အခန်း (၂၁) - ပြိုင်ပွဲ
ချန်ဇီဟန်၏ အနားတွင်ရှိသော မိန်းကလေးဖန်းသည် နူးညံ့သိမ်မွေ့သော ပင်ကိုယ်စရိုက်ရှိပြီး အထက်တန်းကျသော မျိုးရိုးကြီးနွယ်ဝင် အမျိုးသမီးပျိုတစ်ဦးပီသစွာ ပြုမူနေထိုင်တတ်သူ ဖြစ်သည်၊၊ တစ်ဖက်တွင်မူ ချန်ဇီဟန်သည် လူလုံးထွက်ပြသလိုသူ၊ မောက်မာသူနှင့် ဝင့်ဝါတတ်သူ ဖြစ်သည်၊၊ သို့သော်လည်း လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော ပင်ကိုယ်စရိုက်ရှိသည့် ဤလူနှစ်ဦးမှာ အတူတူလက်တွဲဖြစ်ခဲ့ကြသည်၊၊
"စစ်ယောင်... မင်း ဒါကို စိတ်ပူနေဖို့မလိုဘူး၊၊ ငါ ဘာလုပ်နေလဲဆိုတာ ငါသိတယ်"
မိန်းကလေးဖန်း၏ ဖျောင်းဖျမှုကို ကြားပြီးနောက် ချန်ဇီဟန်သည် သူမဘက်သို့ လှည့်မကြည့်ဘဲ စကားပြောလိုက်သည်၊၊ ထိုအချိန်တွင် သူ၏လေသံမှာ ယခင်ကကဲ့သို့ ဗိုလ်ကျလွှမ်းမိုးလိုသည့် ပုံစံမျိုး မဟုတ်တော့ပေ၊၊
"သခင်လေး... ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် သခင်လေးဇီဟန်ကို ဒီလက်ကောက်လေး ပေးလိုက်ပါနော်"
ဆိုင်ရှင်အမျိုးသမီးသည် ချန်ချန်ကို ဖျောင်းဖျရန် ကြိုးစားနေစဉ် သူမ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်၊၊ ချန်ချန်က မည်သို့မျှ တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ ဆိုင်ရှင်အမျိုးသမီးမှာ ပူပန်သောကရောက်ကာ ပျာပျာသလဲ ဖြစ်သွားသည်၊၊ ခဏအကြာတွင် သူမသည် ချန်ဇီဟန်ထံသို့ အပြေးအလွှား သွားရောက်ကာ ရိုသေနှိမ့်ချစွာဖြင့် ပြောလိုက်သည်၊၊
"သခင်လေးဇီဟန်... တခြားဟာလေးတွေကို ကြည့်ပေးပါလားရှင့်၊၊ ကျွန်မတို့ဆိုင်မှာ ကျယ်ပြောတဲ့ ပင်လယ်ပြာ လမင်းသရဖူနဲ့ ကြည်လင်တဲ့ ရေစင် နတ်ဆိုးကျောက်စိမ်းတွေလည်း ရှိပါတယ်၊၊ အကုန်လုံးက ကောင်းပေ့ဆိုတဲ့ ပစ္စည်းတွေမို့ မိန်းကလေးဖန်း သဘောကျမယ်ဆိုတာ ကျွန်မ အာမခံပါတယ်ရှင့်"
ဆိုင်ရှင်အမျိုးသမီးသည် မြှောက်ပင့်လိုသော်လည်း မတတ်သာသည့် အပြုံးကြီးကို ပြုံးထားပြီး သူတစ်ပါးအောက် ရောက်နေရသူတို့၏ နိမ့်ကျလှသော ဘဝအခြေအနေကို ပေါ်လွင်နေစေသည်၊၊ အန်ယန်မြို့တော်တွင် ယခုကဲ့သို့ ကြီးမားသော အလှဆင်ပစ္စည်းဆိုင်ကြီးတစ်ဆိုင် ဖွင့်လှစ်နိုင်ခြင်းက ၎င်း၏နောက်ကွယ်ရှိ ပိုင်ရှင်တွင် အတိုင်းအတာတစ်ခုအထိ ဩဇာအာဏာရှိကြောင်း ပြသနေသည်၊၊ သို့သော်လည်း မည်မျှပင် အာဏာရှိစေကာမူ ချန်မျိုးနွယ်စုကဲ့သို့ ကြီးမားလှသော အင်အားစုနှင့် နှိုင်းယှဉ်ပါက မှေးမှိန်သွားရသည်သာ ဖြစ်သည်၊၊ အကယ်၍ အခြားသူတစ်ဦးဦးသာ ဆိုင်ထဲတွင် လာရောက်ပြဿနာရှာရဲလျှင် အစောင့်များက ထိုသူကို မောင်းထုတ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်၊၊ သို့သော် ချန်ဇီဟန်နှင့် ပတ်သက်လာလျှင်မူ သူတို့တွင် သတ္တိ အဆတစ်ရာမက ရှိနေပါစေဦးတော့၊ ပြစ်မှားစော်ကားရန် မဝံ့ရဲကြချေ၊၊ ဆိုင်ထဲရှိ အစောင့်များသည် ချန်ဇီဟန် ဝင်လာကတည်းက ဝေးရာသို့ ကြိုတင်ပုန်းရှောင်နေခဲ့ကြသည်၊၊ သူတို့သည် သူ၏ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြပါ၊၊ ချန်ဇီဟန်က ဆိုင်တစ်ခုလုံးကို ရိုက်ခွဲဖျက်ဆီးပစ်လျှင်ပင် ဆိုင်ပိုင်ရှင်အနေဖြင့် ဆိုင်ကို ဖျက်ဆီးနေစဉ် တစ်ခုခုနှင့် တိုက်မိခိုက်မိသွားမည်ကို စိုးရိမ်တကြီးဖြင့် ဦးညွှတ်တောင်းပန်ရမည်သာ ဖြစ်သည်၊၊
"ဆိုင်ရှင်ယွီ... မင်းက ဘာသဘောနဲ့ ဒီလိုပြောတာလဲ၊၊ ငါက ဒီလက်ကောက်နဲ့ မတန်ဘူးလို့ မင်းထင်နေတာလား"
ချန်ဇီဟန်၏ အမူအရာက အေးစက်သွားပြီး ဆိုင်ရှင်အမျိုးသမီးကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်၊၊
ချန်ဇီဟန်၏ စကားကို ကြားလိုက်ရသောအခါ ဆိုင်ရှင်အမျိုးသမီး၏ ရင်မှာ ဒိန်းခနဲ ဖြစ်သွားပြီး အခြေအနေများ အကြီးအကျယ် လွဲချော်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်၊၊ မီးလျှံမိုးဝိညာဉ်အလင်း လက်ကောက်သည် ရှားပါးရတနာတစ်ခု ဖြစ်သော်လည်း ဆိုင်တွင် အလားတူအဆင့်ရှိသော အခြားအလှဆင်ပစ္စည်း အနည်းငယ် ရှိပါသေးသည်၊၊ သူမ အစောပိုင်းက မိတ်ဆက်ပေးခဲ့သော ကျောက်စိမ်းစမ်းချောင်း ဆံထိုးတွင် စတုတ္ထအဆင့် 'မှော်အမြုတေ' မြှုပ်နှံထားခြင်း မရှိသော်လည်း ၎င်းကို သွန်းလုပ်ရန် အသုံးပြုထားသည့် ကျောက်စိမ်းမှာလည်း အလွန်တရာ အဖိုးတန်လှသည်၊၊ ချန်ဇီဟန်က မီးလျှံမိုးဝိညာဉ်အလင်းလက်ကောက်ကိုမှ အဘယ်ကြောင့် ဤမျှ ဇွတ်တရွတ် လိုချင်နေရသည်ကို ဆိုင်ရှင်အမျိုးသမီး နားမလည်နိုင် ဖြစ်နေရသည်၊၊ သို့သော်လည်း ချန်ချန်က လက်မလွှတ်လိုသဖြင့် သူမအနေဖြင့် တတ်နိုင်သည်က အနည်းငယ်သာ ရှိသည်၊၊
