အခန်း ၆၉ ဘယ်သူက ပိုသန်မာပြီး ဘယ်သူက ပိုအားနည်းသလဲ
ထိုခဏချင်းမှာပင် ပတ်ဝန်းကျင်ရှိ အပူချိန်မှာ အတော်အတန် ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေကြသော ဖာမား နှင့် အခြားသူများသည် လင်းယွမ် နှင့် ယွမ်ရှန်းတို့ ထိပ်တိုက်ရင်ဆိုင်တော့မည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်နေကြတော့သည်။ သူတို့၏ သက်တမ်းတစ်လျှောက်တွင် တိုက်ပွဲဝင်ဘိုးဘေးအဆင့် ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ပွဲကြီးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
"ဥက္ကဋ္ဌ... အဲဒီနှစ်ယောက်ထဲမှာ ဘယ်သူက ပိုအစွမ်းထက်မယ်လို့ ထင်သလဲ"
ဖာမားသည် ထိုနှစ်ဦးကို အလွန်အမင်း စူးစိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် သူမ၏ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ကာ "ငါလည်း မသိဘူး"
"အဲ..."
မေးခွန်းမေးလိုက်သော ဆေးဆရာမှာ ဖာမားထံမှ ဤကဲ့သို့ အဖြေမျိုးရလိမ့်မည်ဟု မမျှော်လင့်ထားပုံရသဖြင့် သူ၏ အကြည့်များကို ဂူဟယ် ထံသို့ မလွှဲသာဘဲ လွှဲလိုက်ရသည်။ သူတို့ထဲတွင် ဖာမားနှင့် ဂူဟယ်တို့သာလျှင် တိုက်ပွဲဝင်ဘိုးဘေးအဆင့်၏ အနိုင်အရှုံးကို မှတ်ချက်ပေးနိုင်သည့် အရည်အချင်းရှိကြသည်။
"ဟွန်း"
ထိုသူက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ဂူဟယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဒီကောင်စုတ်က ဂိုဏ်းချုပ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ သူက ကံကောင်းလို့ တိုက်ပွဲဝင်ဘိုးဘေးအဆင့်ကို ချိုးဖျက်နိုင်ခဲ့တယ်ဆိုရင်တောင် သူက အသက်ဘယ်လောက်ရှိသေးလို့လဲ"
အမိဝမ်းထဲကနေ စပြီး ကျင့်ကြံခဲ့ရင်တောင် အလွန်ဆုံးရှိမှ အနှစ် ၂၀ ဒါမှမဟုတ် ၃၀ ပေါ့။
"ယွမ်ရှန်း ဂိုဏ်းချုပ်ကတော့ ဂါမာအင်ပါယာရဲ့ ဝါရင့် အင်အားကြီး ပုဂ္ဂိုလ်ပဲ။ သူ့ရဲ့ ခွန်အားနဲ့ တိုက်ပွဲအတွေ့အကြုံက ဟိုအတွေ့အကြုံမရှိတဲ့ ကောင်လေးထက် အဆပေါင်းများစွာ သာလွန်တယ်"
ဤနေရာတွင် ရှိနေသူအားလုံးထဲ၌ လင်းယွမ်အပေါ် အငြိုးအတေး အကြီးဆုံးထားသူမှာ ဂူဟယ်ပင် ဖြစ်သည်။ အစောပိုင်းက လင်းယွမ်၏ အထူး "ဂရုစိုက်မှု" ကို ခံခဲ့ရသည် မဟုတ်ပါလား ယခုအချိန်အထိ ဂူဟယ်၏ ခန္ဓာကိုယ်ပေါ်ရှိ ပူလောင်နာကျင်မှုမှာ မသက်သာသေးချေ။ ထို့ကြောင့် လင်းယွမ် ပါးရိုက်သတ်ခံရသည်ကို မြင်ရဖို့ သူ အလွန်ပင် ဆန္ဒရှိနေသည်။
"ဟုတ်တယ် ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်"
"မှန်တယ် ဒီလူက ငယ်လွန်းတယ် ယွမ်ရှန်းနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
