အခန်း ၇၉ ယုံကြည်ချက်အတွက်ဆိုလျှင် သေရခြင်းကပင် တန်ဖိုးရှိသည်
"ဟဲဟဲ... အဘိုးကြီး မင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"
ကာကွယ်စောင့်ရှောက်သူ ကျင်း က ရယ်မောလိုက်သည်။ ပထမအကြီးအကဲ၏ အမူအရာကို သူ တော်တော်လေး ကျေနပ်နေပုံရသည်။
သို့သော်လည်း မြွေလူမျိုးစု ၏ ကျန်ရှိသော အကြီးအကဲ သုံးဦးမှာမူ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
ဤအနက်ရောင်ဝတ်ရုံခြုံထားသူများသည် မကောင်းသော ရည်ရွယ်ချက်နှင့် လာသည်မှာ ထင်ရှားလှပြီး မြွေလူမျိုးစုဝင်တစ်ဦးဖြစ်သော ပထမအကြီးအကဲက သူတို့ကို ဤမျှ ဖားယားနေခြင်းမှာ မြွေလူမျိုးစုအတွက် အရှက်ရစရာပင်။
"ဟဲဟဲ..."
ပထမအကြီးအကဲမှာမူ သူ့ပတ်ဝန်းကျင်မှ ဒေါသတကြီး ကြည့်နေမှုများကို ဂရုမစိုက်ပေ။ သူ့အတွက် လောလောဆယ် အရေးကြီးဆုံးမှာ ဤတိုက်ပွဲဝင်ဘိုးဘေး များနှင့် ရင်းနှီးမှုရယူထားရန်သာ ဖြစ်သည်။
"အပိုတွေ ပြောမနေနဲ့တော့ ငါ့ကိုပြောစမ်း... ဘုရင်မ မဒူဆာ ဘယ်မှာလဲ"
ကာကွယ်စောင့်ရှောက်သူယင် သည် ဤကဲ့သို့ ဖားယားတတ်သူများကို တစ်ခါမျှ မနှစ်သက်ခဲ့သဖြင့် သူ၏ ခရီးစဉ်ရည်ရွယ်ချက်ကို စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
သူတို့သည် ဤကဲ့သို့ ဝေးလံခေါင်သီလှသော နေရာသို့ ဘုရင်မ မဒူဆာအတွက် လာခဲ့ခြင်းဖြစ်ပြီး ပထမအကြီးအကဲကဲ့သို့သော လူမျိုးနှင့် အချိန်ဖြုန်းနေရန် ဆန္ဒမရှိပေ။
ကာကွယ်စောင့်ရှောက်သူ ယင်၏ စကားကို ကြားလိုက်ရသောအခါ မြွေလူမျိုးစုဝင် အားလုံး၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ချက်ချင်းပင် ဒုတိယအကြီးအကဲက ရှေ့သို့ တက်လာပြီး မာန်မတက် မနိမ့်ကျသော လေသံဖြင့် "အရှင်တို့က ကျွန်တော်တို့ မြွေလူမျိုးစုရဲ့ ဘုရင်မနဲ့ ဘာကိစ္စရှိလို့လဲဆိုတာ မေးပါရစေ" ဟု ပြောလိုက်သည်။
ဒုတိယအကြီးအကဲသည် ထိုလူစုကို မျက်တောင်မခတ်ဘဲ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ သူတို့၏ ခွန်အားမှာ ကြီးမားသော်လည်း သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အစအနမျှ မရှိချေ။
ဘုရင်မ မဒူဆာသည် သူတို့ လူမျိုးစုတစ်ခုလုံး၏ ယုံကြည်ကိုးကွယ်ရာဖြစ်ပြီး နှစ်ပေါင်းထောင်ချီအတွင်း မြွေလူမျိုးစု၏ ပါရမီအရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ထို့ကြောင့် အဘယ့်ကြောင့်ပင်ဖြစ်စေ အကြီးအကဲများအနေနှင့် မဒူဆာကို မည်သူကမျှ အန္တရာယ်ပြုသည်ကို ခွင့်ပြုမည် မဟုတ်ပေ။ ကျန်ရှိသော မြွေလူမျိုးစုဝင်များသည်လည်း ဒုတိယအကြီးအကဲနှင့် စိတ်ထားချင်း တူညီကြသည်။
