အခန်း ၇၁ ကြောက်မက်ဖွယ်ကောင်းသော လင်းယွမ်
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းယွမ် ၏ ပုံရိပ်မှာ အလင်းတန်းများအောက်တွင် ပျောက်ကွယ်သွားတော့သည်။လူတိုင်းမှာ အသက်ရှူရန်ပင် မေ့လျော့နေကြပြီး သူတို့၏ မျက်လုံးများမှာ စွမ်းအင်ပေါက်ကွဲမှု ဖြစ်ပွားရာဆီသို့သာ စူးစိုက်ကြည့်နေမိကြသည်။ သူတို့မှာ လင်းယွမ်ကို ရှာဖွေနေခြင်း ဖြစ်သည်။
"ဟိုမှာကြည့်စမ်း အဲဒါ ဘာကြီးလဲ"
ရုတ်တရက် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အလင်းတန်းများ ထွက်ပေါ်ရာအရပ်မှ စိမ်းပြာရောင် မီးတောက်များမှာ ကောင်းကင်ယံသို့ အဟုန်ပြင်းစွာ ထိုးတက်သွားတော့သည်။ ထိုမီးတောက်များမှာ ချက်ချင်းပင် ဧရာမ နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်၌ အဆက်မပြတ် ဝဲပျံနေတော့သည်။
နောက်တစ်စက္ကန့်တွင် ထိုနဂါးကြီး၏ အကြည့်မှာ ယွမ်ရှန်း ထံသို့ ရုတ်တရက် ကျရောက်သွားသည်။
ဝေါ့
နားကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ ထိုမီးနဂါးကြီးသည် ယွမ်ရှန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။
"ပြေး"
မိမိထံသို့ ဦးတည်လာသော မီးနဂါးကြီးကို မြင်သောအခါ ယွမ်ရှန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ပြေးတော့သည်။
ယခုအချိန်တွင် သူ၏ ချီ များမှာ အကုန်အစင် ခမ်းခြောက်နေပြီဖြစ်ရာ ထပ်မံတိုက်ခိုက်ရန် ခွန်အား လုံးဝမရှိတော့ချေ။
ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးကြီးကို ရင်ဆိုင်ရာတွင် မိမိမှာ မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ကြောင်း သိရှိသဖြင့် ယွမ်ရှန်းသည် သူ၏ အရှိန်ကို အစွမ်းကုန်မြှင့်တင်၍ ထွက်ပြေးတော့သည်။
"အခုမှ ပြေးဖို့ဆိုတာ နောက်ကျမသွားဘူးလား"
ထိုအသံဆုံးသည်နှင့် ယွမ်ရှန်း၏ မျက်သူငယ်အိမ်များမှာ သရဲမြင်လိုက်ရသည့်အလား ကျုံ့သွားရသည်။
လူတိုင်း၏ မျက်စိရှေ့မှာပင် လင်းယွမ်၏ ပုံရိပ်မှာ ယွမ်ရှန်း၏ နောက်ကျောဘက်တွင် တစ္ဆေတစ်ကောင်အလား ရုတ်တရက် ပေါ်လာသည်။
ဗုန်း
ချက်ချင်းပင် လင်းယွမ်က ပြုံးလိုက်ပြီး သူ၏ခြေထောက်ကို မြှောက်ကာ ယွမ်ရှန်း၏ ရင်ဘတ်ကို အားရပါးရ ကန်လိုက်တော့သည်။
မတတ်သာသည့်အဆုံး ယွမ်ရှန်းမှာ ထိခိုက်မှုကို အနည်းဆုံးဖြစ်စေရန် သူမ၏ လက်မောင်းနှစ်ဖက်ကို အားယူမြှောက်၍ ရင်ဘတ်ကို ကာကွယ်လိုက်ရသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ဘောလုံးတစ်လုံးအလား လွင့်စင်သွားပြီး မီးနဂါးကြီးရှိရာ အရပ်သို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားတော့သည်။
ဟူး... ဟူး...
သားကောင်မှာ မိမိထံသို့ လွင့်ပျံလာသည်ကို မြင်သောအခါ မီးနဂါးကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်သည်။
ထို့နောက်တွင်မူ မိဘများ သေဆုံးသွားသည့်အလား မျက်နှာပျက်နေကြသော လူတိုင်း၏ အကြည့်အောက်၌ ယွမ်ရှန်း၏ ခန္ဓာကိုယ်မှာ မီးနဂါးကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
ရှူး
ဤသည်ကို မြင်သောအခါ ဂူဟယ်နှင့် အခြားသူများမှာ အသက်ရှူရန်ပင် မေ့လျော့ကာ တုန်လှုပ်သွားကြသည်။
ကြောက်စိတ်များသော အချို့သူများမှာမူ ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေကြသည်။
ထိုသူမှာ ဒဏ္ဍာရီလာ တိုက်ပွဲဝင်ဘိုးဘေး ဖြစ်သည်မဟုတ်ပါလား ၎င်းမှာ တစ်လုပ်တည်းနှင့် ဝါးမြိုခံလိုက်ရခြင်းလော လူတိုင်း၏ အကြည့်များမှာ လင်းယွမ်ထံသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။ ထိုအခိုက်အတန့်တွင် သူတို့ လင်းယွမ်ကို ကြည့်သည့် အမြင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
လူတိုင်း၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များစွာ ဖြတ်ပြေးသွားကြသည်။
ထိုထဲတွင် ကြောက်ရွံ့မှု မနာလိုမှု အံ့အားသင့်မှုနှင့် လေးစားအားကျမှုတို့ ပါဝင်နေသည်။
အချုပ်အားဖြင့်ဆိုသော် ဤတိုက်ပွဲအပြီးတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလှသော လင်းယွမ်၏ ပုံရိပ်မှာ သူတို့၏ စိတ်ထဲတွင် စွဲထင်သွားတော့သည်။
ဤလူငယ်မှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။ သူသည် အသက် ၂၀ ကျော်မျှသာ ရှိသေးသော်လည်း ဤမျှအထိ အစွမ်းထက်နေပြီဖြစ်သည်။
အကယ်၍ နောက်ထပ် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ အချိန်ပေးလိုက်မည်ဆိုလျှင် သူသည် မည်မျှအထိ ကြီးထွားလာဦးမည်နည်း
သူတို့ ဆက်၍ပင် မတွေးရဲတော့ချေ။ သို့သော် ဤအခိုက်အတန့်တွင် လူတိုင်းမှာ သူတို့၏ စိတ်ထဲ၌ လျှို့ဝှက်စွာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကြသည်။
နောင်တွင် လင်းယွမ်ရှိသည့် မည်သည့်နေရာတွင်မဆို သူတို့သည် ဝေးဝေးက ရှောင်ရှားကြရမည်ဖြစ်ပြီး အိန္ဒြေရှိရှိ နေထိုင်ကြရမည် ဖြစ်သည်။
"ဟားဟား... ခွေးအိုကြီး အခုတော့ ငါ့အရှင်သခင် ဘယ်လောက် စွမ်းလဲဆိုတာ သိပြီမဟုတ်လား"
ထိုအချိန်တွင် ဘေးနား၌ ရပ်နေသော ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်မှာ သူ၏ ပါးစပ်ကြီးကို ဖွင့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လင်းယွမ် မရောက်လာခင်က ဤလူအိုကြီးမှာ သူ့ကို ဒုက္ခများစွာ ပေးခဲ့ခြင်းဖြစ်သည်။
အမှန်စင်စစ် လင်းယွမ်သာ အချိန်မီ ရောက်မလာခဲ့လျှင် သူသည် အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။
ထို့ကြောင့် ယွမ်ရှန်း မီးနဂါး၏ဝါးမြိုခြင်း ခံလိုက်ရသည်ကို မြင်သောအခါ အပျော်ဆုံးသူမှာ ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်ပင် ဖြစ်တော့သည်။
သူသည် ခေါင်းကို မော့ကာ လက်သည်းများကို ဖြန့်လျက် လင်းယွမ်ထံသို့ ပျံသန်းသွားသည်။