"အခု သူ့ရဲ့ ရက်စက်တဲ့ အရှိန်အဝါတွေကို ကြည့်ပြီး အထင်မကြီးလိုက်နဲ့ မကြာခင်မှာပဲ သူ အရိုက်ခံရတော့မှာ" ဂူဟယ် စကားပြောပြီးနောက် ဆေးဆရာအသင်းဝင်များအားလုံးက ထောက်ခံပြောဆိုကြတော့သည်။ လင်းယွမ်သည် ယွမ်ရှန်း၏ ပြိုင်ဘက်မဟုတ်ဟု သူတို့က သဘာဝအတိုင်း ယူဆနေကြခြင်းဖြစ်သည်။
ဖာမား တစ်ဦးတည်းသာလျှင် ထိုဆွေးနွေးမှုများကို ကြားသောအခါ သူမ၏ မျက်ဝန်းအစုံထဲတွင် အထင်သေးရိပ်အချို့ ဖြတ်ပြေးသွားသည်။ ဖာမားသည် တိုက်ပွဲဝင်ဧကရာဇ် အဆင့် ကျွမ်းကျင်သူဖြစ်ပြီး ကျားရှင်းထျန်တို့နှင့် ခေတ်ပြိုင် အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်ရာ သူမ၏ အမြင်မှာ အခြားသူများထက် သာလွန်သည်။
လင်းယွမ် သူတို့ကို ရိုက်နှက်စဉ်ကပင် လင်းယွမ်သည် ဆော့ကစားနေခြင်းသာဖြစ်ပြီး သူ၏ ခွန်အားအစစ်အမှန်ကို အသုံးမပြုခဲ့ကြောင်း ဖာမား ရိပ်မိခဲ့သည်။ ဖာမားသည် လင်းယွမ်ထံမှ ပြင်းထန်သော သေမင်းအရှိန်အဝါကို ခံစားမိခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် လင်းယွမ်သာ သူ့ကို သတ်ချင်ပါက သူသည် ထွက်ပြေးပိုင်ခွင့်ပင် ရှိမည်မဟုတ်ချေ။
သို့သော် ယွမ်ရှန်းထံမှမူ ထိုကဲ့သို့ အာရုံမျိုးကို ဖာမား မခံစားရချေ။ ထို့ကြောင့် လင်းယွမ်သည် ယွမ်ရှန်းထက် ပိုမိုသန်မာကြောင်း သူမ သေချာပေါက် ယုံကြည်နေသည်။
လူတိုင်း ဆွေးနွေးနေကြစဉ်မှာပင် ယွမ်ရှန်း၏ ခန္ဓာကိုယ်မှာ အထက်သို့ အရှိန်အဟုန်ဖြင့် ပြေးတက်သွားပြီဖြစ်သည်။ လင်းယွမ်နှင့် မျက်နှာချင်းဆိုင် ရပ်နေသော ယွမ်ရှန်းသည် ဟင်းလင်းပြင်တွင် ရပ်တန့်နေပြီး သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထားခြင်းမရှိချေ။
"မင်းလို အရွယ်နဲ့ တိုက်ပွဲဝင်ဘိုးဘေး အဆင့်ကို ချိုးဖျက်ရောက်ရှိနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ငါ မင်းကို အထင်သေးမိသွားတာပဲ" ယွမ်ရှန်း၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေပြီး သူ၏ မျက်ဝန်းများထဲတွင် အေးစက်မှုများ ပြည့်နှက်နေသည်။
"ဟက်... ခွေးအိုကြီး မင်း စိတ်မကူးနိုင်တဲ့ အရာတွေ အများကြီး ရှိသေးတယ်။ ငါ မင်းကို အခုချက်ချင်း သတ်နိုင်တယ်ဆိုတာ ယုံသလား" လင်းယွမ်၏ မျက်လုံးထဲတွင် အေးစက်မှုများ ဖြတ်ပြေးသွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။
"ဟွန်း... ပါးစပ်သန်တဲ့ ကောင်လေး။ ငါ့သက်တမ်းတစ်လျှောက် ပါရမီရှင်တွေ အများကြီး တွေ့ဖူးတယ်။ ဒါပေမဲ့ မမေ့နဲ့ဦး ကြီးပြင်းလာတဲ့ ပါရမီရှင်တွေမှသာ အစွမ်းထက်သူလို့ ခေါ်နိုင်တာ"
