အခန်း ၇၇ ဝိညာဉ်နန်းတော်၏ ပစ်မှတ်မှာ ဘုရင်မ မဒူဆာ
မှော်သားရဲတောင်တန်း ။
လင်းယွမ် ရှိနေတဲ့ ဂူအတွင်းမှာ အခုဆိုရင် အလွန်အမင်း ပူပြင်းနေပါတယ်။
ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက်ရဲ့ ထိတ်လန့်ဖွယ် ကောင်းလှတဲ့ အပူရှိန်ကြောင့် လင်းယွမ်ရဲ့ မျက်နှာဟာ နီရဲတောက်နေပါတယ်။
တစ်လခွဲ ကြာပြီးတဲ့နောက်မှာတော့ ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက်ဟာ သူ့ရဲ့ တစ်ကိုယ်လုံးကို နှံ့နှံ့စပ်စပ် လှည့်ပတ်ပြီးသွားပါပြီ။
ဒီအချိန်မှာ လင်းယွမ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားဟာ ကြယ်နှစ်ပွင့် တိုက်ပွဲဝင်ဘိုးဘေး အဆင့်နဲ့ ယှဉ်နိုင်နေပါပြီ။ တစ်နည်းအားဖြင့် ပြောရရင် လင်းယွမ်က ငြိမ်ငြိမ်လေး ရပ်နေပြီး တခြားသူတွေကို တိုက်ခိုက်ခိုင်းမယ်ဆိုရင်တောင် ကြယ်နှစ်ပွင့် တိုက်ပွဲဝင်ဘိုးဘေး အောက်မှာ ရှိတဲ့သူတွေဟာ သူ့ရဲ့ ကာကွယ်ရေးကို ဖောက်ထွင်းနိုင်မှာ မဟုတ်ပါဘူး။
"ဟဲဟဲ... မဆိုးဘူးပဲ"
မျက်လုံးတွေကို တစ်လခွဲကြာ ပိတ်ထားခဲ့ပြီးနောက်မှာတော့ လင်းယွမ်ဟာ ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ဆန်းကြယ်မီးတောက်နဲ့ ခန္ဓာကိုယ်ကို ပေါင်းတင်သန့်စင်ခြင်းအတွေ့အကြုံကို အလွန် ကျေနပ်နေပါတယ်။
"နောက်တစ်ဆင့်ကတော့ မင်းကို သန့်စင်ဖို့ပဲ"
အဲ့ဒီလိုပြောပြီးတာနဲ့ လင်းယွမ်ဟာ မီးလျှံမန္တန်ကို ချက်ချင်း အသက်သွင်းလိုက်ရာ ကမ္ဘာမြေအူတိုင် မီးတောက် (ပင်လယ်လောင်ကျွမ်း မြေကမ္ဘာအနှစ်သာရ မီးတောက်) ဟာ အရှိန်အဟုန်နဲ့ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာတင် သူ့ခန္ဓာကိုယ်ထဲက အနီရောင် မီးတောက်လေးဟာ အပြာရောင် မီးလျှံလုံးကြီးရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ သူ့ရဲ့ ကံကြမ္မာကို ကြိုသိနေပုံရတဲ့ ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက်ဟာ အချည်းနှီးဖြစ်မယ့် ခုခံမှုတွေကို စွန့်လွှတ်လိုက်သည်။
ဒေါင့်နားလေးမှာ ကပ်နေပြီး မီးတောက်လေးတွေက တဖျတ်ဖျတ်နဲ့ တုန်ရင်နေပါတယ်။ဒီနည်းနဲ့ ဝိညာဉ်သားရဲ ဆန်းကြယ်မီးတောက်ရဲ့ စွမ်းအင်တွေဟာ ကမ္ဘာမြေအူတိုင် မီးတောက်ထဲကို တဖြည်းဖြည်း ပေါင်းစည်းသွားသည်။ ဒါကို အပြီးသတ် သန့်စင်ဖို့ကတော့ အချိန်တစ်ခုပဲ လိုပါတော့သည်။