၎င်းမှာ "ကြည့်စမ်း စစ်နတ်ဘုရားတစ်ပါးနဲ့ တူတဲ့ ဒီလူသားက ငါ့ရဲ့ အရှင်သခင်ပဲ" ဟု လူတိုင်းကို ကြေညာနေသည့်အလားပင်။
"ဆရာ"
အခြားသူများနှင့် မတူသည်မှာ ယွမ်ရှန်း မီးနဂါး၏ ဝါးမြိုခြင်း ခံလိုက်ရသည်ကို မြင်သောအခါ ယွမ်ယွမ် မှာ သူမ၏ မျက်ရည်များကို မထိန်းနိုင်တော့ဘဲ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။
ယွမ်ရှန်းမှာ သူမ၏ ဆရာဖြစ်ပြီး ယွမ်ယွမ်၏ စိတ်ထဲတွင် ယွမ်ရှန်းမှာ အလွန် အရေးကြီးသော နေရာတွင် ရှိနေသည်။
သူတို့နှစ်ဦး တိုက်ခိုက်နေစဉ် တစ်လျှောက်လုံးတွင် ယွမ်ယွမ်၏ ရင်မှာ တဒိန်းဒိန်း ခုန်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဦးစလုံးမှာ သူမ၏ ဘဝတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်များ ဖြစ်နေသောကြောင့် ဖြစ်သည်။
ယွမ်ရှန်းမှာ သူမအတွက် ဆရာတစ်ဦးဖြစ်သလို ဖခင်တစ်ဦးကဲ့သို့လည်း ဖြစ်သည်။
အထူးသဖြင့် လင်းယွမ်မှာမူ သူမ၏ အပျိုစင်ဘဝကို ရယူခဲ့သူဖြစ်သည်။ယွမ်ယွမ်မှာ ရှေးရိုးစွဲစိတ်ဓာတ် ရှိသူတစ်ဦး ဖြစ်သည်။ သူမမှာ လင်းယွမ်ကို သိကျွမ်းသည်မှာ မကြာသေးသော်လည်း သူတို့မှာ ခန္ဓာကိုယ်ချင်း ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ဖြစ်ရာ သူမသည် တစ်သက်လုံး သူ၏ အမျိုးသမီး ဖြစ်လာရန် ကံပါခဲ့ပြီဖြစ်သည်။
သို့သော် အရာအားလုံးမှာ ရုတ်တရက် ဖြစ်ပျက်ခဲ့သဖြင့် သူမအနေဖြင့် မည်သို့ ရင်ဆိုင်ရမည်ကို မသိသေးချေ။
အကယ်၍ ယနေ့တွင် လင်းယွမ်သာ ယွမ်ရှန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါက ယွမ်ယွမ်မှာ ကြေကွဲရမည် ဖြစ်သည်။
သို့သော် ယခုမူ ယွမ်ရှန်းမှာ လင်းယွမ်၏ လက်ထဲတွင် အသက်ပျောက်တော့မည့်အရေး ဖြစ်နေသဖြင့် ယွမ်ယွမ်မှာ အလားတူပင် ဝမ်းနည်းနေမိသည်။
ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏ ကျောဘက်တွင် ပြာလဲ့လဲ့ရောင် ချီအတောင်ပံ တစ်စုံ ရုတ်တရက် ပေါ်လာသည်။ ချက်ချင်းပင် ယွမ်ယွမ်သည် သူမ၏ အတောင်ပံများကို ခတ်ကာ မီးနဂါးကြီးဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။
သို့သော် ယွမ်ယွမ် အနားသို့ ချဉ်းကပ်တော့မည့် ဆဲဆဲတွင် သူမ၏ ခန္ဓာကိုယ်မှာ သန်မာသော လက်မောင်းတစ်ခု၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် လင်းယွမ်၏ နူးညံ့သော်လည်း အပြစ်တင်လိုသော အသံမှာ သူမ၏ နားထဲသို့ တိုးဝင်လာသည်။
"မိုက်မဲတဲ့ မိန်းမ မင်း ရူးသွားပြီလား"
ထိုမီးနဂါးမှာ ကမ္ဘာမြေအူတိုင် မီးတောက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းတွင် ပါဝင်သော စွမ်းအင်မှာ အလွန်ပင် ကြီးမားလှသည်။
အကယ်၍ ယွမ်ယွမ်သာ ထိုသို့ ပြေးဝင်သွားပါက သူမ၏ ခန္ဓာကိုယ်မှာ ထိုကြောက်မက်ဖွယ်ကောင်းသော အပူရှိန်အောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ယခုအခါ ယွမ်ယွမ်မှာ သူ၏ အမျိုးသမီး ဖြစ်နေပြီဖြစ်ရာ လင်းယွမ်အနေဖြင့် သူမ သေတွင်းထဲ ဆင်းနေသည်ကို ဒီအတိုင်း ကြည့်မနေနိုင်ချေ။
"ကျွန်မကို လွှတ်ပါ ကျွန်မ ဆရာ့ကို ကယ်ရမယ်"
