အခန်း ၇၈ မြွေလူမျိုးစု၏ အကျပ်အတည်းနှင့် ဖားယားတတ်သော အကြီးအကဲ
ဤအခိုက်အတန့်တွင် လင်းယီ၏ တစ်ကိုယ်လုံးမှ ထက်ရှသော အော်ရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လွန်ခဲ့သော ရက်အနည်းငယ်က စွမ်းအင် ပြင်းအားကို တိုင်းတာကြည့်ခြင်းအားဖြင့် ရောက်ရှိလာသူမှာ တိုက်ပွဲဝင်ဘိုးဘေးတစ်ဦး ဖြစ်ရပေမည်။
မြွေလူမျိုးစုထံသို့ ဤမျှ အရှိန်အဝါ ပြင်းထန်စွာ ရောက်ရှိလာခြင်းမှာ မကောင်းသော ရည်ရွယ်ချက် ရှိနေကြောင်း ထင်ရှားနေသည်။
လောလောဆယ်တွင် မဒူဆာ၏ ဆင့်ကဲပြောင်းလဲမှုမှာ လုံးဝ မအောင်မြင်သေးဘဲ ဤအချိန်တွင် အနှောင့်အယှက် ခံရပါက ပြင်းထန်သော တုံ့ပြန်မှု ကို ခံစားရမည်မှာ အသေအချာပင်။
သူ့ထံသို့ လင်းယွမ်ပေးထားသော အမိန့်မှာ မည်သည့် အဖိုးအခ ပေးရစေကာမူ မဒူဆာကို ကာကွယ်ရန် ဖြစ်သည်။
ထို့ကြောင့် လင်းယီသည် မည်သည့် အခြေအနေမျိုးတွင်မဆို ဤအခြေအနေကို ခွင့်ပြုမည် မဟုတ်ပေ။
သို့သော် သူသည် ဇွတ်အတင်း ပြေးမထွက်သွားခဲ့ပေ။
ယင်းအစား မဒူဆာ၏ အိပ်ဆောင်အတွင်း၌ ချိပ်ပိတ်အတားအဆီးတစ်ခု ပြုလုပ်လိုက်ပြီးနောက် အိပ်ဆောင်ဝင်ပေါက်တွင် သံမဏိမျှော်စင်ကြီးတစ်ခုကဲ့သို့ ရပ်နေလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် သူသည် သူ၏ ပင်မခန္ဓာကိုယ်ထံသို့ လင်းယွမ် အမြန်ပြန်လာရန် အချက်ပြလိုက်သည်။
သူသည် မူလကပင် လင်းယွမ်၏ ဝိညာဉ်ခွန်အားဖြင့် ဖန်တီးထားသော ခန္ဓာကိုယ်ပွားဖြစ်သဖြင့် မူလပိုင်ရှင်နှင့် စိတ်ချင်း ဆက်သွယ်ထားနိုင်ကာ စိတ်ကူးတစ်ချက်တည်းနှင့်ပင် အတွေးများကို မျှဝေနိုင်စွမ်း ရှိသည်။
...