ဤသို့ပြောရင်း ယွမ်ရှန်း၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ထူးဆန်းသော အသံဖြင့် "ငါ့လက်ထဲမှာ သေသွားတဲ့ ပါရမီရှင်တွေလည်း မနည်းဘူးဟေ့"
"အော်... ဟုတ်လား"
လင်းယွမ်က သိနားလည်ဟန်ဖြင့် ပြုံးလိုက်ကာ "မင်းပြောတာ အဓိပ္ပာယ်ရှိပါတယ် ဒါပေမဲ့ ငါ့အမြင်မှာတော့ ငါ့ကို လမ်းခုလတ်မှာ သတ်နိုင်မယ့်သူက မမွေးသေးဘူးလို့ ထင်တယ်"
တကယ့်ကို မောက်မာလှပေသည် လင်းယွမ်၏ စကားအဆုံးတွင် အောက်ဘက်ရှိ လူတိုင်း၏ စိတ်ထဲတွင် ထိုအတွေးသာ ရှိနေကြသည်။ သူ၏ အသက်ကို တိုစေမည့်သူ မမွေးသေးဘူးဟု ဆိုခြင်းမှာ ယွမ်ရှန်းသည် သူ့ကို သတ်ရန် အရည်အချင်းမပြည့်မီဟု သွယ်ဝိုက်ပြောဆိုခြင်း မဟုတ်ပါလား။
နောက်တစ်စက္ကန့်တွင် လူတိုင်း၏ အကြည့်မှာ ယွမ်ရှန်းထံသို့ ရောက်သွားကြသည်။ မျှော်လင့်ထားသည့်အတိုင်း ထိုစကားကို ကြားသောအခါ ယွမ်ရှန်း၏ မျက်နှာမှာ ပို၍ပင် ကြည့်မကောင်းတော့ချေ။
"အပိုစကားတွေ ရပ်လိုက်တော့။ ငါ မင်းကို နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်။ ဆန်းကြယ်မီးတောက်ကို အခုချက်ချင်း အပ်မလား ဒါမှမဟုတ်..."
ဤအချိန်တွင် ယွမ်ရှန်း၏ စိတ်ရှည်မှုမှာ ကုန်ဆုံးသွားပြီဖြစ်သည်။
"မင်းက ဆန်းကြယ်မီးတောက်ကို လိုချင်နေတာလား"
လင်းယွမ်က ထူးဆန်းစွာ ပြုံးလိုက်ပြီး လက်တစ်ဖက်ကို နောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် ယွမ်ရှန်းကို လက်ဟန်ပြလိုက်သည် "သတ္တိရှိရင် လာယူကြည့်လေ"
ဗုန်း
လင်းယွမ် စကားပြောပြီးနောက် ယွမ်ရှန်းသည် သူ၏ ဒေါသကို မထိန်းနိုင်တော့ချေ။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုမှာ လင်းယွမ်ထံသို့ ရုတ်တရက် လွင့်ပျံသွားတော့သည်။ သူသည် အစွမ်းကုန် ဒေါသထွက်နေသဖြင့် မည်သည့်အရာကိုမျှ ချန်မထားဘဲ သူ၏ စွမ်းအားအားလုံးကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
"အင်း..."
တိုက်ပွဲဝင်ဘိုးဘေး တစ်ဦး၏ အစွမ်းကုန် ပေါက်ကွဲမှုက မည်မျှ ကြောက်စရာကောင်းသနည်း အောက်ဘက်ရှိ ဖာမားနှင့် အခြားသူများသည် ထိုကြောက်မက်ဖွယ် ဖိအားအောက်တွင် ညည်းညူသံများ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် အသက်ရှူရန်ပင် သူတို့အတွက် ခက်ခဲသွားရသည်။
ယွမ်ယွမ်မှာမူ သူတို့ထက် အခြေအနေ အနည်းငယ် ပိုကောင်းသော်လည်း သူမ၏ မျက်နှာမှာ ဖြူလျော်နေပြီး ခုခံနိုင်ရန် သူမ၏ အတွင်း ချီများကို အလိုအလျောက် လှည့်ပတ်လိုက်ရသည်။ သို့သော်လည်း ထိုကြောက်မက်ဖွယ် ဖိအားအောက်တွင် သူမ၏ ချီများမှာ ပုံမှန်ထက် ပို၍ နှေးကွေးစွာ လည်ပတ်နေသည်ဟု ခံစားနေရသည်။