"သခင်လေးဇီဟန်... ဒါက နောက်စရာကိစ္စ မဟုတ်ပါဘူးရှင့်၊၊ သခင်လေးကို မီးလျှံမိုးဝိညာဉ်အလင်းနဲ့ မတန်ဘူးလို့ ကျွန်မ ဘယ်လိုလုပ် တွေးဝံ့ပါ့မလဲ၊၊ ဒါပေမဲ့ ဒီလက်ကောက်က ဝယ်ပြီးသား ဖြစ်နေလို့ပါ၊ ကျွန်မတို့ဆိုင်မှာလည်း ဒုတိယတစ်ခု တကယ်မရှိတော့လို့ပါရှင့်"
ဆိုင်ရှင်အမျိုးသမီးက မချိပြုံးလေး ပြုံးလျက် လေသံပျော့လေးဖြင့် ပြောလိုက်သည်၊၊
"ဆိုင်ရှင်... အဲဒီ ကျောက်စိမ်းစမ်းချောင်း ဆံထိုးလေးကို ကျွန်မ ကြည့်ဖို့ ယူခဲ့ပေးပါဦး"
ချန်ဇီဟန် စကားမပြောနိုင်မီ ဖန်းစစ်ယောင်က ဦးအောင် ပြောလိုက်သည်၊၊
ဖန်းစစ်ယောင်၏ စကားကို ကြားလိုက်ရသဖြင့် ဆိုင်ရှင်အမျိုးသမီးမှာ တိတ်တဆိတ် သက်ပြင်းချနိုင်သွားသည်၊၊ ချန်ဇီဟန်၏ စရိုက်အရ ဖန်းစစ်ယောင် တစ်ဦးတည်းသာလျှင် သူ့ကို ဖျောင်းဖျနိုင်လိမ့်မည် ဖြစ်သည်၊၊ သို့သော်လည်း ဖန်းစစ်ယောင်က ပြောလိုက်သော်လည်း ဆိုင်ရှင်အမျိုးသမီးသည် ချန်ဇီဟန်ဘက်သို့ လှည့်ကြည့်လိုက်သည်၊၊ သူ၏ ခွင့်ပြုချက်ရမှသာ သူမ ယူဆောင်ပေးဝံ့သည် ဖြစ်သည်၊၊
ဖန်းစစ်ယောင်သည် ချန်ဇီဟန်၏ အနားသို့ တိုးကပ်သွားပြီး သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်၊၊ သူမ၏ လှပသော မျက်နှာထက်တွင် နားလည်မှုရှိသော အပြုံးတစ်ခု ရှိနေသည်၊၊
"ဇီဟန်... သူတပါးက ဝယ်ပြီးသား ဖြစ်နေတာကို ပြဿနာမရှာပါနဲ့တော့၊၊ ဒီနေ့ တစ်နေ့လုံးကို ကျွန်မနဲ့အတူ အချိန်ဖြုန်းပေးမယ်လို့ ရှင် ကတိပေးထားတာလေ၊၊ အားလုံးကို စိတ်အနှောင့်အယှက် မဖြစ်စေပါနဲ့တော့"
ဖန်းစစ်ယောင်က သူ့ကို ဖျောင်းဖျလိုက်သည်၊၊
"သူက ဒါကို အပိုင်ရသေးတာမှ မဟုတ်တာ၊၊ ဒါကို သူ့ဆီက လုယူတယ်လို့ ဘယ်လိုခေါ်လို့ရမှာလဲ၊၊ ဒါက အရောင်းအဝယ် ကိစ္စတစ်ခုပဲလေ... တစ်ဖက်က ပိုက်ဆံပေး၊ တစ်ဖက်က ပစ္စည်းယူရုံပဲ၊၊ ဒါ့အပြင် တစ်စုံတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု ဖြစ်နေပြီဆိုရင်တောင် တခြားနည်းလမ်းတွေနဲ့ ရအောင်ယူလို့ ရသေးတာပဲ မဟုတ်ဘူးလား"
ချန်ဇီဟန်သည် ချန်ချန်ကို ကြည့်ကာ အဓိပ္ပာယ်နက်နဲစွာဖြင့် ပြောလိုက်သည်၊၊
