အခန်း ၆၆ အဆင့် ၆ ဆေးလုံးဆိုတာ မုန့်လုံးလေးလိုပါပဲ
ယွမ်ရှန်းနှင့် အခြားသူများသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သူတို့ရှေ့တွင် ဖြည်းညှင်းစွာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"အရှင်သခင်"
"ယွမ်ယွမ် "
ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်နှင့် ယွမ်ရှန်းတို့၏ နှုတ်ဖျားမှ မတူညီသော အသံနှစ်ခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ယွမ်ယွမ်ကို မြင်လိုက်ရသည့် ခဏတွင် ယွမ်ရှန်း၏ မျက်လုံးများထဲ၌ ဝမ်းသာရိပ်များ ဖြတ်ပြေးသွားသည်။ သူ၏ အမြင်တွင် ယွမ်ယွမ် ဤနေရာသို့ ပေါ်လာပြီဆိုလျှင် သူမသည် ဆန်းကြယ်မီးတောက်ကို အသေအချာ ရရှိထားပြီးဖြစ်ရမည်။
အခြားသူများလည်း ယွမ်ရှန်းကဲ့သို့ပင် ဆန်းကြယ်မီးတောက်ကို ယွမ်ယွမ်က ရယူသွားပြီဟု ယူဆနေကြသည်။
လင်းယွမ် ထွက်လာပြီးနောက် သူသည် ချက်ချင်းပင် ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်ထံသို့ အာရုံရောက်သွားသည်။ ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ် ဒဏ်ရာများကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းအစုံမှာ တစ်ခဏအတွင်း အေးစက်ခက်ထန်သွားတော့သည်။
ချက်ချင်းပင် လင်းယွမ်သည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်၏ ဘေးသို့ ပြေးသွားကာ "စီပင်... မင်း ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာလဲ"
ပြောပြောဆိုဆိုဖြင့် လင်းယွမ်သည် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး ဘာမှမစဉ်းစားဘဲ ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်၏ ပါးစပ်ထဲသို့ မုန့်ကျွေးသကဲ့သို့ ထိုးထည့်ပေးလိုက်သည်။
"အဲဒါက အဆင့် ၆ ဆေးလုံး မဟုတ်လား"
လင်းယွမ် ဆေးလုံးကို ထုတ်ယူလိုက်သည့် အခိုက်အတန့်တွင် အောက်ဘက်မှ ဂူဟယ်မှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။ သူကိုယ်တိုင်မှာ အဆင့် ၆ ဆေးဆရာတစ်ဦး ဖြစ်သဖြင့် ဆေးလုံးများအပေါ်တွင် အလွန်ထက်မြက်သော အာရုံခံစားမှု ရှိသည်။
ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်က မုန့်လုံးတစ်လုံးလို မျိုချလိုက်သော ထိုဆေးလုံးမှာ အစစ်အမှန် အဆင့် ၆ ဆေးလုံးဖြစ်ကြောင်း ဂူဟယ် ၁၀၀ ရာခိုင်နှုန်း သေချာနေသည်။
"ဘာ"
ဂူဟယ်၏ စကားအဆုံးတွင် ဆေးဆရာအသင်း မှ ဖာမား နှင့် အခြားသော ဆေးဆရာအုပ်စုမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
"ဆေးဘုရင်... ခင်ဗျား သေချာမြင်လိုက်ရဲ့လား အဲဒီလူငယ်က ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်ကို ကျွေးလိုက်တာ တကယ်ပဲ အဆင့် ၆ ဆေးလုံးလား" ဖာမားသည် တည်ကြည်သော အမူအရာဖြင့် ဂူဟယ်အနီးသို့ လျှောက်လာပြီး မသေချာသကဲ့သို့ ထပ်မံမေးမြန်းလိုက်သည်။