ယခုအချိန်တွင် မြွေလူမျိုးစုဝင် တိုင်းသည် ခိုင်မာပြတ်သားသော မျက်လုံးများနှင့်အတူ မားမားမတ်မတ် ရပ်တည်နေကြသည်။ မြွေလူမျိုးစုသည် အင်အားမကြီးသော်လည်း တစ်စုံတစ်ယောက်က သူတို့၏ ခေါင်းပေါ်သို့ တက်နင်းလိုပါက သူတို့ဘက်မှလည်း ထိုသူ၏ အသားတစ်စကို ပြတ်ထွက်အောင် ပြန်ကိုက်ရန် အသင့်ပြင်ထားကြသည်။
တစ်ဖက်လူမှာ တိုက်ပွဲဝင်ဘိုးဘေး ဖြစ်နေလျှင်ပင်
"ဟဲဟဲ... ဘာမှမဟုတ်ပါဘူး ငါတို့က သူမကို ငါတို့နဲ့အတူ လိုက်ခဲ့စေချင်ရုံပါပဲ"
မြွေလူမျိုးစု၏ အနေအထားကို မြင်သောအခါ ကာကွယ်စောင့်ရှောက်သူ ယင်၏ မျက်လုံးများထဲတွင် ဟာသတစ်ခုကို မြင်လိုက်ရသကဲ့သို့ အရိပ်အယောင်များ ပေါ်လာသည်။
အမှန်အတိုင်း ပြောရလျှင် ဤမြွေလူမျိုးစု သေးသေးလေးက ဤမျှအထိ မူဝါဒ ခိုင်မာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ။
အတိတ်ကာလများတွင် ဝိညာဉ်နန်းတော်ရောက်ရှိရာ နေရာတိုင်း၌ သက်ရှိအားလုံးမှာ တုန်လှုပ်ချောက်ချားကာ ရိုသေကြောက်ရွံ့ခဲ့ကြရသည်။ သူတို့ကို ကြည့်သော သူတိုင်း၏ မျက်လုံးများထဲတွင် သိသာထင်ရှားသော ကြောက်ရွံ့မှုများ ပြည့်နှက်နေတတ်သည်။
သို့သော်လည်း ဤမြွေလူမျိုးစုသို့ ရောက်လာသောအခါ အစောပိုင်းက စကားပြောခဲ့သော အဘိုးကြီးမှာ အနည်းငယ် အသိတရားရှိပုံရသော်လည်း ကျန်သူများမှာမူ သူတို့ကို သိပ်ပြီး ကြောက်ပုံမရကြချေ
"စိတ်မကောင်းပါဘူး အရှင် အရှင် နောက်ပြောင်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ရဲ့ ဘုရင်မက လောလောဆယ် ကျင့်ကြံခြင်းအတွက် သီးသန့် အောင်းနေတာပါ အရှင့်အနေနဲ့ အချည်းနှီး ဖြစ်သွားရလိမ့်မယ် ထင်တယ်"
ဤအနက်ရောင်ဝတ်ရုံခြုံထားသူများသည် မဒူဆာအပေါ် တကယ်ပင် ရည်ရွယ်ချက်ရှိနေကြောင်း မြင်လိုက်ရသောအခါ ဒုတိယအကြီးအကဲ၏ စိတ်မှာ လေးလံသွားသော်လည်း မျက်နှာတွင်မူ အပြုံးများ ပြည့်နှက်နေဆဲပင်။
မည်သို့ပင်ဖြစ်စေ ဤလူများမှာ အလွန်အမင်း အစွမ်းထက်လွန်းလှသည်။ အကယ်၍ ဤကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လျှင် သူတို့နှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော် ဝိညာဉ်နန်းတော်ဟူသည် အဘယ်နည်း။ ဤကာကွယ်စောင့်ရှောက်သူများက ဤကဲ့သို့ အားနည်းလှသော ပုရွက်ဆိတ်များနှင့် အဘယ့်ကြောင့် ကျိုးကြောင်းဆင်ခြင်နေပါမည်နည်း
