အခန်း ၈၀ မြွေလူမျိုးစု၏ ကြေကွဲဖွယ်ရာ ဇာတ်လမ်း
"ဟဲဟဲ... မင်းတို့တွေ တကယ်ပဲ သေရမှာကို မကြောက်ကြဘူးပဲ"
မြွေလူမျိုးစုဝင်များ၏ တားဆီးခြင်းကို ခံလိုက်ရသောအခါ ကာကွယ်စောင့်ရှောက်သူ ဝူက မထီမဲ့မြင်ပြုသော မျက်လုံးများဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။
ဒီပုရွက်ဆိတ်တွေက သူတို့ကို တားနိုင်မယ်လို့ ထင်နေတာလား တကယ့်ကို ရယ်စရာကောင်းလိုက်တာ
"ဝူလေး... ကစားမနေနဲ့တော့ အလုပ်က ပိုအရေးကြီးတယ် အားလုံး တူတူတိုက်ကြ" ကာကွယ်စောင့်ရှောက်သူ ကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး လူသားအဆင့် ကာကွယ်စောင့်ရှောက်သူအချို့ကို ညွှန်ကြားလိုက်သည်။
သူသည် ဤပုရွက်ဆိတ်များကို အာရုံနောက်ခံပြီး အချိန်ဖြုန်းနေရန် စိတ်မပါတော့ပေ။
ကာကွယ်စောင့်ရှောက်သူ ကျင်း၏ ချက်ချင်းလက်ငင်း အတွေးမှာ အလုပ်ကို အမြန်လက်စသတ်ပြီး ဘုရင်မ မဒူဆာ ကို အမြန်ဆုံး ခေါ်ဆောင်သွားရန်သာ ဖြစ်သည်။
"ကောင်းပြီလေ တကယ်တော့ ကျွန်တော်က အကြီးအကျယ် သတ်ဖြတ်ပွဲ ဆင်နွှဲဖို့ စီစဉ်ထားတာ..." ကာကွယ်စောင့်ရှောက်သူ ကျင်း၏ စကားကို ကြားပြီးနောက် ကာကွယ်စောင့်ရှောက်သူ ဝူ က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
မူလက သူသည် အနည်းငယ် ပျော်ပါးပြီး မြွေလူမျိုးစုဝင်များကို မျှော်လင့်ချက်မဲ့ခြင်း ဆိုသည်မှာ ဘာလဲဆိုတာ မြည်းစမ်းခိုင်းချင်ခဲ့ခြင်း ဖြစ်သည်။ ဒါပေမဲ့ အခုတော့ သူတို့ကို မြန်မြန်ဆန်ဆန်ပဲ အသေပေးလိုက်ရတော့မှာပေါ့။
နောက်တစ်စက္ကန့်တွင် လူသားအဆင့် ကာကွယ်စောင့်ရှောက်သူ လေးဦးမှာ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြရာ ဟင်းလင်းပြင်တစ်ခုလုံးသည် တိုက်ပွဲဝင်ဘိုးဘေး တို့၏ ထိတ်လန့်ဖွယ် စွမ်းအင်များဖြင့် ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
သူတို့ လေးဦးသည် အရပ်မျက်နှာ အသီးသီးမှ လူအုပ်ထဲသို့ ဝံပုလွေအုပ်ထဲ ရောက်နေသော ကျားများကဲ့သို့ တိုးဝင်သွားကြသည်။
"အား"
"ဖူး"
ချက်ချင်းဆိုသလိုပင် လူအုပ်ထဲမှ ပုံရိပ်များသည် မိုးပေါက်များကဲ့သို့ လွင့်ထွက်သွားကြသည်။
အမျိုးမျိုးသော အော်ဟစ်သံများကို မပြတ်တမ်း ကြားနေရသည်။ အချို့မှာ လက်မောင်းများ ကျိုးသွားကြပြီး အချို့မှာ မျက်လုံးများ အဖောက်ခံလိုက်ရသည်။
သူတို့မှာ အသက်အန္တရာယ် မစိုးရိမ်ရသေးသော်လည်း ဝိညာဉ်နန်းတော်ကာကွယ်စောင့်ရှောက်သူ လေးဦး၏ ရက်စက်မှုက လူတိုင်းကို သေလုမျောပါး ခံစားရစေသည်။
"အား မင်းတို့ကို ငါ အသေခံ တိုက်မယ်"