သို့သော် ချန်ဇီဟန်သည် မိမိလက်ထဲရှိ နူးညံ့မှုကို ခံစားလိုက်ရသောအခါ အတိုင်းအဆမဲ့သော ကြင်နာမှုကို ခံစားလိုက်ရသည်၊၊ သူသည် မျက်ဝန်းများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး မျက်နှာတွင် မကျေနပ်မှု အရိပ်အယောင်များ ယှက်သန်းသွားသည်၊၊ ခဏအကြာတွင် သူသည် နောက်ဆုံး၌ လေသံတိုးတိုးဖြင့် ပြောလိုက်သည်၊၊
"သွားယူချေ"
ချန်ဇီဟန်၏ စကားကို ကြားလိုက်ရသဖြင့် ဆိုင်ရှင်အမျိုးသမီးသည် သူ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ပစ္စည်းကို ယူရန် အပြေးအလွှား ထွက်သွားတော့သည်၊၊ စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ ဆိုင်အတွင်း၌ ဝယ်သူများအချင်းချင်း စိတ်အနှောင့်အယှက်ဖြစ်စရာ အငြင်းပွားမှုများ ဖြစ်ပွားသည်ကို မလိုလားကြသည်မှာ သဘာဝပင် ဖြစ်သည်၊၊ အကယ်၍ သတင်း ပျံ့နှံ့သွားပါက ဆိုင်၏ ဂုဏ်သတင်းကို ထိခိုက်စေမည် ဖြစ်သည်၊၊
ချန်ဇီဟန်၏ နားမလည်နိုင်သော စကားများကို ကြားပြီးနောက် ချန်ချန်သည် သူ၏ ထူးဆန်းသော အမူအရာ နောက်ကွယ်တွင် ဘာရှိနေသည်ကို ရုတ်တရက် ရိပ်မိသွားသည်၊၊
"ချန်ဇီဟန်... မင်း ဒီနေ့ ဒီလို ပြုမူနေတာက ငါ့မျက်နှာကို မကြည့်ချင်လို့ပဲ၊၊ ဒါပေမဲ့ ငါလည်း မင်းကို တစ်ခု ပြောလိုက်မယ်... ဒါက မူလကတည်းက ငါ့ပစ္စည်းပဲ၊၊ ဒါကို သူတစ်ပါးဆီက လုယူတယ်လို့ ဘယ်လိုခေါ်လို့ ရမှာလဲ"
ချန်ချန်သည် ချန်ဇီဟန်ကို စိုက်ကြည့်ကာ စကားလုံးတစ်လုံးချင်းစီကို ပြတ်သားစွာ ပြောလိုက်သည်၊၊
အစောပိုင်းက ချန်ချန်ကို ကုန်ပစ္စည်းများ မိတ်ဆက်ပေးခဲ့သော အရောင်းစာရေးမလေးသည် ဤအခြေအနေကို မြင်သောအခါ စိုးရိမ်သွားသည်၊၊ ချန်ဇီဟန်နှင့် နှိုင်းယှဉ်ပါက သူတို့အားလုံးသည် ထိခိုက်လွယ်သော သာမန်လူတန်းစားများ ဖြစ်ကြသဖြင့် အချင်းချင်း ကိုယ်ချင်းစာစိတ်ရှိကြပြီး သူမအနေဖြင့် တစ်စုံတစ်ဦးက သူ၏ နှိပ်စက်မှုကို ခံရသည်ကို မမြင်လိုသည်မှာ သဘာဝပင် ဖြစ်သည်၊၊ လူအများစုသည် ချန်ဇီဟန်၏ ရှေ့မှောက်တွင် အသက်ပင် ပြင်းပြင်းမရှူဝံ့ကြသော်လည်း ချန်ချန်ကမူ သူ့ကို အမှန်တကယ် ပြန်လည်ချေပ ပြောဆိုခဲ့သည်၊၊ အရောင်းစာရေးမလေး၏ ရင်မှာ ထိတ်ခနဲ ဖြစ်သွားသည်၊၊ သူမသည် ချန်ချန်နှင့် ချန်ဇီဟန်တို့ ထိုလက်ကောက်အတွက် လုနေကြသည်ဟု အမြဲ ယုံကြည်နေခဲ့သည်၊၊