ဒုတိယအကြီးအကဲ စကားပြောပြီးသည်နှင့် ကာကွယ်စောင့်ရှောက်သူ ဝူ၏ အကြည့်များမှာ ချက်ချင်းပင် အုံ့မှိုင်းသွားတော့သည်။ "ဟမ့်... အဘိုးကြီး ငါတို့က မင်းနဲ့ ဒီကိစ္စကို ဆွေးနွေးနေတယ်လို့ ထင်နေတာလား"
"ဝိညာဉ်နန်းတော်က ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တဲ့လူကို ဒီကမ္ဘာပေါ်မှာ တားနိုင်တဲ့သူ မရှိသလောက်ပဲ"
"မင်းတို့ ကောင်းကောင်းမွန်မွန် နေချင်သေးတယ်ဆိုရင် ဘုရင်မ မဒူဆာကို အခုချက်ချင်း ထွက်လာခိုင်းလိုက် မဟုတ်ရင် ငါကိုယ်တိုင် မင်းတို့ မြွေလူမျိုးစု တစ်ခုလုံးကို သွေးချောင်းစီးအောင် သတ်ပစ်ဖို့ ဝန်မလေးဘူး"
ထိုသို့ပြောပြီးသည်နှင့် ကာကွယ်စောင့်ရှောက်သူ ဝူ ၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် အော်ရာတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ကြယ်နှစ်ပွင့် တိုက်ပွဲဝင်ဘိုးဘေး၏ အထွတ်အထိပ် ခွန်အားမှာ ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်ထွက်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လောကတစ်ခုလုံးမှာ ကာကွယ်စောင့်ရှောက်သူ ဝူ ၏ ဖိနှိပ်သော အော်ရာအောက်သို့ ရောက်ရှိသွားသည်။
ဒုတိယအကြီးအကဲမှာ ပထမဆုံး ထိခိုက်ခံရသူ ဖြစ်သည်။ ကာကွယ်စောင့်ရှောက်သူ ဝူ ၏ စွမ်းအားများ ထွက်ပေါ်လာသည်နှင့် သူ၏ ပါးစပ်ထောင့်မှ သွေးစအချို့ စီးကျလာခဲ့သည်။
သူ့နောက်ကွယ်ရှိ မြွေလူမျိုးစုဝင် အားလုံးမှာလည်း မျက်နှာများ ဖြူလျော့သွားပြီး နဖူးများတွင် ချွေးစေးများပင် ထွက်လာတော့သည်။
တိုက်ပွဲဝင်ဘိုးဘေး၏ ဖိနှိပ်သော အော်ရာမှာ ဤလူများ ခုခံနိုင်သည့်အရာ မဟုတ်ပေ
"အရှင်... ကျေးဇူးပြုပြီး အမျက်မထွက်ပါနဲ့"
ထိုအနက်ရောင်ဝတ်ရုံခြုံထားသူ အမျက်ထွက်သွားသည်ကို မြင်သောအခါ ပထမအကြီးအကဲမှာ ဖိနှိပ်သော အော်ရာကို အသည်းအသန် ခုခံရင်း ထိုလူစုထံသို့ ခွေးတစ်ကောင်ကဲ့သို့ ပြေးသွားတော့သည်။
"အရှင်... ကျေးဇူးပြုပြီး သနားညှာတာပေးပါ ကျွန်တော် သိပါတယ်... မဒူဆာ ဘယ်မှာလဲဆိုတာ" ဤအချိန်တွင် သိက္ခာဟူသည်မှာ အရေးမပါတော့ပေ။ ပထမအကြီးအကဲမှာ မသေချင်သေးပေ။