"ကျွန်တော် သေချာပေါက် အာမခံပါတယ် အဲဒါ အဆင့် ၆ ဆေးလုံးပါပဲ"
ဖာမား၏ အသံကို ကြားသောအခါ ဂူဟယ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"ဘုရားရေ... အဲဒီလူငယ်က ဘယ်သူမို့လို့လဲ သူက အစကတည်းက အဆင့် ၆ ဆေးလုံးကို သုံးလိုက်တာလား"
"အဲဒါ အဆင့် ၆ ဆေးလုံးလေ ဂါမာအင်ပါယာတစ်ခုလုံးမှာတောင် လက်ချိုးရေလို့ရတဲ့ အရာကို သူက မှော်သားရဲတစ်ကောင်ကို ကျွေးလိုက်တာလား"
"ဘယ်လောက်တောင် ဖြုန်းတီးလိုက်သလဲ ငါသာ အဲဒီအဆင့် ၆ ဆေးလုံးကို ရရင် သုံးရက်မပြည့်ခင်မှာတင် တိုက်ပွဲဝင်ဘုရင်အဆင့်ကို သေချာပေါက် ချိုးဖျက်ဝင်ရောက်နိုင်တယ်"
"နှမြောစရာကြီးဗျာ"
အောက်ဘက်မှ တိုးတိုးတိတ်တိတ် ပြောဆိုသံတိုင်းကို လင်းယွမ် ကြားနေရသည်။ သို့သော် သူသည် မျက်တောင်တစ်ချက်ပင် မခတ်ချေ။ ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင် ဆေးလုံးကို မျိုချပြီးနောက် လင်းယွမ်သည် သူ၏အတွင်းချီများကို အလျင်အမြန် လှည့်ပတ်ကာ သားရဲကြီးအတွက် ဆေးစွမ်းများကို ချေဖျက်ပေးလိုက်သည်။
မှော်သားရဲများသည် လူသားများနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံ ကွဲပြားသဖြင့် ဆေးလုံး၏ ဆေးစွမ်းများကို ကိုယ်တိုင် မစုပ်ယူနိုင်ကြချေ။ ထို့ကြောင့် လင်းယွမ်သည် သူ၏ ကိုယ်ပိုင်စွမ်းအင်ကို အသုံးပြု၍ ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်အား ဆေးစွမ်းများ ချေဖျက်စုပ်ယူနိုင်ရန် ကူညီပေးနေခြင်းဖြစ်သည်။
လင်းယွမ်သည် ဆေးဆရာအသင်းနှင့် ထိုတောသားတစ်သိုက်၏ အံ့အားသင့်မှုကို အထင်သေးရုံသာ ရှိသည်။ အဆင့် ၆ ဆေးလုံးက အမှန်တကယ်ပဲ အဲဒီလောက် အဖိုးတန်နေလို့လား သူ၏ သိုလှောင်လက်စွပ်ထဲတွင် ထိုကဲ့သို့သော ဆေးလုံးပေါင်း ရာနှင့်ချီ၍ ရှိနေသည်။
အခြားသူများက အဖိုးမဖြတ်နိုင်သော ရတနာဟု သတ်မှတ်ထားသည့် အဆင့် ၆ ဆေးလုံးမှာ လင်းယွမ်အတွက်မူ မုန့်လုံးလေးထက် မပိုချေ သူ အလိုရှိသလောက် ရရှိနိုင်သည်။ ခဏကြာပြီးနောက် ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်သည် ဆေးစွမ်းအားလုံးကို စုပ်ယူနိုင်ခဲ့ပြီး သူမ၏ ဒဏ်ရာများမှာလည်း စတင်ကျက်လာတော့သည်။
"ကျေးဇူးတင်ပါတယ် အရှင်သခင်။ ကျွန်မ အခု အဆင်ပြေသွားပါပြီ"
ဤအခိုက်အတန့်တွင် ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်၏ သားရဲမျက်လုံးများမှာ နောက်ဆုံး၌ အသက်ဝင်လာပြီး သူမ၏ အသက်ရှူနှုန်းမှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားသည်။
"ငါ့ကိုပြောပြစမ်း ဘာဖြစ်ခဲ့တာလဲ ဘယ်သူက မင်းကို ဒီလိုဖြစ်အောင် လုပ်လိုက်တာလဲ"
လင်းယွမ်သည် လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မည်သို့မျှ ဖုံးကွယ်ထားခြင်းမရှိသော ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လိုက်သည်။ ယခုအခါ သူသည် ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်၏ အရှင်သခင်ဖြစ်ပြီး သူနှင့် ကတိပြုထားသော မှော်သားရဲကို ဤကဲ့သို့ အခြေအနေဖြစ်အောင် လုပ်သူအား လင်းယွမ်အနေဖြင့် သဘာဝအတိုင်း လွှတ်ပေးမည်မဟုတ်ပေ။