တာဂေါ သဲကန္တာရ။
အနက်ရောင် ဝတ်ရုံခြုံထားတဲ့ ပုံရိပ်ခြောက်ခုဟာ သဲကန္တာရ အစပ်မှာ စုရုံးနေကြသည်။
ဒီအချိန်မှာတော့ အနက်ရောင်ဝတ်ရုံခြုံ ပုံရိပ်ခြောက်ခုလုံးဟာ မျက်မှောင်ကြုတ်ပြီး အလေးအနက် စဉ်းစားနေကြသည်။ ခဏအကြာမှာတော့ တစ်ယောက်က အရင်ဆုံး စကားစလိုက်တယ် "ရှောင်ဂူးရဲ့ အရိပ်အယောင် ခုထိ မတွေ့သေးဘူးလား"
စကားပြောလိုက်တဲ့သူကတော့ ဝိညာဉ်နန်းတော်ကနေ ဂါမာအင်ပါယာဆီကို စေလွှတ်လိုက်တဲ့ မြေကမ္ဘာအဆင့် ကာကွယ်စောင့်ရှောက်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ခွန်အားက ကြယ်ငါးပွင့် တိုက်ပွဲဝင်ဘိုးဘေးအဆင့်ကို ရောက်ရှိနေပါပြီ။
သူပြောတဲ့ "ရှောင်ဂူး" ဆိုတာကတော့ လင်းယွမ်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ ကာကွယ်စောင့်ရှောက်သူဂူး ကို ဆိုလိုတာပါ။ ဒါကို ကြားတော့ နောက်ထပ် မြေကမ္ဘာအဆင့် ကာကွယ်စောင့်ရှောက်သူ တစ်ဦးက ခေါင်းခါပြပြီး ပြန်ဖြေလိုက်တယ် "ငါတို့ သတင်းပို့တာ ဆယ်ကြိမ်မက ရှိပြီ ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိသေးဘူး"
ဒီမြေကမ္ဘာအဆင့် ကာကွယ်စောင့်ရှောက်သူရဲ့ နာမည်ကတော့ ကာကွယ်စောင့်ရှောက်သူ ကျင်းဖြစ်ပါတယ်။တကယ်တော့ သူ့ရဲ့ ခွန်အားက အရင်လူထက် အနည်းငယ် ပိုသန်မာပါတယ်။ သူက ကြယ်ငါးပွင့် တိုက်ပွဲဝင်ဘိုးဘေးရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီး ကြယ်ခြောက်ပွင့်အဖြစ် ချိုးဖျက်နိုင်ဖို့ အရိပ်အယောင်တွေ ပြနေပါပြီ။
ဒီမြေကမ္ဘာအဆင့် ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်ကို သူတို့ရဲ့ ဌာနခွဲ နန်းတော်တွေမှာတော့ ကာကွယ်စောင့်ရှောက်သူ ယင်လို့ သိကြပါသည်။
"ကြည့်ရတာ သူ တစ်ခုခု ဖြစ်သွားပြီ ထင်တယ်"
ကာကွယ်စောင့်ရှောက်သူ ကျင်း စကားဆုံးတော့ ကာကွယ်စောင့်ရှောက်သူ ယင်က ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားလိုက်ကာ ကောက်ချက်ချလိုက်သည်။
ဝိညာဉ်နန်းတော်က လူတွေဟာ စည်းကမ်း အရမ်းတင်းကျပ်တာကြောင့် နာမည်ကြီးပါတယ်။
ဌာနခွဲ နန်းတော် စတင်တည်ထောင်ချိန်ကစပြီး ဒီလို အခြေအနေမျိုးမှာ ဘယ်သူမှ အဆက်အသွယ် မပြတ်ဖူးပါဘူး။ တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ ကာကွယ်စောင့်ရှောက်သူဂူးဒုက္ခရောက်နေတာပဲ ဖြစ်ရမယ်။