ထို့ကြောင့် သူ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် မဒူဆာ ဘယ်မှာရှိသည်ကို အနက်ရောင်ဝတ်ရုံခြုံထားသူများကို ပြောပြရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့သည်။
"အစ်ကိုကြီး... ခင်ဗျားကတော့"
"မင်းလို တိရစ္ဆာန်ထက် မိုက်တဲ့ကောင် မင်း မြွေလူမျိုးစုကို သစ္စာဖောက်တော့မလို့လား"
"မင်းလို ယုတ်မာတဲ့ကောင် မဒူဆာက ငါတို့ မြွေလူမျိုးစုရဲ့ မျှော်လင့်ချက်ပဲ"
"မင်းလို အမှိုက်ကောင်"
မြွေလူမျိုးစုဝင်များသည် ပထမအကြီးအကဲက ဘုရင်မကို သစ္စာဖောက်တော့မည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားကြသည်။
သူတို့သည် ခွေးတစ်ကောင်ကဲ့သို့ ပြုမူနေသော ပထမအကြီးအကဲကို ဒေါသတကြီး စိုက်ကြည့်ရင်း တစ်ပြိုင်နက်တည်းမှာပင် ဝိုင်းဝန်း ဆဲဆိုကြတော့သည်။
ဤကဲ့သို့သော အနှာမဲ့သည့် ကောင်သည် သူ၏ အသက်ရှင်ရေးအတွက် မြွေလူမျိုးစု၏ မျှော်လင့်ချက်ကိုပင် သစ္စာဖောက်ဝံ့လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
"ပါးစပ်ပိတ်ထားကြစမ်း"
ကာကွယ်စောင့်ရှောက်သူ ကျင်းက ဟိန်းဟောက်လိုက်ရာ သူ၏ အသံတွင် တိုက်ခိုက်ရေးစွမ်းအင် များ ပါဝင်နေသည်။
ထိုဟိန်းဟောက်သံနောက်တွင် မြွေလူမျိုးစုဝင် အားလုံးမှာ သွေးအန်သွားကြပြီး စကားတစ်ခွန်းမျှ ထပ်မံ မပြောနိုင်တော့ပေ။
"ပြောစမ်း... ဘုရင်မ မဒူဆာ ဘယ်မှာလဲ"
သူ၏ နားများ ငြိမ်သက်သွားပြီးနောက် ကာကွယ်စောင့်ရှောက်သူ ကျင်းက ပထမအကြီးအကဲကို ငုံ့ကြည့်ကာ အဖြေကို စောင့်နေသည်။
"အရှင်... မဒူဆာက လောလောဆယ် သူမရဲ့ နန်းတော်ထဲမှာ ကျင့်ကြံနေတာပါ။ ကျွန်တော် ခေါ်သွားပေးနိုင်ပါတယ် ဒါပေမဲ့"
ဤလူ၏ အော်ဟစ်သံ တစ်ချက်တည်းနှင့်ပင် မြွေလူမျိုးစုတစ်ခုလုံးကို ခြောက်လှန့်နိုင်သည်ကို မြင်သောအခါ ပထမအကြီးအကဲမှာ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး တုန်ရင်နေသော အသံဖြင့် ပြောလိုက်သည်။
"ဟင် မင်းက ငါတို့နဲ့ ဈေးဆစ်ရဲတယ်ပေါ့လေ"
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော် မဝံ့ရဲပါဘူး"
ကာကွယ်စောင့်ရှောက်သူ ကျင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ပထမအကြီးအကဲမှာ လက်ကို အမြန်ဝှေ့ယမ်းပြီးမှ "ကျွန်တော်က အရှင်တို့ကို လူတစ်ယောက် သတ်ပေးဖို့ပဲ တောင်းဆိုချင်တာပါ။ အဲ့ဒီလူကလည်း တိုက်ပွဲဝင်ဘိုးဘေး တစ်ယောက်ပါပဲ"