မိမိလူမျိုးစုဝင်များ၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရသောအခါ ဒုတိယအကြီးအကဲ၏ မျက်လုံးများမှာ ချက်ချင်း သွေးဆာသကဲ့သို့ နီရဲလာတော့သည်။
နောက်တစ်စက္ကန့်တွင် ဒုတိယအကြီးအကဲ၏ ခန္ဓာကိုယ်မှာ ပန်းပဲဖိုမှ လေမှုတ်တံဖြင့် အမှုတ်ခံထားရသော ဘောလုံးတစ်ခုကဲ့သို့ ရုတ်တရက် ဖောင်းကားလာသည်။
သူ၏ ခန္ဓာကိုယ် ဖောင်းကားလာသည်နှင့်အမျှ အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှသော အော်ရာတစ်ခုမှာလည်း ဒုတိယအကြီးအကဲထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး သူ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတော့မယ်" မလှမ်းမကမ်းတွင် ရှိနေသော ပထမအကြီးအကဲသည် ဒုတိယအကြီးအကဲ၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ ဗီဇအရပင် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
"ဪ... ဟုတ်လား"
ပထမအကြီးအကဲ၏ သတိပေးချက်နှင့်အတူ ဝိညာဉ်နန်းတော်မှ ကာကွယ်စောင့်ရှောက်သူသည်လည်း ဒုတိယအကြီးအကဲထံသို့ အကြည့်ကို လုံးဝ လွှဲပြောင်းလိုက်ပြီး မျက်နှာတွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာသည်။
သာမန် တိုက်ပွဲဘုရင်အဆင့်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရုံနဲ့ ဘယ်လောက်တောင် စွမ်းအားရှိမှာမလို့လဲ အကောင်းဆုံး အခြေအနေမှာတောင် အဆင့်နိမ့် တိုက်ပွဲဝင်ဧကရာဇ်အချို့ကိုပဲ ခြိမ်းခြောက်နိုင်မှာပါ။ တိုက်ပွဲဝင်ဘိုးဘေးတွေ အတွက်ကတော့ အနာတောင် မဆာနိုင်ပါဘူး။
လူသားအဆင့် ကာကွယ်စောင့်ရှောက်သူ အချို့မှာ ထိုအခြေအနေကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများဆီသို့ အာရုံပြန်လွှဲလိုက်ကြသည်။
သူတို့က ဒုတိယအကြီးအကဲ၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမှုကို လုံးဝ မကြောက်ရုံတင်မကဘဲ သူတို့သည် အခုချိန်မှာ လူအုပ်ကြီးရဲ့ အလယ်မှာ ရှိနေတာပါ။
တကယ်လို့ ဒုတိယအကြီးအကဲသာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်မယ်ဆိုရင် သူ့လူမျိုးစုဝင်တွေကိုပဲ သူ ပြန်သတ်မိသလို ဖြစ်မှာပါ။ သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ ဒုတိယအကြီးအကဲ၏ ပစ်မှတ်မှာ ထိုလူသားအဆင့် ကာကွယ်စောင့်ရှောက်သူများ မဟုတ်ခဲ့ခြင်းပင်။
သူ၏ ခန္ဓာကိုယ်မှာ အခုဆိုလျှင် ပေါက်ကွဲရန် အရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ကာ လူတိုင်းကို တုန်လှုပ်သွားစေသည်မှာ သူသည် ကာကွယ်စောင့်ရှောက်သူ ကျင်း၏ ဘေးတွင် ရပ်နေသော ပထမအကြီးအကဲထံသို့ တိုက်ရိုက် ပြေးဝင်သွားခြင်းပင် ဖြစ်သည်။
"ဘာ"