အကယ်၍ ကာကွယ်စောင့်ရှောက်သူ ယင်ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ကာကွယ်စောင့်ရှောက်သူ ဂူးဟာ အခုချိန်မှာ အသက်ရှင်နေဖို့ မလွယ်တော့ပါဘူး။
"ကာကွယ်စောင့်ရှောက်သူ ဂူးက ငါတို့ထဲမှာ အားအနည်းဆုံး ဆိုပေမဲ့ သူက ကြယ်နှစ်ပွင့် တိုက်ပွဲဝင်ဘိုးဘေး အဆင့် ကျင့်ကြံခြင်း ရှိနေတုန်းပဲ။ ဒီ တစ်ဂါမာအင်ပါယာ သေးသေးလေးမှာ ဘယ်သူက သူ့ကို ခြိမ်းခြောက်နိုင်မှာလဲ"
ကာကွယ်စောင့်ရှောက်သူ ကျင်းရဲ့ အမူအရာက အနည်းငယ် တင်းမာနေသည်။ ကာကွယ်စောင့်ရှောက်သူ ယင်ရဲ့ ခန့်မှန်းချက်က မှန်ဖို့များတယ်ဆိုတာ သူသိပါတယ်။ဒါပေမဲ့ သူနားမလည်နိုင်တာက ရရှိထားတဲ့ သတင်းတွေအရ ဂါမာအင်ပါယာမှာ ယွမ်ရှန်း ကလွဲရင် တခြား တိုက်ပွဲဝင်ဘိုးဘေးမရှိပါဘူး။
အခုဆိုရင် ယွမ်ရှန်းကလည်း ဝိညာဉ်နန်းတော်ရဲ့ ခွေးတစ်ကောင် ဖြစ်နေပါပြီ။ ဒါဆိုရင် ကာကွယ်စောင့်ရှောက်သူ ဂူးကို ဘယ်သူကများ ခြိမ်းခြောက်နိုင်လို့လဲ "သခင်တို့... ကျွန်တော် သိသလောက်ဆိုရင် ကာကွယ်စောင့်ရှောက်သူဂူးဟာ တစ်စုံတစ်ယောက်ရဲ့ လက်ချက်နဲ့ ကျဆုံးသွားတာ ဖြစ်နိုင်ပါတယ်"
သူတို့ စကားပြောနေတာကို နားထောင်နေတဲ့ အနားမှာ ရပ်နေတဲ့ ကာကွယ်စောင့်ရှောက်သူ ဝူဟာ နာမည်တစ်ခုကို အမှတ်မထင် သတိရလာသည်။
အခုလက်ရှိ ဂါမာအင်ပါယာမှာ ဝိညာဉ်နန်းတော်ကို ရင်ဆိုင်နိုင်စွမ်းရှိတဲ့သူ ရှိတယ်ဆိုရင် အဲ့ဒါဟာ ယွမ်ရှန်း ပြောပြခဲ့တဲ့ လူငယ် တိုက်ပွဲဝင်ဘိုးဘေးပဲ ဖြစ်ရပါမယ်။
"ဪ... ပြောစမ်းပါဦး" ကာကွယ်စောင့်ရှောက်သူ ဝူ စကားဆုံးတော့ ကာကွယ်စောင့်ရှောက်သူ ကျင်းက မျက်ခုံးပင့်ပြီး မေးလိုက်သည်။ အဲ့ဒီနောက်မှာတော့ ကာကွယ်စောင့်ရှောက်သူ ဝူ က ယွမ်ရှန်း ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ပြန်ပြောပြသည်။
ဒီထဲမှာ လင်းယွမ် အကြောင်းတင်မကဘဲ ဆန်းကြယ်မီးတောက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်း ပါဝင်ပါတယ်။ကာကွယ်စောင့်ရှောက်သူ ဝူ စကားဆုံးသွားတဲ့အခါ အားလုံးက စဉ်းစားဟန်နဲ့ ခေါင်းငြိမ့်ကြသည်။
တကယ်လို့ အခြေအနေက ကာကွယ်စောင့်ရှောက်သူ ဝူ ပြောသလိုသာ ဆိုရင် ကာကွယ်စောင့်ရှောက်သူ ဂူးဟာ လင်းယွမ်လို့ ခေါ်တဲ့ လူငယ်ရဲ့ လက်ချက်နဲ့ သေဆုံးသွားတာ ဖြစ်နိုင်ခြေ အလွန်များသည်။
"ဟမ့်... ဝိညာဉ်နန်းတော်က လူကို ထိရဲတယ်ပေါ့ သူတို့ တကယ်ပဲ အသေစောချင်နေတာပဲ"
