အခန်း ၆၇ မင်းတို့ကို ခွေးရိုက်တုတ်သိုင်း ပြရတာပေါ့
"ဟွန်း"
ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာချိန်တွင် လင်းယွမ် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူသည် ပတ်ပတ်လည်ရှိ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ နာမည်ကျော် ကျွမ်းကျင်သူ အများအပြားနှင့် ရင်ဆိုင်နေရသော်လည်း သူ၏ အမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိချေ။
သို့သော် ယွမ်ယွမ်မှာမူ ဤမြင်ကွင်းကို ကြည့်ရင်း စိုးရိမ်စိတ်ကြောင့် ရင်ထဲတွင် တင်းကျပ်သွားရသည်။ လင်းယွမ်နှင့် ထိုသို့ အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုခဲ့ပြီးကတည်းက သူမကိုယ်သူမပင် မသိလိုက်ဘဲ လင်းယွမ်အပေါ် ထားရှိသော ခံစားချက်များမှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အမျိုးသမီးများသည် မိမိတို့၏ အပျိုစင်ဘဝကို ရယူခဲ့သော အမျိုးသားကို မည်သည့်အခါမျှ မေ့ပျောက်နိုင်ကြသည်မဟုတ်ပေ။
လင်းယွမ်မှာ တိုက်ပွဲဝင်ဘိုးဘေး တစ်ဦးဖြစ်ပြီး အလွန်အစွမ်းထက်ကြောင်း သူမ သိရှိထားသော်လည်း ယခု ဤနေရာသို့ ရောက်ရှိနေသူများမှာ ဂါမာအင်ပါယာကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့သည့် အင်အားကြီး ပုဂ္ဂိုလ်များဖြစ်ကြသည်။
ဆေးဘုရင် ဂူဟယ် မှာ ကြယ်ကိုးပွင့် တိုက်ပွဲဝင်ဘုရင် အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး အဆင့် ၆ ဆေးဆရာ လည်း ဖြစ်ရာ ပြင်းထန်သော ဝိညာဉ်အင်အားကို ပိုင်ဆိုင်ထားသဖြင့် တိုက်ပွဲဝင်ဧကရာဇ် အဆင့် ကျွမ်းကျင်သူနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်သည်။
ဆေးဆရာအသင်း ဥက္ကဋ္ဌ ဖာမားမှာမူ စစ်မှန်သော တိုက်ပွဲဝင်ဧကရာဇ် အဆင့် အစွမ်းထက်သူဖြစ်သည်။ သူမ သူမ၏ဆရာနှင့် ထိုမိစ္ဆာအိုကြီး ကျားရှင်းထျန်တို့မှာ ခေတ်ပြိုင် အထွတ်အထိပ် ပုဂ္ဂိုလ်များပင် ဖြစ်သည်။
ဆေးဆရာအသင်းမှ ကျွမ်းကျင်သူ အများအပြား ဝိုင်းရံထားသည့်ကြားတွင် လင်းယွမ်သည် တိုက်ပွဲဝင်ဘိုးဘေး အဆင့်သို့ ရောက်ရှိနေသော်လည်း ဤတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ပါ့မလားဟု ယွမ်ယွမ်က စိုးရိမ်နေခြင်းဖြစ်သည်။
ခဏအတွင်းမှာပင် ယွမ်ရှန်းမှလွဲ၍ အခြားသူအားလုံးမှာ ကျောပြင်မှ တောင်ပံများ ဖြန့်ကားလိုက်ကြပြီး လင်းယွမ်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။ လူတိုင်း၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ရှိနေပြီး ကိုယ်စီ ရည်မှန်းချက်များ ရှိနေကြသည်။