"သခင်လေး... စကားနည်းနည်းပဲ ပြောပါတော့၊၊ သခင်လေးဇီဟန်က ကျွန်မတို့ ပြစ်မှားစော်ကားလို့ရတဲ့လူမျိုး မဟုတ်ဘူးရှင့်"
အရောင်းစာရေးမလေးသည် ချန်ချန်၏ အင်္ကျီလက်စကို အသာအယာ ဆွဲကာ တိုးတိုးလေး သတိပေးလိုက်သည်၊၊
သို့သော် သူမ စကားပြောပြီးသည်နှင့် ချန်ဇီဟန်၏ အကြည့်က သူမဘက်သို့ လှည့်လာသည်ကို ရုတ်တရက် သတိပြုမိသွားသည်၊၊ သူမသည် ချက်ချင်းပင် လက်ကို ပြန်ရုပ်လိုက်ပြီး မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားသည်၊၊
'သွားပြီ... သွားပြီ၊၊ အဲဒီ မိစ္ဆာကြီးက ငါ့ကို သတိထားမိသွားပြီ၊၊ သူ ငါ့အပေါ် ရန်ငြိုးထားတော့မှာ မဟုတ်ဘူးလား'
အရောင်းစာရေးမလေး၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်လာပြီး ကြောက်ရွံ့ ထိတ်လန့်မှုများက လွှမ်းမိုးသွားသည်၊၊ ချန်ဇီဟန်သည် အလွန် ကျော်ကြားသော်လည်း ထိုကျော်ကြားမှု အများစုမှာ နာမည်ဆိုးဖြင့် ကျော်ကြားခြင်း ဖြစ်သည်၊၊ အစ်ဇူမိုအင်ပါယာ ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် အရပ်မျက်နှာအနှံ့ နာမည်ကျော်ကြားသူတိုင်းသည် လူကောင်းတစ်ယောက် ဖြစ်ခဲလှသည်၊၊
ချန်ချန်သည် မိမိအင်္ကျီလက်စကို ဆွဲသည်ကို သတိပြုမိသဖြင့် ခေါင်းကို အနည်းငယ် စောင်းကာ အရောင်းစာရေးမလေးကို ကြင်နာစွာ ပြုံးပြလိုက်သည်၊၊
ချန်ဇီဟန်သည် အရောင်းစာရေးမလေး၏ သေးငယ်သော လှုပ်ရှားမှုကို သဘာဝအတိုင်း သတိပြုမိသည်၊၊ သူသည် သူမကို မထူးခြားသလို တစ်ချက်သာ ကြည့်လိုက်သော်လည်း သူမကို သေလုမတတ် ထိတ်လန့်သွားစေခဲ့သည်၊၊ ထို့နောက်တွင်မူ သူမကို ဆက်၍ အရေးမစိုက်တော့ပေ၊၊ ချန်ဇီဟန်အတွက်မူ သူမသည် သူ၏ အာရုံစိုက်မှုကို ခံယူရန် မတန်တဆ ဖြစ်သည်၊၊ ယခုကဲ့သို့ သေးငယ်သော ကိစ္စရပ်တစ်ခုအတွက် ထိုမျှ နိမ့်ကျသော လူတစ်ယောက်ကို ကလဲ့စားချေရန်ပင် သူ စိတ်မဝင်စားပါ၊၊
"ချန်ချန်... မင်းရဲ့ ပစ္စည်းတွေကို အမြဲ သေသေချာချာ ထိန်းသိမ်းထားတာ ပိုကောင်းလိမ့်မယ်၊၊ ငါ့ကို မင်းဆီကနေ လုယူဖို့ အခွင့်အရေး မပေးမိစေနဲ့"
ချန်ဇီဟန်၏ လေသံက လေးနက်လှသည်၊၊