ဒုတိယအကြီးအကဲသည် သူ့ထံသို့ တိုက်ရိုက် ဦးတည်လာနေသည်ကို မြင်လိုက်ရသောအခါ ပထမအကြီးအကဲမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏ မျက်သူငယ်အိမ်များမှာလည်း ချက်ချင်း ကျယ်လာတော့သည်။ ချက်ချင်းဆိုသလိုပင် သူသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ နောက်လှည့်ကာ ထွက်ပြေးတော့သည်။
သူ၏ ခွန်အားမှာ ဒုတိယအကြီးအကဲနှင့် အဆင့်တူဖြစ်ပြီး တကယ်လို့ တစ်ဦးချင်း တိုက်ခိုက်ရမည်ဆိုပါက သူ့အနေနှင့် အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိပါသည်။ ဒါပေမဲ့ အခု ဒုတိယအကြီးဲက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတော့မှာပါ။ သူသာ တိုက်ပွဲဝင်ဧကရာဇ် အဆင့်ကို ချိုးဖျက်မထားဘူးဆိုရင် ဒီစွမ်းအင် ပေါက်ကွဲမှုကြီးရဲ့ နောက်မှာ သူ အသက်ရှင်ဖို့ လုံးဝ လမ်းမရှိပါဘူး။
ပထမအကြီးအကဲက အမြန် တုံ့ပြန်ခဲ့သော်လည်း ဒုတိယအကြီးအကဲမှာမူ အသည်းအသန် ဖြစ်နေပြီဖြစ်ကာ သူ့ကို လွတ်မြောက်ခွင့် ပေးမည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဘောလုံးကဲ့သို့ ဖောင်းကားနေသော ဒုတိယအကြီးအကဲ၏ ခန္ဓာကိုယ်မှာ ပထမအကြီးအကဲ၏ နောက်ကျောသို့ ရောက်ရှိသွားသည်။
မိမိ၏ ကိုယ်ပိုင်ခွန်အားနှင့်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလျှင်တောင် ထိုအနက်ရောင်ဝတ်ရုံခြုံထားသူများကို အနည်းငယ်မျှပင် ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ကြောင်း သူ သိပါသည်။
ထို့ကြောင့် အစကတည်းက သူ၏ ပစ်မှတ်မှာ ထိုလူသားအဆင့် ကာကွယ်စောင့်ရှောက်သူများ မဟုတ်ခဲ့ပေ။ ဒုတိယအကြီးအကဲ၏ ရည်မှန်းချက်မှာ ထိုသောက်ကျိုးနည်း ပထမအကြီးအကဲနှင့်အတူ အသေချင်း လဲလှယ်ရန်သာ ဖြစ်သည်။
"သေလိုက်စမ်း"
အကွာအဝေးမှာ လုံလောက်ပြီဟု မြင်လိုက်သောအခါ ဒုတိယအကြီးအကဲ၏ မျက်နှာပေါ်တွင် ရူးသွပ်မှု အရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့သည်။
ချက်ချင်းဆိုသလိုပင် သူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ထိန်းချုပ်နေခြင်းကို ရပ်တန့်လိုက်ပြီး ယင်းအစား သူ၏ ခွန်အားအားလုံးကို အသုံးချကာ ထိုတိုက်ခိုက်ရေးစွမ်းအင် များကို ထုတ်လွှတ်လိုက်သည်။
ဝုန်း
နောက်တစ်စက္ကန့်တွင် နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ဒုတိယအကြီးအကဲ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ထိတ်လန့်ဖွယ် ကောင်းလှသော ပေါက်ကွဲမှု စွမ်းအင်များသည် အရပ်မျက်နှာ အသီးသီးသို့ ရုတ်တရက် ပျံ့နှံ့သွားသည်။
"မလုပ်နဲ့"
ပထမအကြီးအကဲ၏ မျက်လုံးများ ပြူးကျယ်သွားပြီး စူးရှသော အော်ဟစ်သံ တစ်ချက်သာ ထွက်ပေါ်နိုင်ချိန်တွင် သူ၏ ပုံရိပ်မှာ ချက်ချင်းပင် ဝါးမြိုခြင်း ခံလိုက်ရတော့သည်။
