အခန်း ၉ မြွေလူသားမျိုးနွယ်စုသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း
ဘုရင်မ မဒူဆာသည် ခရီးစဉ်တစ်လျှောက်လုံး အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းခဲ့သည်။ ယခုအခါ သူမသည် မြွေလူသားမျိုးနွယ်စုသို့ အမြန်ဆုံးပြန်ရောက်လိုနေပြီ ဖြစ်ရာ လင်းယွမ်အနေဖြင့် သူမအတွက် ရုပ်ပြောင်းလဲခြင်းဆေးလုံးကို ဖော်စပ်ပေးနိုင်ရန်ဖြစ်သည်။
"မြန်မြန်... ပိုမြန်မြန်"
ဘုရင်မ မဒူဆာသည် စိတ်ထဲမှ အဆက်မပြတ် ရွတ်ဆိုနေပြီး သူမ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကိုလည်း အစွမ်းကုန် ထုတ်လွှတ်ထားသည်။ ပထမဆုံးအကြိမ်အဖြစ် သူမသည် မိမိကိုယ်မိမိ ဘာကြောင့် ဤမျှနှေးကွေးနေရသနည်းဟု ခံစားနေရသည်။
"ဟဲဟဲ... မင်းက တကယ့်ကို ကလေးတစ်ယောက်လိုပဲ။"
ဘုရင်မ မဒူဆာ၏ အပြုအမူများမှာ လင်းယွမ်၏ မျက်စိအောက်မှ လွတ်ကင်းခြင်း မရှိပေ။ လင်းယွမ်သည် သူမ၏ အတွေးများကို နားလည်ပေးနိုင်သည်။
"ချစ်လေး... မင်းက အရမ်းနှေးလွန်းတယ်။"
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းယွမ်သည် အရှိန်ပြင်းစွာ ပျံသန်းနေသော ဘုရင်မ မဒူဆာကို အမီလိုက်သွားသည်။
"မင်း ဘာလုပ်တာလဲ"
ဘုရင်မ မဒူဆာ၏ အံ့သြမှင်သက်နေသော အကြည့်အောက်တွင် လင်းယွမ်သည် ဘာကိုမျှ ဂရုမစိုက်ဘဲ သူမကို သူ၏ လက်မောင်းထဲသို့ ပွေ့ချီလိုက်သည်။
ဤကဲ့သို့သော "မင်းသမီးလေးလို ပွေ့ချီခြင်း" အပြုအမူကြောင့် ဘုရင်မ မဒူဆာ၏ လှပသောမျက်နှာလေးမှာ ချက်ချင်းဆိုသလို နီမြန်းသွားရပြီး သူမက ပုံစံအရ အနည်းငယ် ရုန်းကန်လိုက်သည် "ငါ့ကို လွှတ်စမ်း"
"ဘာလဲ မင်း အမြန်ပြန်မရောက်ချင်ဘူးလား"
လင်းယွမ်သည် ပြုံးလိုက်ပြီး သူ၏ လက်မောင်းထဲရှိ အလှပဂေးလေးကို ငုံ့ကြည့်လိုက်သော်လည်း သူ၏ အရှိန်မှာမူ လုံးဝ လျော့ကျသွားခြင်း မရှိပေ။
"ဒါက..."
လင်းယွမ်၏ စကားကို ကြားလိုက်ရသောအခါ ဘုရင်မ မဒူဆာသည် မျက်တောင်လေး ခတ်လိုက်ပြီး ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်... သူ ငါ့ကို ဖက်တာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ ဒီအတိုင်းပဲ ထားလိုက်ပါတော့"
ဘုရင်မ မဒူဆာသည် မျက်လုံးလေးမှိတ်ကာ လင်းယွမ်၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်တော့သည်။
"ငါက ခရီးမြန်မြန်ရောက်ချင်လို့ပဲ သူ့အပေါ် ခံစားချက်ရှိလို့ မဟုတ်တာတော့ သေချာပါတယ် ဒါပါပဲ။"
ဘုရင်မ မဒူဆာသည် မိမိကိုယ်မိမိ အကြိမ်ကြိမ် ပြန်လည်နှစ်သိမ့်နေသည်။ သို့သော် ဤအကြောင်းပြချက်မှာ အတော်လေး အားနည်းနေသည်မှာ အမှန်ပင်။
"အို..."