ခဏအကြာမှာတော့ လူသားအဆင့် ကာကွယ်စောင့်ရှောက်သူတစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေနဲ့ ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပဲ တခြား ကာကွယ်စောင့်ရှောက်သူတွေရဲ့ အမူအရာတွေလည်း ပြောင်းလဲသွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေဆီကနေ ထိတ်လန့်ဖွယ် ကောင်းလှတဲ့ စွမ်းအင်တွေ ရုတ်တရက် ထွက်ပေါ်လာသည်။
ဒီလို သေးငယ်ပြီး အရေးမပါတဲ့ နေရာလေးမှာ ဝိညာဉ်နန်းတော်ကို ဆန့်ကျင်ဝံ့တဲ့သူ ရှိလိမ့်မယ်လို့ သူတို့ တကယ် မမျှော်လင့်ထားပါဘူး။
"တော်တော့"
ကာကွယ်စောင့်ရှောက်သူ ကျင်းက လက်ဝှေ့ယမ်းပြီး လူစုကို တားလိုက်သည်။
အဲ့ဒီနောက် သူက ဆက်ပြောသည် "ငါတို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်ကို မမေ့ကြနဲ့။ ကာကွယ်စောင့်ရှောက်သူ ဂူးရဲ့ ကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်။ မြွေလူမျိုးစု ကိစ္စ ပြီးသွားမှ အဲ့ဒီလူငယ်နဲ့ စာရင်းရှင်းကြတာပေါ့"
အခုချိန်မှာ သူတို့မှာ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် မစ်ရှင် ရှိနေတာကြောင့် ကာကွယ်စောင့်ရှောက်သူ ကျင်းက တည်တည်ငြိမ်ငြိမ် ရှိနေသည်။
"အဖိုးကြီးကျင်း... ကောင်းကင်အဆင့် ကာကွယ်စောင့်ရှောက်သူက ငါတို့ကို မြွေလူမျိုးစုဆီ ဘာလို့ လာခိုင်းတာလဲ ဆိုတာ ငါ သိချင်နေမိတယ်" ကာကွယ်စောင့်ရှောက်သူ ယင်က အနည်းငယ် နားမလည်နိုင် ဖြစ်နေပါတယ်။ သူတို့ရဲ့ ကောင်းကင်အဆင့် ကာကွယ်စောင့်ရှောက်သူက မြွေလူမျိုးစုဆီမှာ စုရုံးဖို့ပဲ ပြောခဲ့တာဖြစ်ပြီး ဘာအသေးစိတ်မှ ရှင်းမပြခဲ့ပါဘူး။
"ငါတို့ မြွေလူမျိုးစုဆီ လာရတဲ့ အဓိက အကြောင်းရင်းက ဘုရင်မ မဒူဆာကို ဖမ်းဖို့ပဲ။ ဒါက ငါတို့ သခင်ရဲ့ အမိန့်လို့ ကြားတယ်။ မဒူဆာရဲ့ သွေးကို တစ်စုံတစ်ရာ စမ်းသပ်မှုအတွက် သုံးဖို့လို့ သိရတယ်" လို့ ကာကွယ်စောင့်ရှောက်သူ ကျင်းက ရှင်းပြလိုက်သည်။
"သခင်"
အဲ့ဒီ စကားလုံးကို ကြားလိုက်ရတဲ့အခါ သူတို့ အားလုံးရဲ့ မျက်ဝန်းထဲမှာ ကြောက်ရွံ့မှုတွေ ပေါ်လာသည်။
အဲ့ဒီလူဟာ သူတို့ရဲ့ ဌာနခွဲ နန်းတော်ဆီကို ကြိုတင်သတိပေးချက် မရှိဘဲ ရောက်လာပြီး ပြတ်သားတဲ့ နည်းလမ်းတွေနဲ့ သူတို့ကို နှိမ်နင်းခဲ့တာပါ။ ဒီကာလအတွင်းမှာ ဝိညာဉ်နန်းတော်က လုပ်ဖော်ကိုင်ဖက်တွေ အများကြီးဟာ သူ့ရဲ့ စမ်းသပ်မှုတွေကြောင့် သေဆုံးခဲ့ရသည်။