အခြားတစ်ဖက်တွင် လင်းယွမ်သည် ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက်ကို သန့်စင်ခြင်း အောင်မြင်သွားကာ သူ၏ ခွန်အားမှာ ကြယ်လေးပွင့် တိုက်ပွဲဝင်ဘိုးဘေးအဆင့်သို့ တရားဝင် ရောက်ရှိသွားပြီ ဖြစ်သည်။
ထို့အပြင် ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက်ကို ဝါးမြိုလိုက်ခြင်းကြောင့် မီးလျှံမန္တန်ကျင့်စဉ်၏ အဆင့်မှာလည်း မြေကမ္ဘာအဆင့်အလယ်အလတ်သို့ တိုးတက်သွားခဲ့သည်။
သို့သော် လင်းယွမ် ဝမ်းသာချိန်ပင် မရလိုက်ဘဲ ခန္ဓာကိုယ်ပွားထံမှ သတင်းစကား ရောက်ရှိလာတော့သည်."မြွေလူမျိုးစုမှာ ဒုက္ခရောက်နေပြီ အမြန်ပြန်လာခဲ့"
ဝုန်း
လင်းယွမ် ဤသတင်းကို ရရှိလိုက်သည်နှင့် သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် ကြမ်းတမ်းသွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ချက်ချင်းဆိုသလိုပင် ခရမ်းရောင် မီးလျှံတန်းများမှာ လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် လူးလွင့်လာတော့သည်။
ဤခရမ်းရောင်မီးတောက်မှာ ကမ္ဘာမြေအူတိုင် မီးတောက်နှင့် ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက်တို့ ပေါင်းစပ်ထားသော ရလဒ်ဖြစ်ပြီး လင်းယွမ်က ၎င်းကို အထူးကဲဆုံး မီးတောက်ဟု အမည်ပေးလိုက်သည်။
အထူးကဲဆုံး မီးတောက်မှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် အပူရှိန်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ စွမ်းအားမှာ ယောင်လောင်၏ အရိုးစိမ့်အေးခဲ မီးတောက်ထက် မနိမ့်ကျကြောင်း ထင်ရှားသည်။
မည်သည့် ဆန်းကြယ်မီးတောက်က ပိုမိုသန်မာသနည်း ဆိုသည်မှာတော့ ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ထို့ကြောင့် လင်းယွမ်၏ စိတ်ထဲတွင် အထူးကဲဆုံး မီးတောက်ကို ယာယီအားဖြင့် အဆင့် ၁၁ တွင် သတ်မှတ်ထားပြီး အရိုးစိမ့်အေးခဲ မီးတောက်နှင့် အဆင့်တူ ထားလိုက်သည်။
လင်းယွမ်၏ ချီများ ပေါက်ကွဲထွက်လာမှုနှင့်အတူ မှော်သားရဲတောင်တန်းတစ်ခုလုံးရှိ မှော်သားရဲအားလုံးမှာ လင်းယွမ်ရှိရာ အရပ်သို့ ဦးတည်ကာ မြေပြင်ပေါ်၌ ဝပ်စင်း အလေးပြုလိုက်ကြသည်။