ပထမအကြီးအကဲ ဆိုလိုသောသူမှာ အခြားမဟုတ် လင်းယွမ် ပင် ဖြစ်သည်။
လင်းယွမ်က သူ့ကို အရှက်ခွဲခဲ့သည့် အချိန်ကတည်းက သူသည် ြပန်ကလဲ့စား ချေရန် အမြဲ တွေးနေခဲ့သည်။ သို့သော်လည်း လင်းယွမ်၏ ခွန်အားမှာ ကြီးမားလွန်းလှသဖြင့် လောလောဆယ်တွင် ကောင်းမွန်သော နည်းလမ်းကို သူ မစဉ်းစားနိုင်ခဲ့ပေ။
ယခုတွင် ဤအနက်ရောင်ဝတ်ရုံခြုံထားသူများသည် အံ့ဩစရာကောင်းလောက်အောင် သန်မာလှသဖြင့် ပထမအကြီးအကဲသည် ဤအခွင့်အရေးကို အသုံးချကာ လင်းယွမ်ကို သတ်ခိုင်းရန် ကြံစည်နေခြင်း ဖြစ်သည်။
"ဪ... လူသတ်ဖို့လား ဒါကတော့ ရပါတယ်"
ကာကွယ်စောင့်ရှောက်သူ ကျင်းက ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သွေးဆာနေသော အရိပ်အယောင်များ ပေါ်လာသည်။ အဘိုးကြီးက သူတို့ဆီကနေ တစ်စုံတစ်ရာ အကျိုးအမြတ် လိုချင်နေသည်ဟု သူ ထင်ခဲ့မိခြင်း ဖြစ်သည်။
လူသတ်ရမည်ဆိုလျှင်မူ သူ ကူညီပေးရန် ဝန်မလေးပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် လူသတ်ရခြင်းကို အနှစ်သက်ဆုံး ဖြစ်သည်။ လူများ မသေခင်တွင် ပြသတတ်သော မျှော်လင့်ချက်မဲ့သည့် အကြည့်များကို သူ မခုခံနိုင်လောက်အောင် သဘောကျလှသည်။
"ကျေးဇူးတင်ပါတယ် အရှင် ကျွန်တော် အခုပဲ မဒူဆာဆီကို ခေါ်သွားပေးပါ့မယ်"
ကာကွယ်စောင့်ရှောက်သူ ကျင်းက သဘောတူသည်ကို မြင်သောအခါ ပထမအကြီးအကဲမှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
"သွားကြစို့"
ချက်ချင်းပင် ပထမအကြီးအကဲသည် လမ်းပြခွေးတစ်ကောင်ကဲ့သို့ လူတိုင်းအတွက် လမ်းစတင်ပြသတော့သည်။
"သူတို့ကို တားကြ"
ဤသည်ကို မြင်သောအခါ ကျန်အကြီးအကဲ နှစ်ဦးမှာ ယနေ့ကိစ္စမှာ ကောင်းကောင်းမွန်မွန် ပြီးဆုံးမည်မဟုတ်ကြောင်း သိလိုက်ကြသည်။
ထိုသတ္တိများ ဘယ်မှ ရောက်လာသည်မသိသော်လည်း ဒုတိယအကြီးအကဲသည် သူ၏ ခွန်အားအားလုံးကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
ဒုတိယအကြီးအကဲ၏ နောက်တွင် ကျန်ရှိသော မြွေလူမျိုးစုဝင်များမှာလည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော်လိုက်ကြပြီး သေခြင်းတရားကို မကြောက်ရွံ့သော အမူအရာများ သူတို့၏ မျက်နှာတွင် ပေါ်လာတော့သည်။
ဤတိုက်ပွဲသည် သေချာပေါက် သေရမည်ဖြစ်ကြောင်း သူတို့ သိနေကြသည်
သို့သော် သူတို့၏ ဘုရင်မနှင့် သူတို့၏ ယုံကြည်ချက်အတွက်ဆိုလျှင် သူတို့မှာ နောင်တရစရာ မရှိပေ။