ထိုသို့ ပြောပြီးနောက် သူသည် ချန်ချန်ကို စိတ်ပါဝင်စားမှု မရှိတော့ဘဲ ဖန်းစစ်ယောင်၏ လက်ကို ဆွဲကာ ပစ္စည်းယူပြီး ပြန်လာသော ဆိုင်ရှင်အမျိုးသမီးထံသို့ လျှောက်လှမ်းသွားသည်၊၊ ၎င်းမှာ သပ်ရပ်လှပသော သစ်သားသေတ္တာလေးထဲတွင် ထည့်ထားသည့် နို့နှစ်ရောင်သန်းကာ လှပလွန်းသော ကျောက်စိမ်းဆံထိုးလေး ဖြစ်သည်၊၊ ချန်ဇီဟန်သည် ဆံထိုးကို ညင်သာစွာ ထုတ်ယူပြီး ဖန်းစစ်ယောင်၏ ဆံနွယ်များကြားတွင် ဆင်မြန်းပေးလိုက်သည်၊၊ သူမကို ကြည့်နေသော သူ၏ အကြည့်များတွင် ကြင်နာယုယမှုများဖြင့် ပြည့်နှက်နေသည်၊၊
မှန်ထဲတွင် ကြည့်ပြီးနောက် ဖန်းစစ်ယောင်သည် အလွန်တရာ သဘောကျသွားသည်၊၊ ချန်ဇီဟန်သည် ငွေကို လွယ်လွယ်ကူကူပင် ပေးချေလိုက်ပြီးနောက် ဖန်းစစ်ယောင်နှင့် လက်တွဲကာ ဆိုင်ထဲမှ ထွက်ခွာသွားတော့သည်၊၊ ထိုအချိန်အတွင်း ချန်ဇီဟန်သည် ချန်ချန်ကို တစ်ချက်မျှ ပြန်မကြည့်တော့ဘဲ ချန်ချန်ဟူ၍ တည်ရှိမနေသကဲ့သို့ ပြုမူသွားသည်၊၊
ချန်ဇီဟန် ထွက်ခွာသွားသည်နှင့် ဆိုင်ထဲရှိ ဝန်ထမ်းအချို့သည် အသီးသီး သက်ပြင်းချနိုင်ကြတော့သည်၊၊ အစောပိုင်းက ချန်ဇီဟန် ရှိနေခြင်းသည် အသက်ရှူရကျပ်မတတ် ဖိအားပေးလွန်းလှသည်၊၊
"သခင်လေး... ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်ရှင့်၊၊ သခင်လေးဇီဟန်က ကျွန်မတို့ ပြစ်မှားစော်ကားလို့ရတဲ့သူ မဟုတ်လို့ပါ၊၊ အစောပိုင်းက စော်ကားမိတာရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါရှင့်"
ချန်ဇီဟန် ထွက်သွားသည်နှင့် ဆိုင်ရှင်အမျိုးသမီးသည် ချန်ချန်၏ ရှေ့သို့ ချက်ချင်း ရောက်လာပြီး ပြုံးလျက် တောင်းပန် စကားဆိုသည်၊၊
"ဒီမီးလျှံမိုးဝိညာဉ်အလင်းကို ယူဦးမလားရှင့်၊၊ လျော်ကြေးအနေနဲ့ ကျွန်မ ၂၀ ရာခိုင်နှုန်း လျှော့ပေးရင် ဘယ်လိုလဲရှင့်"
ဆိုင်ရှင်အမျိုးသမီးသည် ယန်လင်ကျီ ၏ လက်ကောက်ဝတ်ရှိ လက်ကောက်ကို ညွှန်ပြကာ ပြောလိုက်သည်၊၊ ထိုသို့ လျှော့ပေးခြင်းက ရွှေဒင်္ဂါး လေးသောင်းကျော်ကို ဈေးလျှော့ပေးခြင်း ဖြစ်သည်၊၊ ဆိုင်ရှင်တစ်ဦး ဖြစ်သောကြောင့်သာ သူမတွင် ယခုကဲ့သို့သော လုပ်ပိုင်ခွင့် အာဏာရှိခြင်း ဖြစ်သည်၊၊
"ဆိုင်ရှင်... ဒါက... မီးလျှံမိုးဝိညာဉ်အလင်းက ပစ္စည်းအသစ်ဖြစ်ပြီး ဈေးနှုန်းလည်း သတ်မှတ်ပြီးသားပါ၊၊ ဈေးလျှော့ပေးတဲ့အထဲမှာ မပါဝင်ပါဘူးရှင့်၊၊ အကယ်၍ ဒီလိုလုပ်ရင် ပိုင်ရှင်သိသွားတဲ့အခါ ဆိုင်ရှင်ကို အပြစ်တင်ပါလိမ့်မယ်"