သို့သော် ဤသည်မှာ လင်းယွမ်၏ အော်ရာ ဖိအားတစ်ခုတည်းကြောင့် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် အထူးကဲဆုံး မီးတောက်ထဲတွင် ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက် ပါဝင်နေသောကြောင့် ဖြစ်သည်။
ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက်သည် အမည်နှင့်လိုက်အောင်ပင် ကမ္ဘာပေါ်ရှိ မှော်သားရဲ အားလုံး၏ ရန်သူတော် ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် မှော်သားရဲတစ်ကောင်၏ သွေးမျိုးဆက်အဆင့်သည် တစ်စုံတစ်ရာအထိ တိုးတက်မသွားပါက ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက်၏ ဖိနှိပ်မှုကို မခုခံနိုင်ပေ။
မဟုတ်ပါက ကမ္ဘာပေါ်ရှိ မှော်သားရဲ အားလုံးသည် အထူးကဲဆုံး မီးတောက်ကို ရင်ဆိုင်ရပါက သူတို့၏ ဝိညာဉ် နက်ရှိုင်းရာမှ တုန်လှုပ်မှုကို ခံစားရမည် ဖြစ်သည်။
သူ လင်းယွမ်သည်လည်း အခြားမဟုတ် အထူးကဲဆုံး ပုဂ္ဂိုလ်ပင် ဖြစ်တော့သည်။
"ဝိညာဉ်နန်းတော်"
လင်းယွမ် သွားကို ကြိတ်လိုက်ပြီး သူ၏ မှောင်မှောင်မည်းမည်း မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ အထင်အရှား ပေါ်လာသည်။
ခန္ဓာကိုယ်ပွားထံမှ သတင်းများအရ မြွေလူမျိုးစုသို့ သွားရောက်သော ထိုအင်အားကြီးသူများမှာ ဝိညာဉ်နန်းတော်မှ အမှိုက်များသာ ဖြစ်ကြသည်။
နောက်တစ်စက္ကန့်တွင် လင်းယွမ်သည် ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ လေပေါ်သို့ ချက်ချင်း ပျံတက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းယွမ်၏ ပုံရိပ်မှာ အမည်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် မှော်သားရဲတောင်တန်းအတွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
လင်းယွမ်၏ အငွေ့အသက်များ ပျောက်ကွယ်သွားပြီးမှသာ မှော်သားရဲတောင်တန်းရှိ သားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် ထရပ်နိုင်ကြသည်။
သို့သော် သားရဲတိုင်းသည် အဆင့် မည်မျှပင် မြင့်စေကာမူ ကြောက်ရွံ့တုန်လှုပ်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
...