တိုက်ပွဲဝင်ဘိုးဘေး သည် တကယ်ကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှသည် တစ်ချိန်တည်းမှာပင် ယွမ်ယွမ်သည် လင်းယွမ်အတွက် စိုးရိမ်လာမိသည်။ သူမ၏ဆရာမှာ ဤမျှအထိ ကြောက်စရာကောင်းသော ခွန်အားရှိနေသည်ကို လင်းယွမ် တောင့်ခံနိုင်ပါ့မလား။
ယွမ်ယွမ်၏ အကြည့်များ လင်းယွမ်ထံသို့ ရောက်ရှိသွားချိန်တွင် သူမမှာ အံ့အားသင့်သွားရသည်။ လင်းယွမ်သည် ယခင်ကကဲ့သို့ပင် ရပ်မြဲအတိုင်း ရပ်နေဆဲဖြစ်သည်။ ထိုမျှ ပြင်းထန်သော စွမ်းအင်ဖိအားအောက်တွင် သူ၏ အမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိချေ။
"ခွေးအိုကြီး... မင်း နောက်ဆုံးတော့ တိုက်ခိုက်ဖို့ ပြင်လိုက်ပြီပေါ့"
လင်းယွမ်သည် လျှာဖြင့် နှုတ်ခမ်းကို လျက်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ချီများမှာလည်း ရုတ်တရက် စတင် လည်ပတ်လာတော့သည်။ လင်းယွမ်သည် ထိုလူအိုကြီး ယွမ်ရှန်းကို မနှစ်မြို့သည်မှာ ကြာပြီဖြစ်သည်။ အခြားအရာများကို ထားလိုက်ဦး ထိုလူအိုကြီးသည် ဝိညာဉ်နန်းတော် နှင့် ပူးပေါင်းကြံစည်နေခြင်းမှာပင် လင်းယွမ်၏ အသတ်ခံရမည့် စာရင်းထဲသို့ ထည့်ရန် လုံလောက်နေပြီဖြစ်သည်။
သို့သော် လောလောဆယ်တွင် ထိုလူအိုကြီးကို အသက်ချမ်းသာပေးထားခြင်းမှာ လင်းယွမ်အတွက် အသုံးဝင်နေသေးသဖြင့် သူသည် တိုက်ရိုက်သတ်ရန် အစီအစဉ်မရှိချေ။ တစ်ဖက်တွင်လည်း လင်းယွမ်သည် ယွမ်ယွမ်၏ ဘဝထဲသို့ စတင်ဝင်ရောက်လာချိန်တွင် သူမ၏ရှေ့၌ သူမ၏ဆရာကို သတ်ပစ်ရန်မှာ အခြေအနေအရ မသင့်တော်ပေ။ အခြားတစ်ဖက်တွင်လည်း လင်းယွမ်သည် ထိုလူအိုကြီးကို အသုံးချ၍ ဝိညာဉ်နန်းတော်၏ သဲလွန်စများကို ရှာဖွေရန် စီစဉ်ထားခြင်းဖြစ်သည်။
ဒါပေမဲ့ မသတ်ရင်တောင် ဒီလူအိုကြီးကို ဒုက္ခိတဖြစ်အောင်တော့ လုပ်လို့ရတယ် မဟုတ်လား ဤသို့တွေးလိုက်သောအခါ လင်းယွမ်၏ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာတစ်ခု ပေါ်လာတော့သည်။
"ကောင်လေး... မင်း သေရတော့မယ်"
လင်းယွမ်က သူ့ကို အလေးမထားသကဲ့သို့ ပြုမူနေသည်ကို မြင်သောအခါ ယွမ်ရှန်းသည် သူ၏ သတ်ဖြတ်လိုစိတ်ကို မထိန်းနိုင်တော့ဘဲ ပထမဆုံး တိုက်ခိုက်မှုကို စတင်လိုက်သည်။ ပြာလဲ့လဲ့ရောင် ဝတ်ရုံမှာ စိမ်းပြာရောင် ကြိုးများကဲ့သို့ ဖြစ်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့်အတူ လင်းယွမ်ထံသို့ တစ်ခဏအတွင်း ပြေးဝင်သွားတော့သည်။
ဤသည်ကို မြင်သောအခါ လူတိုင်းသည် ဟင်းလင်းပြင်ရှိ ထိုလူနှစ်ဦးကို စူးစိုက်ကြည့်နေကြပြီး အသေးစိတ်အချက်အလက် တစ်ခုကိုမျှ လွဲချော်မည်ကို စိုးရိမ်နေကြသည်။ သူတို့အားလုံး သိချင်နေသည်မှာ ဤလူငယ်နှင့် လူအိုကြီးတို့၏ ထိပ်တိုက်ရင်ဆိုင်မှုတွင် မည်သူက ပို၍ သန်မာမည်နည်း ဟူသောအချက်ပင် ဖြစ်သည်။