"ဟွန်း"
လင်းယွမ်၏ စကားအဆုံးတွင် ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်ထံမှလည်း ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ ချက်ချင်းဆိုသလိုပင် သူမသည် လင်းယွမ်အား ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို စတင်ပြောပြတော့သည်။
…
"ယွမ်ယွမ်... ဆန်းကြယ်မီးတောက်ကို မင်းရဲ့ဆရာ့ဆီ မြန်မြန်ပေးလိုက်စမ်း။"
ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်က လင်းယွမ်အား အဖြစ်အပျက်များကို ပြောပြနေစဉ်မှာပင် ယွမ်ရှန်းသည် ယွမ်ယွမ်၏ ဘေးသို့ အလျင်အမြန် ရောက်ရှိလာပြီး ဆန်းကြယ်မီးတောက်ကို စတင်တောင်းဆိုတော့သည်။
ထိုစကားကို ကြားသောအခါ ယွမ်ယွမ်သည် လင်းယွမ်ကို ခိုးကြည့်လိုက်ပြီးနောက် အနည်းငယ် အခက်တွေ့နေသော အမူအရာဖြင့် "ဆရာ... ဆန်းကြယ်မီးတောက်က... ဆန်းကြယ်မီးတောက်က ကျွန်မဆီမှာ မရှိဘူး"
"ဘာ"
ထိုစကားကြောင့် ယွမ်ရှန်း၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။ "မင်း ဆန်းကြယ်မီးတောက်ကို မရခဲ့ဘူးလား အဲဒါ အခု ဘယ်မှာလဲ"
သူမ၏ တိုက်ပွဲဝင်ဧကရာဇ် အဆင့် ခွန်အားနှင့်ပင် ယွမ်ယွမ် ကျရှုံးခဲ့လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
"ဆန်းကြယ်မီးတောက်က..."
ခဏမျှ ယွမ်ယွမ်သည် မည်သို့ စတင်ပြောရမှန်း မသိဖြစ်နေသည်။
"မြန်မြန်ပြောစမ်း ဆန်းကြယ်မီးတောက်က ဘယ်ရောက်သွားတာလဲ"
ယွမ်ယွမ်၏ တွန့်ဆုတ်နေသော ပုံစံကို မြင်လိုက်ရသောအခါ ယွမ်ရှန်းသည် ချက်ချင်းပင် ဒေါသထွက်လာပြီး အော်ဟစ်တော့သည်။
"ဆရာ... ဆရာက..."
သူမ၏ဆရာကို ဤကဲ့သို့ အခြေအနေဖြင့် မြင်လိုက်ရသောအခါ ယွမ်ယွမ်၏ လှပသော မျက်နှာလေးမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ တစ်ချိန်က ကြင်နာပြီး နူးညံ့ခဲ့သော သူမ၏ဆရာက ယခုအခါ သူမအပေါ် ဤသို့ ဆက်ဆံလိမ့်မည်ဟု သူမ မယုံကြည်နိုင်ဖြစ်နေသည်။
ဆရာဖြစ်သူ အနားယူကျင့်ကြံခြင်းမဝင်မီက သူမကို အလွန်ချစ်မြတ်နိုးခဲ့ပြီး သူမအပေါ် တစ်ခါမျှ အသံမြှင့်၍ မပြောခဲ့ဖူးသည်ကို သိထားသင့်သည်။ သို့သော် ယခုမူ သူမ၏ဆရာက သူမကို အော်ဟစ်နေသဖြင့် ယွမ်ယွမ်မှာ ပြောမပြတတ်အောင် စိတ်မသက်မသာ ဖြစ်သွားရသည်။
"ငါ ဘာစကားမပြောချင်တော့ဘူး။ ဆန်းကြယ်မီးတောက် ဘယ်မှာလဲဆိုတာ ခုချက်ချင်းပြော" ယွမ်ရှန်းသည် ယွမ်ယွမ်၏ ခံစားချက်ကို လုံးဝ ဂရုမစိုက်တော့ချေ သူ၏ အတွေးအားလုံးမှာ ဆန်းကြယ်မီးတောက် ရှိရာဆီသို့သာ အာရုံရောက်နေသည်။
"ခွေးအိုကြီး... မင်းပါးစပ်ကို ပိတ်ထားစမ်း"