လူတိုင်းက လင်းယွမ်ကို ပထမဆုံး ကိုင်တွယ်သူဖြစ်ရန်နှင့် သူ၏လက်ထဲမှ ဆန်းကြယ်မီးတောက်ကို ရယူရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ဆန်းကြယ်မီးတောက်ကို ရရှိလိုက်သည်နှင့် သူတို့၏ အစွမ်းမှာ အဆမတန် တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထို့ကြောင့် ဂူဟယ် ဖာမားနှင့် အခြားသူများသည် လက်တွန့်ခြင်းမရှိဘဲ သူတို့၏ အပြင်းထန်ဆုံး တိုက်ကွက်များကို ချက်ချင်းပင် ထုတ်ဖော်လိုက်ကြတော့သည်။
ဗုန်း ဗုန်း ဗုန်း
ပြင်းထန်လှသော တိုက်ပွဲကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာပင် တုန်ခါသွားရပြီး ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ တစ်ခဏအတွင်း တစ်ကမ္ဘာလုံးမှာ ချီ အရှိန်အဝါများ လွှမ်းခြုံထားသော သမုဒ္ဒရာကြီးအလား ဖြစ်သွားတော့သည်။
"အရှင်သခင်... ကျွန်တော့်ကို လွှတ်ပေးပါ"
ဒေါသများ ရင်ထဲမှာ ပြည့်နေသော်လည်း ထွက်ပေါက်မရှိဖြစ်နေသော ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်သည် လူအုပ်ကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ တိုက်ခိုက်ရန် အားခဲလိုက်သည်။ မှော်သားရဲတစ်ကောင်၏ ပင်ကိုယ်အားသာချက်ဖြင့် တိုက်ပွဲဝင်ဘိုးဘေးဖြစ်သော ယွမ်ရှန်းသာ ဝင်မပါပါက အခြားသူများ၏ တိုက်ခိုက်မှုကို သူ ကြံ့ကြံ့ခံနိုင်မည်ဟု ယုံကြည်နေသည်။
"အနောက်မှာပဲ သွားရပ်နေစမ်း ဒီနေ့ မင်းရဲ့အရှင်သခင်က ခွေးရိုက်တုတ်သိုင်း ရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ပြသရမှာပေါ့"
ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင် ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်စဉ်မှာပင် လင်းယွမ်က သူ့ကို တားဆီးလိုက်သည်။ ချက်ချင်းဆိုသလိုပင် လင်းယွမ်၏လက်ထဲ၌ သစ်ကိုင်းခြောက်လေးတစ်ခုမှာ မှော်ဆန်စွာ ပေါ်လာတော့သည်။ လင်းယွမ်က မျက်လုံးကို အနည်းငယ်မှေးလိုက်ပြီး သစ်ကိုင်းလေးဖြင့် သူ၏ လက်ဖဝါးကို ခပ်ဖွဖွပုတ်ကာ တိုက်ခိုက်မှုများကို တည်ငြိမ်စွာ စောင့်ဆိုင်းနေလိုက်သည်။
ဖာမားမှာ လူအားလုံးထဲတွင် လင်းယွမ်နှင့် အနီးဆုံးသို့ ရောက်ရှိနေသူဖြစ်သည်။ သူသည် မူလကပင် တိုက်ပွဲဝင်ဧကရာဇ် ကျွမ်းကျင်သူဖြစ်ပြီး အဆင့် ၅ အထွတ်အထိပ်သို့ ရောက်နေသူဖြစ်သည်။ ဆေးဆရာတစ်ဦးဖြစ်သော်လည်း သူ၏အရှိန်မှာ အခြားသော ဆေးဆရာအားလုံးထက် ပိုမိုမြန်ဆန်သည်။
လင်းယွမ်နှင့် နီးကပ်လာသည်ကို မြင်သောအခါ ဖာမား၏ မျက်လုံးများထဲ၌ ဝမ်းသာရိပ်များ လက်ခနဲ ပေါ်လာသည်။ သူ၏ စိတ်ထဲတွင် လင်းယွမ်မှာ အလွန်ငယ်ရွယ်သေးသဖြင့် ပါရမီဘယ်လောက်ပင် ကောင်းပါစေ ဘယ်လောက်အထိ အစွမ်းထက်နိုင်ပါမည်နည်းဟု တွေးနေမိသည်။ သူသည် တိုက်ပွဲဝင်ဧကရာဇ် နယ်ပယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ဝါရင့် ကျွမ်းကျင်သူဖြစ်ရာ သူ၏ တိုက်ခိုက်မှုအပေါ် လုံးဝ ယုံကြည်မှု ရှိနေသည်။
သို့သော် သူ နားမလည်နိုင်သည်မှာ ဤလူငယ်သည် ထွက်ပြေးရမည့်အစား သစ်ကိုင်းခြောက်လေးတစ်ခုကို ကိုင်ပြီး ဘာလုပ်နေသနည်း ဟူသောအချက်ပင်။