"ဆရာ... ကျွန်တော့်ရဲ့ မီးလျှံမန္တန်က လူသားအဆင့်အလယ်အလတ်ကို ရောက်သွားပြီ"
ကျောက်သဲကန္တာရမြို့နှင့် မလှမ်းမကမ်းရှိ မြို့ငယ်လေးတစ်မြို့မှ တည်းခိုခန်းတစ်ခုတွင် ရှောင်ယန်သည် သားရဲမီးတောက် အချို့ကို ဝါးမြိုပြီးနောက် သူ၏ မီးလျှံမန္တန်အဆင့် တိုးတက်သွားခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူ၏ ခွန်အားမှာ ကြယ်ရှစ်ပွင့်တိုက်ပွဲဝင်အလုပ်သင် အဆင့်သို့ ရောက်ရှိသွားသဖြင့် ရှောင်ယန်၏ တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသည်။
"ကောင်းပြီ တော်သေးတာပေါ့ သိပ်ပြီး နောက်ကျမကျန်ခဲ့ဘူး"
ဆေးဆရာအိုကြီး၏ ဝိညာဉ်ပုံရိပ်မှာ လက်စွပ်ထဲမှ ထွက်ပေါ်လာပြီး ခေါင်းငြိမ့်ကာ ရလဒ်ကို ကျေနပ်နေပုံရသည်။
မည်သို့ပင်ဖြစ်စေ ရှောင်ယန်သည် သာမန်သားရဲမီးတောက်ကိုသာ ဝါးမြိုခဲ့ခြင်းဖြစ်ပြီး ဒဏ္ဍာရီလာ ဆန်းကြယ်မီးတောက်ကို ဝါးမြိုခဲ့ခြင်း မဟုတ်ပေ။
ယခုရရှိထားသော ရလဒ်မှာ တော်တော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
"ဆရာ ကျွန်တော့်ရဲ့ အခုလက်ရှိ မီးတောက်အဆင့်ကို ကြည့်ပေးပါဦး။ ဆန်းကြယ်မီးတောက်တွေနဲ့ ယှဉ်နိုင်မလား"
မီးလျှံမန္တန်သည် မီးတောက်အမျိုးမျိုးကို ပေါင်းစပ်နိုင်သောကြောင့် ရှောင်ယန်၏ ခန္ဓာကိုယ်အတွင်းရှိ မီးတောက်မှာ သားရဲမီးတောက် အမျိုးမျိုး ပေါင်းစပ်ထားသော ရလဒ် ဖြစ်သည်။
ပေါင်းစပ်ထားသော သားရဲမီးတောက်၏ စွမ်းအားကို သတိပြုမိသည့်အတွက် ရှောင်ယန်သည် သူ၏ မီးတောက်မှာ ဆန်းကြယ်မီးတောက်နှင့် ယှဉ်နိုင်မလားဟု တွေးမိနေခြင်း ဖြစ်သည်။
ဤသည်ကို ကြားသောအခါ ဆေးဆရာအိုကြီးက ရှောင်ယန်ကို မျက်စောင်းထိုးလိုက်ပြီး "မင်း အိမ်မက်မက်နေတာလား ကောင်လေး" ဟု မေးလိုက်သည်။
ရှောင်ယန်၏ ခေါင်းကို တစ်ချက် ခေါက်လိုက်ပြီးနောက် ယောင်လောင်က ဆက်လက်၍ ဆူပူလေသည်"ဆန်းကြယ်မီးတောက်တွေဆိုတာ ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာတာ တစ်ခုချင်းစီမှာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတယ်။ မင်းရဲ့ ဒီမီးတောက် အစုတ်အပြတ်လေးက ဆန်းကြယ်မီးတောက်နဲ့ ယှဉ်နိုင်မယ် ထင်နေတာလား"
ချက်ချင်းဆိုသလိုပင် ဆေးဆရာအိုကြီးက ရှောင်ယန်ကို နောက်ထပ် အချက်ပေးလိုက်ပြန်သည် "မင်း ပေါင်းစပ်ထားတဲ့ သားရဲမီးတောက်ရဲ့ စွမ်းအားဟာ အဆင့်အနိမ့်ဆုံး ဆန်းကြယ်မီးတောက်ထက်တောင် အဆပေါင်း ထောင်နဲ့ချီပြီး အားနည်းသေးတယ်"
"အာ..."
ရေအေးတစ်ပုံးနှင့် အလောင်းခံလိုက်ရသဖြင့် ရှောင်ယန်မှာ ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။
"ကဲ... အပိုတွေ တွေးမနေနဲ့တော့ ကျင့်ကြံတာပဲ ဆက်လုပ်။ ကျောက်သဲကန္တာရမြို့ကို မသွားခင် မင်း တိုက်ပွဲဝင်သခင် အဆင့်ကို ချိုးဖျက်နိုင်ရင် ပိုကောင်းမယ်"
ပြောပြောဆိုဆိုဖြင့် အဘိုးကြီးသည် ရှောင်ယန်၏ ဆံပင်မှ ဆွဲမကာ ကျင့်ကြံရန် တစ်နေရာသို့ ခေါ်ဆောင်သွားတော့သည်။
"ဟုတ်ကဲ့ပါ"
မတတ်သာဘဲ ရှောင်ယန်သည် ဆေးဆရာအိုကြီး၏ ခေါ်ဆောင်ရာနောက်သို့ ကြက်ကလေးတစ်ကောင်ကဲ့သို့ အသနားခံ၍ ပါသွားရတော့သည်။
ပင်ပန်းလှသော လေ့ကျင့်ခန်းများ ထပ်မံ စတင်တော့မည်ကို သူ သိနေသည်။
...