အစောပိုင်းက အရောင်းစာရေးမလေးသည် လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်၊၊
"ကိစ္စမရှိပါဘူး၊၊ ငါ့ရဲ့ စာရင်းထဲမှာပဲ ထည့်ထားလိုက်ပါ"
ဆိုင်ရှင်အမျိုးသမီးက ပြုံးလျက် ပြောလိုက်သည်၊၊
အန်ယန်မြို့တော်တွင် ဩဇာကြီးမားသော မိသားစုများ အလွန်များပြားလှသည်၊၊ ဆိုင်ပိုင်ရှင်အနေဖြင့် မည်သူ့ကိုမျှ မပြစ်မှားလိုပါ၊ ချန်ဇီဟန်၏ အစောပိုင်းက ပြဿနာရှာမှုကြောင့် သူမအနေဖြင့် ချန်ချန်ကို ပြစ်မှားမိသကဲ့သို့ ဖြစ်သွားခဲ့သည်၊၊ ယခု သူမ ပြုလုပ်နေခြင်းမှာ လျော်ကြေးပေးသည့် ပုံစံတစ်မျိုး ဖြစ်သည်၊၊ အရောင်းစာရေးသည် အမြတ်အစွန်းကိုသာ ဂရုစိုက်တတ်သည်၊၊ ဈေးနှုန်းမြင့်မားလေ၊ အမြတ်များလေ ဖြစ်သည်၊၊ သို့သော် ဆိုင်ရှင်ဖြစ်သူကမူ ပိုမိုကျယ်ပြန့်သော အမြင်ဖြင့် ကြည့်သည်၊၊ သူမအတွက်မူ အဆက်အသွယ် ကွန်ရက်များသည်လည်း အမြတ်အစွန်းတစ်မျိုး ဖြစ်သည်၊၊
ချန်ဇီဟန်နှင့် စကားအချေအတင် ပြောဆိုရဲသူဟူ၍ လူနှစ်မျိုးသာ ရှိသည်၊၊ တစ်မျိုးမှာ မည်သည်ကိုမျှ မကြောက်ရွံ့ဘဲ မဆင်မခြင် ပြုမူတတ်သော လူငယ်လူရွယ်များ ဖြစ်ပြီး၊ အခြားတစ်မျိုးမှာမူ မြင့်မားသော ရာထူးအဆင့်အတန်း ရှိသူများ ဖြစ်ကြသည်၊၊ ဆိုင်ရှင်၏ အမြင်တွင် ချန်ချန်သည် ပထမလူစားမျိုးနှင့် မတူလှပေ၊၊ ထို့ကြောင့်ပင် သူမသည် ဤနည်းလမ်းကို အသုံးပြု၍ ချန်ချန်ကို ဖောက်သည်တစ်ဦးအဖြစ် ထိန်းသိမ်းထားလိုခြင်း ဖြစ်သည်၊၊ ယာယီ အရှုံးအမြတ်က အရေးမကြီးပါ၊၊ ဆိုင်ရှင် တန်ဖိုးထားသည်မှာ ရေရှည်အကျိုးအမြတ် ဖြစ်သည်၊၊
ဤအလှဆင်ပစ္စည်းဆိုင်သည် အန်ယန်မြို့တော်တွင် အကောင်းဆုံး ဆိုင်များထဲမှ တစ်ဆိုင် ဖြစ်သည်၊၊ ချန်ချန်၏ အနားတွင် ယခုကဲ့သို့သော အလှပဂေးတစ်ဦး ရှိနေသဖြင့် နောင်တွင်လည်း အလှဆင်ပစ္စည်းများနှင့် ပတ်သက်၍ လိုအပ်ချက်များစွာ ရှိလာလိမ့်မည်ဟု ဆိုင်ရှင်က ယုံကြည်နေသည်၊၊
ဆိုင်ရှင်အမျိုးသမီး၏ အမူအရာကို မြင်သောအခါ ချန်ချန်သည် မည်သည့် အဖြေမျှ မပေးခဲ့ပါ၊၊ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ယှက်သန်းနေပြီး ပြောလိုက်သည်၊၊
"မင်းက ချန်ဇီဟန်ကို မပြစ်မှားဝံ့ဘူးဆိုရင်... ငါ့ကိုကျတော့ ပြစ်မှားဝံ့တယ်လို့ မင်းကို ဘာက တွေးတောစေတာလဲ"