"ဒီသစ်ကိုင်းက များ ထူးကဲလက်နက်တစ်ခုလား"
ဖာမားမှာ အနည်းငယ် အံ့သြသွားသော်လည်း သေချာစွာ အာရုံခံကြည့်ပြီးနောက် သူ၏ သံသယမှာ ပိုမို နက်ရှိုင်းသွားသည်။ ၎င်းမှာ ဂါမာအင်ပါယာရှိ လူများ ထင်းအဖြစ် အသုံးပြုလေ့ရှိသော သာမန် သစ်ကိုင်းခြောက်လေးတစ်ခုသာ ဖြစ်နေသောကြောင့်ပင်။
"ထားလိုက်ပါတော့... မင်းမှာ ဘယ်လို အစီအစဉ်ပဲရှိရှိ ငါ့ရဲ့ ခွန်အားနဲ့ အကုန် ချိုးနှိမ်ပစ်မယ်"
ဖာမားသည် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏လက်များထဲမှ ချီစွမ်းအင်များကို ရုတ်တရက် မြှင့်တင်လိုက်သည်။
ဝှူး
ပြောသည့်အတိုင်းပင် ဖာမား၏ တိုက်ကွက်မှာ လင်းယွမ်၏ ရင်ဘတ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ရင်ဘတ်ကို ဖောက်ထွက်ရန် ဆံခြည်မျှင်အကွာအဝေးသာ လိုတော့သည်။ လင်းယွမ်မှာမူ ကြောက်လန့်၍ တောင့်တင်းသွားသည့်အလား မည်သည့် ခုခံမှုမျှ မပြုလုပ်ဘဲ ရပ်နေဆဲဖြစ်သည်။
ဤသည်ကို မြင်သောအခါ ဖာမား၏နောက်မှ ဂူဟယ်နှင့် အခြားသူများသည် ထိုမြေခွေးအိုကြီးကို စိတ်ထဲမှ ဆဲရေးလိုက်ကြသည်။ ထိုမြေခွေးအိုကြီးမှာ မျှော်လင့်ထားသည့်အတိုင်း အလွန်ပါးနပ်လှသည်။ သူက ပထမဆုံး ပြေးဝင်သွားပြီး ဆန်းကြယ်မီးတောက်ကို အမြန်ဆုံး လုယူရန် ကြံစည်နေခြင်းပင်။ သို့သော်လည်း သူတို့မှာ ဘာမှ မတတ်နိုင်ချေ။ ထိုလူအိုကြီးက အမြန်ဆုံး ဖြစ်နေသည်ကိုး။
ယွမ်ရှန်းမှာ မျက်မှောင်ကြုတ်လျက် ကွင်းအတွင်းရှိ အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေသည်။ သူ၏ စိတ်ထဲတွင် လင်းယွမ်သည် အဆင့် ၆ မှော်သားရဲဖြစ်သော ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်ကို အညံ့ခံခိုင်းနိုင်သည်ဆိုလျှင် အစွမ်းအစ အတန်အသင့် ရှိရမည်ဟု တွေးနေသည်။ အနည်းဆုံးတော့ ထိုခေါင်းမာလှသည့် သားရဲကြီးကို နှိမ်နင်းရန် တိုက်ပွဲဝင်ဧကရာဇ် အထွတ်အထိပ် အဆင့် ကျင့်ကြံမှု လိုအပ်သည် မဟုတ်ပါလား။
သူ ချက်ချင်း ဝင်မတိုက်ရခြင်းမှာ ဖာမားနှင့် အဖွဲ့ကို သုံး၍ လင်းယွမ်၏ အစွမ်းကို စမ်းသပ်လိုသောကြောင့် ဖြစ်သည်။ ရန်သူကို သိမှ အောင်ပွဲရမည်ဖြစ်ရာ ယွမ်ရှန်းသည် မနိုင်မည့်ပွဲကို မနွှဲချင်ပေ။
သို့သော် ဖာမား၏ ဓားချက်က လင်းယွမ်၏ရင်ဘတ်ကို ထိုးဖောက်တော့မည့် အချိန်အထိ လင်းယွမ်က ဘာတုံ့ပြန်မှုမျှ မရှိသေးချေ။ ဤသည်မှာ ယွမ်ရှန်းအား "ငါ ခန့်မှန်းတာ မှားသွားတာလား" ဟု တွေးတောမိစေသည်။
"နေဦး တစ်ခုခုတော့ မှားနေပြီ"
ရုတ်တရက် ယွမ်ရှန်းသည် လင်းယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို စူးစူးရှရှ သတိပြုမိလိုက်သည်။ သူ သေချ မြင်လိုက်ရသည်မှာ အထင်သေးမှု ပင် ဖြစ်သည်။
ဖာမား၏ ပြင်းထန်လှသော ချီစွမ်းအင်မှာ လင်းယွမ်၏ ရင်ဘတ်နှင့် ၀.၀၀၁ မီလီမီတာသာ ကွာတော့သည့် အချိန်တွင် သူ လှုပ်ရှားလိုက်သည်။ လင်းယွမ်၏ ခန္ဓာကိုယ်မှာ ထူးဆန်းသော ပုံစံဖြင့် ဘေးသို့ အနည်းငယ် ယိုင်လိုက်ရာ ဖာမား၏ တိုက်ကွက်ကို အတိအကျ ရှောင်တိမ်းသွားတော့သည်။