ဒီ "သခင်" ဆိုတဲ့ လူဟာ တကယ့်ကို အရူးတစ်ယောက်ပါပဲ
"ဒါဆိုရင်လည်း အချိန်မဆွဲတော့ဘဲ အခုပဲ မြွေလူမျိုးစုဆီ သွားကြတာပေါ့"
ကာကွယ်စောင့်ရှောက်သူ ယင်ဟာ အဲ့ဒီလူရဲ့ အမိန့်ကို တစ်စက္ကန့်လေးတောင် နှောင့်နှေးအောင် မလုပ်ရဲပါဘူး။
"ကောင်းပြီ"
"သွားကြစို့"
ကာကွယ်စောင့်ရှောက်သူ ယင် စကားဆုံးတာနဲ့ ပုံရိပ်ခြောက်ခုဟာ ကောင်းကင်ယံထဲကို ပျံတက်သွားြကသည်။ချက်ချင်းဆိုသလိုပဲ အနက်ရောင် မြူခိုးခြောက်ခုအဖြစ် ပြောင်းလဲသွားပြီး မြွေလူမျိုးစုရှိရာဆီကို ဦးတည်သွားကြသည်။
တစ်ဖက်မှာတော့ မြွေလူမျိုးစုရဲ့ မဒူဆာ နန်းတော်အတွင်းမှာ ကြီးမားလှတဲ့ ခုနစ်ရောင်ခြယ် အလင်းလုံးကြီးဟာ ခန်းမထဲမှာ ဝဲပျံနေဆဲပါ။ ဘေးနားမှာတော့ လင်းယွမ်ရဲ့ ခန္ဓာကိုယ်ပွား ဟာလည်း ဂူဝမှာ တာဝန်ကျေပွန်စွာ စောင့်ကြပ်နေပါတယ်။
အဲ့ဒီ အလင်းလုံးထဲမှာတော့ ခုနစ်ရောင်ခြယ် မြွေကလေးတစ်ကောင်ဟာ လူးလွင့်လှုပ်ရှားနေတာကို မသဲမကွဲ မြင်နေရသည်။ အဲ့ဒီမြွေကလေးဆီက ထွက်ပေါ်လာတဲ့ အော်ရာဟာ အချိန်နဲ့အမျှ ပိုပြီး အားကောင်းလာနေသည်။
ဒီ ခုနစ်ရောင်ခြယ် မြွေကလေးဟာ အလင်းလုံးထဲက စွမ်းအင်အားလုံးကို စုပ်ယူပြီးသွားတာနဲ့ ပိုးတုံးလုံးဘဝကနေ လိပ်ပြာဖြစ်လာသလိုမျိုး မှတ်ချက်ပြုမရနိုင်တဲ့ အမြင့်တစ်ခုကို ချက်ချင်း ရောက်ရှိသွားမှာပါ။
မဒူဆာရဲ့ ဆင့်ကဲပြောင်းလဲမှုဟာ မပြီးဆုံးသေးပေမဲ့ ထွက်ပေါ်နေတဲ့ အော်ရာဟာ တိုက်ပွဲဝင်ဘိုးဘေး အဆင့်နဲ့ ယှဉ်နိုင်နေပြီဆိုတာ သတိပြုရပါမယ်။ဒါတောင်မှ အလင်းလုံးပေါ်က စွမ်းအင် သုံးပုံတစ်ပုံလောက်ပဲ သုံးရသေးတာပါ။
"ဒဏ္ဍာရီလာ ခုနစ်ရောင်ခြယ် ကောင်းကင်မျိုမြွေ ပီသပါပေတယ်။ ဆင့်ကဲပြောင်းလဲမှု မပြီးသေးခင်မှာတင် သူ့ရဲ့ ချီ အော်ရာက ဒီလောက်တောင် အားကောင်းနေပြီ" အနားမှာ ရပ်နေတဲ့ ခန္ဓာကိုယ်ပွားဟာ ခုနစ်ရောင်ခြယ် မြွေကလေးဆီက ထွက်ပေါ်လာတဲ့ အော်ရာကို သတိပြုမိတဲ့အခါ အံ့ဩတကြီးနဲ့ ရေရွတ်လိုက်သည်။
"ဟင်"
နောက်တစ်စက္ကန့်မှာတော့ ခန္ဓာကိုယ်ပွားဟာ ရုတ်တရက် ထရပ်လိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ အားကောင်းလှတဲ့ အော်ရာ အများအပြား မြွေလူမျိုးစုဆီကို အရှိန်အဟုန်နဲ့ ချဉ်းကပ်လာတာကို သူ ရုတ်တရက် အာရုံခံမိလိုက်လို့ပါပဲ။