"ဒုတိယအစ်ကို"
"ဒုတိယအစ်ကို"
တတိယအကြီးအကဲနှင့် စတုတ္ထအကြီးအကဲတို့မှာ သူတို့နှစ်ဦး အတူတူ သေဆုံးသွားသည်ကို မတတ်သာဘဲ ကြည့်နေရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ ဖြည်းည်းချင်း စီးကျလာသည်။
သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ အတူရှိခဲ့ကြသော ညီအစ်ကိုများ ဖြစ်ကြပြီး အခုတော့ ဒီလိုပဲ သေသွားခဲ့ကြပြီ သူတို့၏ ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသများ ငြိမ်သက်သွားပြီးနောက် နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ လက်ခနဲ ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။ "ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးဖို့ စဉ်းစားနေတုန်းလား မင်းတို့ အခွင့်အရေး မရှိတော့ဘူး"
သူတို့နှစ်ဦးသည် ဒုတိယအကြီးအကဲ၏ စံနမူနာကို လိုက်ရန် ပြင်နေစဉ်မှာပင် ယုတ်မာသော အသံတစ်ခု သူတို့၏ နားထဲသို့ ဝင်ရောက်လာသည်။
ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်စိရှေ့တွင် ရုတ်တရက် မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး အနက်ရောင် မြူခိုးလုံးကြီးတစ်ခုသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
ဖူး
သူတို့နှစ်ဦးစလုံးသည် တစ်ပြိုင်နက်တည်း သွေးအန်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားများကဲ့သို့ နောက်သို့ လွင့်ထွက်သွားကြတော့သည်။
ဘုန်း
မြေပြင်ပေါ် ကျသွားသည်နှင့် တတိယအကြီးအကဲနှင့် စတုတ္ထအကြီးအကဲတို့မှာ မျက်လုံးများ လန်သွားပြီး သတိမေ့သွားကြတော့သည်။
...
မဒူဆာ၏ နန်းတော် အပြင်ဘက်တွင်။
လင်းယီသည် အဝေးသို့ မျက်မှောင်ကြုတ် ကြည့်နေသည်။ မြွေလူမျိုးစု၏ ကံကြမ္မာမှာ သူ၏ အာရုံခံနိုင်စွမ်း ပြင်ပတွင် မရှိသည်မှာ သေချာပါသည်။
သို့သော်လည်း မြွေလူမျိုးစုသည် အခုချိန်မှာ အကြီးအကျယ် ဆုံးရှုံးမှုများ ကြုံတွေ့နေရသော်လည်း သူသည် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိသေးပေ။
ပင်မခန္ဓာကိုယ်ဆီမှ သူရရှိထားသော အမိန့်မှာ မဒူဆာကို ကာကွယ်ရန်
ထို့ကြောင့် ဘုရင်မ မဒူဆာသည် အန္တရာယ် မရှိသရွေ့ မြွေလူမျိုးစုရှိ လူတိုင်း သေဆုံးသွားလျှင်ပင် လင်းယီသည် သွားရောက် ကူညီမည် မဟုတ်ပေ။
ဘုရင်မ မဒူဆာ၏ ဘေးကင်းမှုကို သေချာစေရန် သူသည် မဒူဆာ၏ ဘေးတွင် အချိန်ပြည့် ရှိနေရမည် ဖြစ်သည်။
ဝီ... ဝီ... ဝီ
အဲ့ဒီအချိန်မှာပဲ နန်းတော်အတွင်းမှ စွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