ဝိညာဉ်နန်းတော်မှ ကာကွယ်စောင့်ရှောက်သူ ခြောက်ဦး ရောက်ရှိလာသောအခါ မြွေလူမျိုးစု တစ်ခုလုံးသည် ချက်ချင်းပင် မှောင်မိုက်မှုနှင့် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်သွားသည်။
ထိုလူခြောက်ဦးထံမှ ထွက်ပေါ်နေသော အော်ရာများကို ကြည့်ခြင်းအားဖြင့် တစ်ဦးချင်းစီမှာ အနည်းဆုံး တိုက်ပွဲဝင်ဘိုးဘေး ခွန်အား ရှိကြသည်။
ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်များမှာ မြွေလူမျိုးစုအနေနှင့် လုံးဝ ရင်ဆိုင်နိုင်စွမ်း မရှိသော အခြေအနေပင်
ဤအခိုက်အတန့်တွင် ဝိညာဉ်နန်းတော် ကာကွယ်စောင့်ရှောက်သူ ခြောက်ဦး၏ ရှေ့၌ လူအုပ်ကြီးမှာ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
အရှေ့ဆုံးတွင် မြွေလူမျိုးစု၏ အကြီးအကဲလေးဦး ရှိနေသည်။ အကြီးအကဲ လေးဦး၏ နောက်တွင်တော့ ခေါင်းဆောင်ကြီး ရှစ်ဦး ရှိနေသည်။
ကျန်ရှိသူများမှာ မြွေလူမျိုးစုမှ ထိပ်သီးစစ်သည်များ ဖြစ်ကြသည်။
ဤအခိုက်အတန့်တွင် ပထမအကြီးအကဲ၏ အမူအရာမှာ တည်ကြည်နေပြီး ဘေးမှ လူများကို ပြောလိုက်သည်မှာ "ဒီလူတွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ သိသာတယ် သူတို့ရဲ့ ခွန်အားကလည်း ထိတ်လန့်ဖို့ ကောင်းတယ်။ ငါတို့ သူတို့ကို ယှဉ်ဖို့ မဖြစ်နိုင်ဘူး"
"ဟုတ်တယ် အဲ့ဒီလူတွေရဲ့ အချက်အလက်တွေအရ တစ်ယောက်ချင်းစီက တိုက်ပွဲဝင်ဘိုးဘေးအဆင့်တွေပဲ"
ဒုတိယအကြီးအကဲသည်လည်း ထိုလူစု၏ ခွန်အားကို အာရုံခံမိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"မဒူဆာက ကျင့်ကြံနေတုန်းပဲ ဘုရင်ကလည်း ဘယ်ရောက်နေမှန်း မသိဘူး။ ငါတို့ ဘာလုပ်ကြမလဲ"
တတိယအကြီးအကဲက ဆက်ပြောလိုက်သည်။ သူပြောသော 'ဘုရင်' မှာ အခြားမဟုတ် ထွက်ခွာသွားခဲ့သော လင်းယွမ်ပင် ဖြစ်သည်။
ထိုနေ့က လင်းယွမ် ထွက်ခွာသွားသည်ကို သူတို့ မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် လင်းယွမ်သည် မြွေလူမျိုးစုထံသို့ ပြန်လည် ပေါ်ပေါက်မလာခဲ့ပေ။
ခန္ဓာကိုယ်ပွားမှာလည်း မဒူဆာ၏ နန်းတော်မှ ထွက်မလာခဲ့ပေ။
ထို့ကြောင့် လင်းယွမ် ထွက်ခွာသွားပြီဟု သူတို့ အမြဲ ထင်နေခဲ့ကြသည်။
ပထမအကြီးအကဲမှာ ထိတ်လန့်နေပြီ ဖြစ်သော်လည်း သူတို့၏ စကားကို နားထောင်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။
ယင်းအစား သူသည် ခေါင်းငုံ့ကာ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကြည့်နေသည်။
ခဏအကြာတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ဟန်တူကာ ပထမအကြီးအကဲသည် ရုတ်တရက် ခေါင်းမော့လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာထက်၌ ဖားယားသော အပြုံးတစ်ခု ပေါ်လာပြီး ရှေ့သို့ တက်ကာ ဝိညာဉ်နန်းတော် ကာကွယ်စောင့်ရှောက်သူများကို ပြောလိုက်သည်မှာ "အရှင်တို့ ကျွန်တော်တို့ မြွေလူမျိုးစုဆီကို ဘာကိစ္စနဲ့ ကြွမြန်းလာတာပါလဲ"
ပထမအကြီးအကဲ၏ ထိုအခိုက်အတန့်မှ ဖားယားသော ပုံစံမှာ ဒူးထောက်ပြီး တစ်စုံတစ်ဦးကို "ဖခင်" ဟု ခေါ်တော့မတတ်ပင်။