မဝယ်နိုင်၊ ဟိုဟာလည်း မဝယ်နိုင်နဲ့၊ ငါ့ရဲ့ အာပေါက်အောင် ပြောခဲ့ရသမျှ အလကားပဲ၊၊ ဒေါသထွက်ဖို့ကောင်းလိုက်တာ၊၊ နောက်တစ်ခါ ငါနဲ့ မတွေ့ပါစေနဲ့တော့၊ တွေ့ရင် သူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်၊ ဟွန့်"
မိန်းကလေးတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်၊၊
"ဒီဘက်ခေတ်မှာ အဲဒီလိုလူတွေက အလွန် များပြားလွန်းပါတယ်၊၊ ငါကတော့ သူခေါ်လာတဲ့ မိန်းကလေးကိုပဲ သနားမိတယ်၊၊ ဘာမှမသိဘဲ အလှည့်စားခံလိုက်ရပြီး သူမကိုယ်သူမ သူဌေးမိသားစုနဲ့ လက်တွဲခွင့်ရပြီလို့ တကယ် ထင်နေတာ"
အလုပ်ဝတ်စုံ ဝတ်ဆင်ထားသော သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်၊၊
"သူမကိုယ်တိုင်ကပဲ ရှာတာပဲလေ၊၊ သူတစ်ပါးကို အပြစ်တင်လို့ မရပါဘူး"
အခြား အမျိုးသမီးတစ်ဦးကလည်း ထောက်ခံ စကားဆိုသည်၊၊
ထိုအချိန်တွင် ရှောင်မေသည် ရုတ်တရက် လျှောက်လှမ်းလာသဖြင့် လူတိုင်းက သူမ၏ အနားသို့ ချက်ချင်း ဝိုင်းအုံသွားကြသည်၊၊
"ရှောင်မေ... နင် ဒီနေ့ တကယ် တော်တာပဲ၊၊ မီးလျှံမိုးဝိညာဉ်အလင်း ကိုတောင် ရောင်းလိုက်နိုင်တယ်၊၊ ဒါက တန်ဖိုး နှစ်သိန်းကျော်တန်တဲ့ အရောင်းအဝယ်ကြီးပဲ... နင် ကော်မရှင်ခ ဘယ်လောက်တောင် ရမလဲ၊၊ မရဘူး... မရဘူး၊ နင် ဒီနေ့ ငါတို့ကို မုန့်ကျွေးရမယ်"
တက်ကြွလှုပ်ရှားသော မိန်းကလေးတစ်ဦးက ရှောင်မေ၏ လက်မောင်းကို ချိတ်ကာ တတွတ်တွတ် ပြောဆိုလိုက်သည်၊၊
"ဟုတ်တယ်... နင် မုန့်ကျွေးရမယ်၊၊ ဒီနေ့တော့ ငါတို့ နင့်ဆီကနေ သေသေချာချာ ကုတ်ပဲ့စားရမယ်... သူဌေးမလေးရဲ့"
အခြား မိန်းကလေးတစ်ဦးကလည်း ပြောလိုက်သည်၊၊
"မဟုတ်ပါဘူး... ကျွန်မတို့ သူတို့ကို ၂၀ ရာခိုင်နှုန်း ဈေးလျှော့ပေးလိုက်ရတာပါ"
ရှောင်မေ၏ မျက်နှာထက်တွင် စိတ်ပျက်စရာ အရိပ်အယောင်လေး တစ်ခု ရှိနေဆဲ ဖြစ်သည်၊၊
"ဟင်... ၂၀ ရာခိုင်နှုန်း လျှော့ပေးလိုက်တာလား"
ရှောင်မေ၏ စကားကို ကြားလိုက်ရသောအခါ အမျိုးသမီးတစ်ဦးကလည်း သူမအတွက် စိတ်မကောင်း ဖြစ်သွားသည်၊၊ နှစ်သိန်းနှစ်သောင်းနှင့် တစ်သိန်းခုနစ်သောင်းကြားရှိ ကော်မရှင်ခ ကွာခြားချက်မှာ အလွန် ကြီးမားလှသည် ဖြစ်ရာ ရှောင်မေအနေဖြင့် ဝင်ငွေအမြောက်အမြား ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်၊၊
"ဒါတွေအားလုံးက ချန်ဇီဟန်ကြောင့်ပဲ၊၊ သူက ငါတို့ကို အရေးကြီးတဲ့ ဖောက်သည်တစ်ယောက်ကို ပြစ်မှားမိအောင် လုပ်ခဲ့လို့ ဆိုင်ရှင်ကလည်း လျော်ကြေးအနေနဲ့ ၂၀ ရာခိုင်နှုန်း လျှော့ပေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့တာ"
အခြေအနေကို သိရှိသူတစ်ဦးက ရှောင်မေအတွက် ဝင်ရောက်ပြောဆိုပေးသည်၊၊
"တောက်... ချန်ဇီဟန်ကို ဒီနေရာမှာ လုံးဝ မကြိုဆိုဘူး၊၊ သူ လာတိုင်း ဘယ်တော့မှ ကောင်းတာမဖြစ်ဘူး"
သူ့ကြောင့် နစ်နာခဲ့ရဖူးသူ အခြားတစ်ဦးကလည်း ကျိန်ဆဲလိုက်သည်၊၊
"ဒီလိုလည်း ပြောလို့မရပါဘူး၊၊ ချန်ဇီဟန်က ပိုက်ဆံကို သုံးနိုင်ဖြုန်းနိုင်တယ်၊၊ သူ ဝယ်တဲ့ ပစ္စည်းတွေကလည်း အမြဲတမ်း အမြောက်အမြားပဲ၊၊ ဆိုင်မန်နေဂျာကတော့ သူ့ကို ကြိုဆိုတာပဲ"
တစ်စုံတစ်ဦးက ပြောလိုက်သည်၊၊
အတိတ်က ကိစ္စရပ်များကို တီးတိုး ပြောဆိုနေကြသော ဝန်ထမ်းအချို့၏ အနောက်သို့ ဆိုင်မန်နေဂျာသည် တိတ်တဆိတ် လျှောက်လှမ်းလာချိန်လည်း ဖြစ်သည်၊၊