"ဘာ"
ဖာမား၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ရုတ်တရက် ပြူးကျယ်သွားရသည်။ သူ ယုံကြည်ချက် အပြည့်ဖြင့် တိုက်ခိုက်လိုက်သော တိုက်ကွက်မှာ ထိုလူငယ်၏ အဝတ်စကိုပင် မထိနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သူ ဘာလုပ်မလို့လဲ
ဖာမား သတိမမူမိခင်မှာပင် လင်းယွမ်က သူ့ကို ကြည့်ကာ ပြုံးပြလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် သစ်ကိုင်းကို ကိုင်ထားသော လက်ကို မြှောက်လိုက်ပြီး လူတိုင်းကို အံ့အားသင့်သွားစေလျက် ဖာမား၏ ပါးကို သစ်ကိုင်းဖြင့် အားပါပါ ရိုက်ချလိုက်တော့သည်။
"ခွေးဆိုးကို ရိုက်စမ်း"
လင်းယွမ်က အကျယ်ကြီး အော်ဟစ်လိုက်ပြီး သစ်ကိုင်းမှာ လျင်မြန်စွာ ကျရောက်သွားသည်။
ဖြန်း
အား
ကြည်လင်လှသော အသံနှင့်အတူ နာကျင်စွာ အော်ဟစ်သံမှာ လူတိုင်း၏ နားထဲသို့ ရုတ်တရက် တိုးဝင်လာသည်။ ချက်ချင်းဆိုသလိုပင် လင်းယွမ်၏ ခန္ဓာကိုယ်မှာ ရပ်တန့်မသွားဘဲ ဟင်းလင်းပြင်တွင် လျင်မြန်စွာ ကူးခတ်နေသော နဂါးတစ်ကောင်အလား လူအုပ်ထဲသို့ တိုးဝင်သွားတော့သည်။
ဖြန်း ဖြန်း ဖြန်း ဖြန်း
အသံများမှာ ဆက်တိုက် ထွက်ပေါ်လာပြီး ဂူဟယ်နှင့် အခြားသူများ သတိမမူမိခင်မှာပင် လူတိုင်းမှာ လင်းယွမ်၏ သစ်ကိုင်းရိုက်ချက်ကို ခံလိုက်ရသည်။
"အား"
"အူးဝူး"
"အရမ်းနာတာပဲ"
"ဘုရားရေ"
လူအုပ်ထဲမှ နာကျင်စွာ အော်ဟစ်သံများမှာ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေတော့သည်။ လင်းယွမ်မှာ အင်အားအများကြီး မသုံးခဲ့ဘဲ သစ်ကိုင်းကို နှင်တံတစ်ခုကဲ့သို့ အသုံးပြုကာ လူတိုင်းကို အချက်ပေါင်းများစွာ ရိုက်နှက်နေခြင်းသာ ဖြစ်သည်။
"ခွေးခေါင်းကို တုတ်နဲ့ရိုက်"
"ခွေးကျောပြင်ကို ဖြတ်ရိုက်"
"ခွေးကို ခေါင်းငုံ့ခိုင်းစမ်း"
ရိုက်ချက် တစ်ချက်တိုင်းတွင် လင်းယွမ်က စကားတစ်ခွန်း ပြောလိုက်ရာ ဖာမားနှင့် အခြားသူများမှာ နာကျင်စွာ အော်ဟစ်နေကြရသည်။ ဤသို့ဖြင့် သစ်ကိုင်းခြောက်လေးကို ကိုင်ဆောင်ထားသော လင်းယွမ်သည် သူ၏ အရှိန်ကို အစွမ်းကုန်မြှင့်တင်ကာ လူတိုင်းကို ရက်စက်စွာ ရိုက်နှက်နေတော့သည်။
ဖာမားနှင့် အခြားသူများမှာ မျက်စိရှေ့တွင် ဝေဝါးသွားသည်ကိုသာ ခံစားရပြီး လင်းယွမ်၏ အရိပ်ကိုပင် မမြင်ရမီမှာပင် သူတို့၏ ခန္ဓာကိုယ်ပေါ်၌ နီရဲနေသော အမှတ်အသားပေါင်းများစွာ ပေါ်လာတော့သည်။
"ဒါ ဘယ်လို မိစ္ဆာမျိုးလဲ"
ဖာမားနှင့် အခြားသူများမှာ ငိုချင်စိတ်ပင် ပေါက်နေကြပြီဖြစ်သည်။ မည်သူမျှ ပြင်းထန်သော ဒဏ်ရာ မရရှိကြသော်လည်း လင်းယွမ်၏ သစ်ကိုင်းရိုက်ချက် တစ်ချက်စီတိုင်းမှာ သူတို့အား အလွန်အမင်း နာကျင်စေရန် လုံလောက်လှပေသည်။