ဘုရင်မ မဒူဆာက သူ၏ လည်ပင်းကို ရုတ်တရက် သိုင်းဖက်လိုက်သဖြင့် လင်းယွမ် အံ့သြသွားရသည်။ ထို့နောက် သူ၏ နှုတ်ခမ်းဖျားမှ အသာအယာ ရယ်မောသံ ထွက်ပေါ်လာပြီး ထိုအလှပဂေးလေးမှာ သူ့ကို ခုခံလိုစိတ် မရှိတော့ကြောင်း သိလိုက်ရသည်။
လင်းယွမ်သည် ဘုရင်မ မဒူဆာ၏ ကိုယ်လေးကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် အပြင်းနှင်လိုက်တော့သည်။ သူ၏ ထက်မြက်သော အမြင်အာရုံဖြင့် သဲကန္တာရထဲရှိ အိုအေစစ်ငယ်လေးကို ဝေဝါးစွာ မြင်နေရပြီ ဖြစ်သည်။
လင်းယွမ်သည် လေဟာနယ်ကို နင်းလျှောက်လာခဲ့ပြီး အရုဏ်တက်ချိန်တွင် မြို့ငယ်လေးတစ်မြို့ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ လင်းယွမ်သည် မြွေလူသားမျိုးနွယ်စု၏ နယ်မြေအတွင်းသို့ ဝင်ရောက်ရန် မဝေးတော့ကြောင်း သိလိုက်သည်။ ချက်ချင်းပင် သူ၏ အရှိန်မှာ ပို၍ မြန်ဆန်လာသည်။
"မြွေလူသားမျိုးနွယ်စု နယ်မြေဖြစ်သည်၊ လူသားများ ဝင်ရောက်ခွင့် မရှိ"
သို့သော် ထိုအချိန်တွင်ပင် ကောင်းကင်ယံမှ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် လင်းယွမ်သည် သူ၏ လမ်းကို ပိတ်ဆို့ထားသော အလွန်ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
"အော် မင်း ငါ့ကို တားမလို့လား"
လမ်းပိတ်ခံလိုက်ရသဖြင့် လင်းယွမ်သည် ရှေ့သို့ ဆက်မသွားတော့ဘဲ ရပ်လိုက်သည်။ သူ၏ ရှေ့မှ အမျိုးသမီးမှာ ဘုရင်မ မဒူဆာလောက် မလှသော်လည်း သူမတွင် သဘာဝအလျောက် ဆွဲဆောင်မှုရှိသော အလှတရား ရှိနေသဖြင့် ရှားပါးလှပသူတစ်ဦး ဖြစ်သည်မှာ အမှန်ပင်။ အကယ်၍ ဘုရင်မ မဒူဆာ၏ အလှမှာ ၁၀ မှတ်တွင် ၁၀ မှတ် ဆိုပါက ဤမြွေအမျိုးသမီး၏ အလှမှာ ၈ မှတ်ခန့် ရှိပေလိမ့်မည်။
"လေဟာနယ်ကို နင်းလျှောက်နေတာလာ တိုက်ပွဲဝင်ဘိုးဘေးလား"
ယွဲ့မေ့၏ ပထမဆုံး စိတ်အာရုံမှာ ကျူးကျော်သူကို တားဆီးရန် ဖြစ်သော်လည်း လင်းယွမ် လေဟာနယ်ကို နင်းလျှောက်လာသည်ကို မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားမှာ ပေါက်ကွဲမတတ် တုန်လှုပ်သွားရသည်။ သူမ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားသည် သူမသည် တိုက်ပွဲဝင်ဘိုးဘေးတစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ဂါမာအင်ပါယာတွင် တိုက်ပွဲဝင်ဘိုးဘေးတစ်ဦး မပေါ်ထွန်းခဲ့သည်မှာ ဘယ်နှစ်နှစ် ရှိပြီနည်း သူမ သိထားသလောက်မှာ သူတို့၏ ဘုရင်မသည် ကြယ်ကိုးပွင့်တိုက်ပွဲဝင်ဧကရာဇ် အဆင့်ဖြစ်ပြီး ဂါမာအင်ပါယာတွင် အစွမ်းထက်ဆုံးသူ ဖြစ်သည်။ ဤကဲ့သို့သော ကောင်းကင်ဘုံကို အန်တုနိုင်သည့် ပုဂ္ဂိုလ်မျိုး အင်ပါယာအတွင်း၌ မည်သည့်အချိန်က ပေါ်ထွက်လာရသနည်း။
"မြွေမိန်းကလေး ငါမင်းကို သတ်ပစ်မယ်ဆိုတာ ယုံသလား။"
သူ့ရှေ့တွင် တုန်ရင်နေသော ယွဲ့မေ့ကို ကြည့်ကာ လင်းယွမ်က မသမာသော အပြုံးဖြင့် ပြုံးလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ရုတ်တရက် ပေါက်ကွဲထွက်စေလိုက်သည်။