ဤအချိန်တွင် လင်းယွမ်သည် ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင်ထံမှ သူ မရှိခိုက် ဖြစ်ပျက်ခဲ့သမျှကို သိရှိသွားပြီဖြစ်သည်။ သို့သော် သူ မလှုပ်ရှားမီမှာပင် ယွမ်ရှန်းက ယွမ်ယွမ်ကို အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။
လင်းယွမ်မှာ ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။ မည်သို့ပင်ဆိုစေကာမူ ယွမ်ယွမ်မှာ ယခုအခါ သူ၏ မိန်းမဖြစ်နေပြီဖြစ်ရာ လင်းယွမ်အနေဖြင့် သူ၏မိန်းမ ဒုက္ခရောက်နေသည်ကို မည်သို့ ကြည့်နေနိုင်ပါမည်နည်း ထို့ပြင် ယွမ်ရှန်းသည် သူနှင့် ကတိပြုထားသော မှော်သားရဲကို သတ်ရန် ကြိုးပမ်းခဲ့သူဖြစ်ရာ လင်းယွမ်သည် ထိုလူအိုကြီးအပေါ် မည်သည့် ကြင်နာမှုမျှ ထားရှိမည်မဟုတ်ပေ။
"ကောင်လေး... မင်း ငါ့ကို ဒီလို စော်ကားရဲတယ်ပေါ့ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"
ယွမ်ရှန်းသည် လင်းယွမ်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သွားပြီး လင်းယွမ်ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
"ဟွန်း... ခွေးအိုကြီး မင်းတောင် အသက်ရှင်နေသေးတာပဲ ငါက ဘာလို့ ငြီးငွေ့ရမှာလဲ"
လင်းယွမ်က လှောင်ပြုံးပြုံးလိုက်ပြီး "မင်းက ဆန်းကြယ်မီးတောက်ကို လိုချင်နေတာ မဟုတ်လား ဒါကို ကြည့်လိုက်စမ်း။"
သူ့စကားအဆုံးတွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရုတ်တရက် ပျံ့နှံ့သွားပြီး သားရဲတစ်သောင်း ဝိညာဉ်မီးတောက်မှာ လင်းယွမ်၏ လက်ဖဝါးထဲတွင် ချက်ချင်း ပေါ်လာတော့သည်။
"ဆန်းကြယ်မီးတောက်"
လင်းယွမ်က ထိုမီးတောက်ကို ထုတ်ပြလိုက်သောအခါ ဂူဟယ်အပါအဝင် ဆေးဆရာအသင်းမှ လူတိုင်းသည် သူတို့၏ လောဘစိတ်ကို မဖုံးကွယ်နိုင်ကြတော့ချေ။
"ကောင်လေး... ဆန်းကြယ်မီးတောက်ကို အခုချက်ချင်းပေးစမ်း မဟုတ်ရင် မင်းကို ဒီနေ့ ငါ သတ်ပစ်မယ်" ယခုအခါ ယွမ်ရှန်း၏ အမူအရာမှာ ချက်ချင်းပင် ရက်စက်သွားပြီး သူ၏ အစွမ်းထက်လှသောချီများဖြင့် လင်းယွမ်ကို သတ်ဖြတ်ကာ လုယူရန် ချက်ချင်း ပစ်မှတ်ထားလိုက်တော့သည်။
တစ်ခဏအတွင်းမှာပင် ယွမ်ယွမ်မှလွဲ၍ လူတိုင်းသည် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြပြီး သူ၏လက်ထဲမှ မီးတောက်ကို စူးစိုက်ကြည့်နေကြသည်။
"အော်... ဒါက ပေါ်ပေါ်ထင်ထင် လုယူတာပေါ့လေ"
ပြင်းထန်သော အရှိန်အဝါများဖြင့် ပိတ်ဆို့ခံထားရသော်လည်း လင်းယွမ်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိချေ။
သူသည် သားရဲတစ်သောင်း ဝိညာဉ်မီးတောက်ရှိသော သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး လှောင်ပြောင်သရော်သော အပြုံးဖြင့် "ဆန်းကြယ်မီးတောက်က ဒီမှာပဲရှိတယ်။ မင်းတို့မှာ သတ္တိရှိရင် လာလုကြည့်လေ"
ဗုန်း ဗုန်း ဗုန်း
လင်းယွမ်၏ စကားအဆုံးတွင် ရောင်စုံချီများမှာ ကောင်းကင်ယံသို့ တစ်ခဏအတွင်း အရှိန်အဟုန်ဖြင့် ထိုးတက်သွားတော့သည်။