လင်းယွမ်၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသဖြင့် ယွမ်ယွမ်မှာ ပထမတွင် မှင်တက်သွားမိသည်။
သို့သော် သူမသည် ချက်ချင်းပင် အတင်းအဓမ္မ ရုန်းကန်တော့သည်။
"မလှုပ်နဲ့"
ရင်ခွင်ထဲမှ အလှပဂေးလေးက ရုန်းကန်နေသဖြင့် လင်းယွမ်သည် သူမကို ပို၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး ဒေါသသံ အနည်းငယ်ဖြင့် "ဒီလို ခွေးအိုကြီးတစ်ယောက်အတွက်နဲ့ မင်း အသက်ကို စတေးမလို့လား"
"ကျွန်မဆရာ့ကို အဲဒီလို မပြောပါနဲ့ သူက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တာ သူ့အသက်ကို ကယ်ဖို့ဆိုရင် ကျွန်မ အသက်ကိုတောင် ပေးဝံ့တယ်" ပြောရင်းနှင့် ယွမ်ယွမ်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ မသိမသာ စီးကျလာပြန်သည်။
အမျိုးသမီးများမှာ ခံစားချက်ကို ဦးစားပေးသော သတ္တဝါများ မဟုတ်ပါလား။ ယွမ်ရှန်းမှာ သူမကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့ပြီး ပညာရပ်များကိုလည်း သင်ကြားပေးခဲ့သည်။
ယွမ်ယွမ်မှာ သူမကို ငယ်စဉ်ကတည်းက စောင့်ရှောက်လာသော ဆရာဖြစ်သူ သေဆုံးသွားသည်ကို မည်သို့မျှ ကြည့်မနေနိုင်ချေ။
"ဟူး..."
ယွမ်ယွမ်၏ စကားကို ကြားသောအခါ လင်းယွမ်သည် မတတ်သာဘဲ သက်ပြင်းချလိုက်ရသည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင်။ အကယ်၍ သူသာ ယနေ့တွင် ယွမ်ရှန်းကို ယွမ်ယွမ်၏ ရှေ့မှောက်၌ အမှန်တကယ် သတ်ပစ်လိုက်မည်ဆိုလျှင် ထိုမိုက်မဲသော မိန်းမမှာ သူ့ကို တစ်သက်လုံး မုန်းတီးသွားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် လင်းယွမ်တွင် ကြိုတင်ပြင်ဆင်မှု နှစ်ခု ရှိနေခဲ့သည် "မငိုပါနဲ့ အဲဒီ ခွေးအိုကြီး မသေသေးပါဘူး"
"အင်"
ဤစကားကို ကြားသောအခါ ယွမ်ယွမ်မှာ ရုန်းကန်ခြင်းကို ရပ်လိုက်ပြီး သူမ၏ မျက်တောင်ရှည်ကြီးများကို ခတ်ကာ လင်းယွမ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
"ပြန်လာခဲ့"
နောက်တစ်စက္ကန့်တွင် လင်းယွမ်က ခပ်တိုးတိုး အော်ဟစ်လိုက်သည်။
ထိုအသံဆုံးသည်နှင့် စိမ်းပြာရောင် မီးနဂါးကြီးမှာ အကြိမ်အနည်းငယ် ဝဲပျံပြီးနောက် မီးတောက်အဖြစ် ပြောင်းလဲကာ လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။
မီးနဂါးကြီး ပျောက်ကွယ်သွားသည့် ခဏမှာပင် ယွမ်ရှန်း၏ ပုံရိပ်မှာ လူတိုင်း၏ မျက်စိရှေ့၌ ပေါ်လာတော့သည်။
သို့သော် ထိုလူအိုကြီးမှာ ယခုအခါတွင် အလွန်ပင် ကြည့်မကောင်းအောင် ဖြစ်နေချေပြီ။
သူ၏ မူလက ဖြူဆွတ်နေသော ဆံပင်များမှာ ယခုအခါတွင် လုံးဝ မဲမှောင်သွားပြီး အချို့နေရာများတွင် ဦးရေပြားများပင် ပေါ်နေသည်။
သူ၏ ဝတ်ရုံများမှာလည်း ပြင်းထန်သော အပူရှိန်ကြောင့် ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ မီးလောင်ထားသော အဝတ်စုတ်အချို့သာ ကပ်နေတော့သည်။သူ၏ မျက်ခုံး မုတ်ဆိတ်နှင့် အမွှေးအမျှင်ရှိသမျှ အရာအားလုံးမှာ လုံးဝ လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ဤမြင်ကွင်းမှာ ရှိနေသူတိုင်းအတွက် တကယ်ပင် ရယ်စရာကောင်းလှပေသည်။