ပြင်းထန်သော အရှိန်အဝါမှာ ယွဲ့မေ့ဆီသို့ တိုးဝင်သွားသဖြင့် သူမ၏ တောင်ပံများ တုန်ခါသွားပြီး ကောင်းကင်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။ တိုက်ပွဲဝင်ဘိုးဘေးတစ်ဦး၏ ရှေ့မှောက်တွင် သူမသည် ထွက်ပြေးရန်ပင် သတ္တိမရှိတော့ပေ။
"သွားပြီ... ဘုရင်မကြီးက အပြင်သွားနေတယ် ငါတော့ သေရချေတော့မယ်" ယွဲ့မေ့သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။
သို့သော် ယွဲ့မေ့ မျှော်လင့်ချက်မဲ့နေချိန်တွင်ပင် ရင်းနှီးသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"တော်တော့... ငါ့လူတွေကို အနိုင်ကျင့်ခွင့် မပြုဘူး။"
ဒါကို ကြားလိုက်ရသောအခါ ယွဲ့မေ့သည် မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။ ထိုအချိန်တွင် ဘုရင်မ မဒူဆာသည် လင်းယွမ်၏ ရင်ခွင်ထဲမှ မျက်နှာလေးကို လွှဲလိုက်ပြီး ယွဲ့မေ့ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်း ဆုံမိသွားချိန်တွင် ယွဲ့မေ့၏ သူငယ်အိမ်များမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားရသည်။
နောက်တစ်စက္ကန့်တွင် ယွဲ့မေ့သည် မျက်လုံးကို ပြန်မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်ကြည့်သည်။ ဤအတိုင်း အကြိမ်ကြိမ် လုပ်ဆောင်ပြီးနောက်တွင် ယွဲ့မေ့သည် နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်သည်။
တိုက်ပွဲဝင်ဘိုးဘေးအဆင့်၏ ရင်ခွင်ထဲရှိ အမျိုးသမီးမှာ မြွေလူသားမျိုးနွယ်စု၏ ဂုဏ်ဆောင် ဘုရင်မ မဒူဆာမှအပ အခြားသူ မဟုတ်ပေ။
သို့သော် သူတို့၏ ဘုရင်မမှာ ဘာကြောင့် ဤအမျိုးသား၏ လက်မောင်းထဲတွင် ရှိနေရသနည်းဘုရင်မသည် အမျိုးသားများကို အမြဲတမ်း မုန်းတီးသည် မဟုတ်ပါလား။
"ဘုရင်မကြီး အတင်းအကျပ် ဖမ်းဆီးခံထားရတာလား ဟုတ်တယ် ဒါပဲ ဖြစ်ရမယ်။"
ဤသို့ တွေးမိလိုက်သည်နှင့် ယွဲ့မေ့သည် မည်သည့်နေရာမှ သတ္တိများ ရောက်လာသည်မသိဘဲ သူမ၏ မျက်လုံးများမှာ ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည် "ဘုရင်မကြီးကို အခုချက်ချင်း လွှတ်စမ်း"
ဝုန်း
ယွဲ့မေ့၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်မှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူမသည် တွန့်ဆုတ်မနေဘဲ လင်းယွမ်ရှိရာသို့ လက်သီးများကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်တော့သည်။ ဘုရင်မမှာ မြွေလူသားမျိုးနွယ်စု၏ ဂုဏ်ဆောင်ဖြစ်သလို မြွေလူသားအားလုံး၏ ဝိညာဉ်ရေးရာ ယုံကြည်ချက်လည်း ဖြစ်သည် သူမအား တစ်စုံတစ်ရာ ထိခိုက်မှု အဖြစ်မခံနိုင်ပေ။ သူမသည် ဘုရင်မ လွတ်မြောက်နိုင်ရန်အတွက် အခွင့်အရေး အနည်းငယ် ရရှိရန်ဆိုပါက မိမိအသက်ကိုပင် စတေးရန် အဆင်သင့် ဖြစ်နေသည်။
ဤအပြုအမူကြောင့် လင်းယွမ်မှာ ချက်ချင်းပင် အံ့သြသွားရသည်။ ဘာတွေ ဖြစ်နေတာလဲ ဘာကြောင့် ဒီမြွေမိန်းကလေးက ရုတ်တရက် ရူးသွပ်သွားရတာလဲ။