လင်းယီသည် ဗီဇအရပင် ခေါင်းလှည့်ကြည့်လိုက်မိသည်။ နန်းတော်အတွင်းရှိ ကြီးမားလှသော ခုနစ်ရောင်ခြယ် အလင်းလုံးကြီးမှာ ပြင်းထန်စွာ တုန်ခါနေသည်။
အလယ်ရှိ ခုနစ်ရောင်ခြယ် မြွေကလေး၏ ပုံရိပ်မှာလည်း အဆက်မပြတ် လူးလွင့်နေသည်။
၎င်းသည် ယခုအခိုက်အတန့်၏ ဝမ်းနည်းမှုကို ဖော်ပြနေပုံရသည်။
မဒူဆာသည် လောလောဆယ် ဆင့်ကဲပြောင်းလဲနေသော်လည်း ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသမျှကို အာရုံခံနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် ယခုအခိုက်အတန့်တွင် သူမသည် ဆင့်ကဲပြောင်းလဲခြင်းကို စွန့်လွှတ်ကာ အတားအဆီးကို အတင်းအဓမ္မ ချိုးဖျက်ပြီး သူမ၏ လူမျိုးစုကို ကယ်တင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
"မဒူဆာ... စိတ်အေးအေးထားစမ်း" မဒူဆာ၏ ရည်ရွယ်ချက်ကို မြင်လိုက်သောအခါ လင်းယီက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ငါ အခု ပြန်လာနေပြီ မိုက်မဲတာတွေ မလုပ်နဲ့။ဒါ့အပြင် မင်း အခု မင်းရဲ့ ကျင့်ကြံခြင်းကို ချိုးဖျက်ထွက်လာရင်တောင် အဲ့ဒီ ယုတ်မာတဲ့ ကောင်တွေကို မင်း တားနိုင်မှာ မဟုတ်ဘူး"
"ဒါကြောင့် မင်းရဲ့ လူမျိုးစုဝင်တွေကို အလဟဿ အသေမခံခိုင်းပါနဲ့။ ကျင့်ကြံခြင်းကို ချိုးဖျက်ဖို့ပဲ အာရုံစိုက်ပါ။ ငါ ပြန်ရောက်လာတာနဲ့ အကျပ်အတည်း အားလုံးက သဘာဝအတိုင်း ပြေလည်သွားလိမ့်မယ်" ဤသို့ပြောပြီးနောက် လင်းယီသည် စွမ်းအင်လုံးကြီးကို အသေအချာ စိုက်ကြည့်နေသည်။ အကယ်၍ အခြေအနေများ တကယ့်ကို ဆိုးရွားလာပါက မဒူဆာ၏ လုပ်ရပ်ကို တားဆီးရန် သူ ဝင်ရောက် စွက်ဖက်ရုံမှတစ်ပါး အခြားမရှိပေ။
ကံကောင်းထောက်မစွာဖြင့် လင်းယီ စကားပြောပြီးနောက် စွမ်းအင်လုံးကြီးမှာ ခဏမျှ ရပ်တန့်သွားပြီးနောက် ရုန်းကန်နေခြင်းများကို ရပ်တန့်ကာ ငြိမ်သက်သွားခဲ့သည်။
"ဟူး"
ဒါကို မြင်လိုက်ရသောအခါ လင်းယီသည် နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီး ချနိုင်တော့ကာ သူ၏ စိတ်ထဲမှ ကြီးမားသော အလေးခဲကြီးမှာလည်း နောက်ဆုံးတွင် ဖယ်ရှားခံလိုက်ရသည်။
အကယ်၍ ဘုရင်မ မဒူဆာသာ အတင်းအကျပ် ချိုးဖျက်ထွက်လာပါက သူ တားနိုင်ကောင်း တားနိုင်ပါလိမ့်မည် သို့သော် သူမသည် ပြင်းထန်သော တုံ့ပြန်မှုကို ခံစားရမည်မှာ အသေအချာပင်။
ကံကောင်းစွာဖြင့် အခြေအနေများမှာ ပိုမို မဆိုးရွားသွားခဲ့ပေ
နောက်တစ်စက္ကန့်တွင် လင်းယီသည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
သူသည် မြွေလူမျိုးစု တည်ရှိရာ နေရာနှင့် ပိုမို နီးကပ်လာနေပြီ ဖြစ်ကြောင်း အာရုံခံမိလိုက်သည်။