သူ စဉ်းစားမရခင်မှာပင် ယွဲ့မေ့၏ လက်သီးမှာ လင်းယွမ်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သူ၏ လက်မောင်းထဲတွင် အလှပဂေးလေးကို ပွေ့ချီထားရသဖြင့် လင်းယွမ်မှာ ဘေးသို့ ရှောင်တိမ်းလိုက်ရုံမှအပ အခြားမရှိပေ။ ဤခေတ္တခဏအတွင်းမှာပင် လင်းယွမ်သည် သူ၏ လက်မောင်းထဲရှိ ဘုရင်မ မဒူဆာကို ငုံ့ကြည့်လိုက်သည်။
သူတို့နှစ်ဦး မျက်လုံးချင်း ဆုံမိလိုက်ရာ ဖြစ်နိုင်ခြေတစ်ခုကို တစ်ပြိုင်နက် သိရှိသွားကြပြီး နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။ ဤမြွေမိန်းကလေးမှာ ဘုရင်မ မဒူဆာအား လင်းယွမ်က ပြန်ပေးဆွဲထားသည်ဟု ထင်နေခြင်း ဖြစ်ရမည်။
သူမ၏ လက်သီးကို ရှောင်တိမ်းသွားသဖြင့် ယွဲ့မေ့သည် သူမ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို အမြန်ပြန်လည် စုစည်းလိုက်ပြီး လင်းယွမ်ကို ထပ်မံ တိုက်ခိုက်ပြန်သည်။
"ယွဲ့မေ့... တော်တော့"
ဤအချိန်တွင် ဘုရင်မ မဒူဆာသည် လင်းယွမ်၏ ရင်ခွင်ထဲမှ အမြန်ရုန်းထွက်လိုက်ပြီး သူတို့နှစ်ဦးကြားတွင် ဝင်ရပ်လိုက်သည်။ သူမသည် ယွဲ့မေ့က လင်းယွမ်ကို စိတ်ဆိုးအောင် လုပ်မိပြီး အသတ်ခံရမည်ကို အမှန်တကယ် စိုးရိမ်နေမိသည်။
"ဘုရင်မကြီး... ပြေးတော့ ကျွန်မ သူ့ကို တားထားပေးမယ်"
ဘုရင်မ မဒူဆာ လင်းယွမ်၏ လက်ထဲမှ "လွတ်မြောက်" သွားသည်ကို မြင်လိုက်ရသောအခါ ယွဲ့မေ့၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူမ၏ ကြိုးစားမှုမှာ အရာထင်ခဲ့ပြီး ဘုရင်မ လွတ်မြောက်ရန် အခွင့်အရေး ရသွားခဲ့ပြီ။
ယွဲ့မေ့၏ တုံ့ပြန်မှုကြောင့် ဘုရင်မ မဒူဆာမှာ စိတ်မကောင်းဖြစ်သလို ရယ်လည်းရယ်ချင်သွားသည်။ ယွဲ့မေ့၏ သစ္စာရှိမှုကို သူမ စိတ်လှုပ်ရှားမိသော်လည်း ယွဲ့မေ့၏တိုက်ပွဲဝင်ဘုရင်အဆင့် ခွန်အားဖြင့် တိုက်ပွဲဝင်ဘိုးဘေးကို မည်သို့ တားဆီးနိုင်မည်နည်း။
"တော်တော့လို့ ပြောနေတယ် လင်းယွမ်က မြွေလူသားမျိုးနွယ်စုရဲ့ အထူးဧည့်သည်တော်ပဲ"
ဘုရင်မ မဒူဆာက အော်ဟစ်လိုက်ရာ သူမ၏ အသံတွင် တိုက်ပွဲဝင်စိတ်ဝိညာဉ် အနည်းငယ် ပါဝင်နေသည်။
"အထူးဧည့်သည်တော် ဟုတ်လား"
ယွဲ့မေ့မှာ အံ့အားသင့်သွားပြီး သူတို့နှစ်ဦးကို ပြန်လည် စူးစမ်းကြည့်လိုက်သည်။ ခုနက ဖြစ်ပျက်သွားခဲ့သည်များကို ပြန်စဉ်းစားကြည့်လိုက်ရာ သူမ နောက်ဆုံးတွင် နားလည်သွားတော့သည်။
"ဘုရင်မကြီး... သူက ဘုရင်မကြီးကို ပြန်ပေးဆွဲထားတာ မဟုတ်ဘူးလား"
ယွဲ့မေ့သည် သူမ၏ မျက်နှာလေး နီမြန်းလာကာ သူမ၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး ဘုရင်မ မဒူဆာ၏ နားအနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"ပေါက်ကရတွေ မပြောနဲ့" ဘုရင်မ မဒူဆာက ယွဲ့မေ့ကို မျက်စောင်းထိုးလိုက်သည်။
ယခုအချိန်တွင် ယွဲ့မေ့၏ မျက်နှာမှာ လုံးဝ နီမြန်းသွားရပြီး မြေကြီးထဲတွင်သာ လူဝင်သွားချင်စိတ် ပေါက်နေတော့သည်။